သတင်း

ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းအားလုံး ပိတ်သိမ်းတော့မည်

Want create site? Find Free WordPress Themes and plugins.

လူလုပ်သည့် ဘေးအန္တရာယ် ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် ဖွင့်လှစ်ထားသော ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်စခန်းအားလုံး ပိတ်သိမ်းရန် အစိုးရက မူဝါဒ ချမှတ်လိုက်ပြီ ဖြစ်သောကြောင့် မကြာမီ အချိန်ကာလအတွင်း ယင်းလုပ်ငန်းများ ပြီးစီး သွားလိ့မ်မည်ဟု မျှော်လင့်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။

ယနေ့ နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် ၄ ကြိမ်မြောက် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

“၂၀၁၂ ကတည်းက ကြာရှည်ခဲ့တဲ့ စခန်းများအားလုံး ပိတ်သိမ်းရေး ပထမ ဦးစားပေး ဖြစ်ပါတယ်။ ပြည်နယ်အစိုးရ အဖွဲ့နဲ့ လည်း ဆွေးနွေးပြီး ဖြစ်ပါတယ်။ စခန်းအားလုံး ပိတ်သိမ်းနိုင်ရေး စီမံချက်ချ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အလျင်အမြန်နဲ့ လုပ်ငန်းစဉ် ဆက်တိုက်ဆောင်ရွက်ရင် ပြီးသင့်တဲ့အချိန်မှာ ပြီးသွားမယ်လို့ ပြောလိုပါတယ်”ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဒုက္ခသည်စခန်းပေါင်း ၁၆ ခု၊ လူဦးရေ ၅ ထောင်ဝန်းကျင် ရှိရာ ဒုက္ခသည်များ၏ သဘောတူညီချက်ဖြင့် စခန်းများ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကြာမီအချိန်တွင် မြေပုံမြို့နယ်ရှိ ဒုက္ခသည်စခန်းတခုကို စတင်ပိတ်သိမ်းနိုင်တော့မည် ဖြစ်ကြောင်း၊ ဆက်လက်၍ စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းများပါ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက မီဒီယာများသို့ ပြောသည်။

“IDP စခန်းတွေ အားလုံး ပိတ်သိမ်းရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာ။ တော်တော်လည်း ခရီးပေါက်နေပါပြီ။ ပြောင်းရွေ့ဖို့ အတွက်ကိုလည်း သူတို့သဘောတူမှ လုပ်မှာပါ။ သူတို့သဘောမတူဘဲနဲ့ ကျနော်တို့ အတင်း အဓမ္မ လုပ်တာမျိုး မလုပ်ပါဘူး။ လက်ရှိ အခြေအနေထက်ပိုပြီးတော့ ကောင်းမွန်တဲ့ ပုံစံမျိုးထားပြီး လုပ်နေတာ”ဟု ၎င်းက ပြောသည်။

လက်ရှိ အချိန်တွင် ပြည်တွင်း၊ ပြည်ပက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်များ ပြန်လည် လက်ခံရေးကိုသာ အာရုံစိုက်နေချိန်တွင် ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း ရှိနေကြောင်း၊ ယခင်က ယခု စခန်းများ ပိတ်သိမ်းနိုင်ရေး ပြောရုံဖြင့် ဝေဖန်မှုများစွာ ရင်ဆိုင်ရ၍ အလုပ်မဖြစ်ခဲ့ကြောင်း အစည်းအဝေးတွင် ရခိုင် ဝန်ကြီးချုပ်က ပြောသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ဒီ IDP စခန်းတွေ ပိတ်တာက ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာအတိုင်း လုပ်နေကြတာ။ ၂၀၁၂ ကတည်းက ရှိနေတာတွေ ဆိုတော့ ဘယ်လို လုပ်မလဲ။ တခုပဲ ဒီစခန်းတွေကို ပိတ်ပြီးရင် အဲဒီလူတွေကို ဘယ်မှာ နေရာချမလဲဆိုတာ အရေးကြီးတယ်။ အဲဒါကို ပွင့်လင်းမြင်သာမှု ရှိစွာ ချပြပေးရမယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဒုက္ခသည်စခန်းများ ပိတ်သိမ်းရာတွင် ရမ်းဗြဲမှ ဒုက္ခသည်စခန်းတခုကို ပိတ်သိမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယခု မြေပုံတွင်လည်း ပြောင်းရွေ့ ပေးရန် အဆင်သင့်ဖြစ်နေပြီး ကျောက်တော်မြို့ရှိ နိတင်စခန်းကိုလည်း ပြောင်းရွေ့နိုင်ရန် မြေကြီးများ ဝယ်ယူပြီး ဖြစ်၍ အကွက်များ ရိုက်ထားကြောင်း၊ စစ်တွေနှင့် ပေါက်တောတွင်လည်း အစီအစဉ်များ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

“IDP စခန်းတွေ ပိတ်သိမ်းပြီးသွားရင် အဲဒီမှာရှိနေကြတဲ့သူတို့ကို လုံးချင်းအိမ်တွေနဲ့လုပ်ပေးမှာ။ အခု မြေပုံဆိုရင် အိမ်ထောင်စု ၆၄၂ စုရှိတာပေါ့။ အဲဒါ သူတို့အတွက် ကျနော်တို့ အိမ်တွေဆောက်နေပြီပေါ့။ အလုံး ၅၀ လောက်အဆင်သင့်ဖြစ်သွားပြီဆိုတော့ မိသားစု ၅၀ တင်လို့ရပြီပေါ့။ မိသားစု ၅၀ ဆိုလူ ၅၀၀ လောက်ကတော့ တင်လို့ရသွားမှာပါ”ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။

ရခိုင်ပြည်နယ်အတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေချိန်တွင် တည်ငြိမ်ရေးသည်လည်း အရေးကြီးကြောင်း၊ မကြာမီ ကာလက မြိုတိုင်းရင်းသူတယောက် ထပ်မံအသတ်ခံပြီး ယခုလို အဖြစ်အပျက်မျိုး မကြာခဏ ဖြစ်ပွားနေပါက နောက်ပိုင်းတွင် အလွန်ကြီးမားသည် အဖြစ်အပျက်များ မဖြစ်နိုင်ဟု မပြောနိုင်သောကြောင့် တည်ငြိမ်ရေးအတွက် လုံခြုံရေးပိုင်း အစီအမံများ ဆောင်ရွက်ရန် ဦးညီပုက အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။

“ARSA အဖွဲ့ရဲ့ ကျနော်တို့ထဲကို စိမ့်ဝင်ပြီးတော့ အမျိုးမျိုး ကြံစည်ပြီးတော့ ဆောင်ရွက်နေတဲ့ အနေအထားမျိုးတွေလည်း တွေ့နေရတယ်။ မြေပြင်မှာ တကယ်ဖြစ်နေတဲ့ အနေအထားမျိုးတွေလည်း ရှိပါတယ်။ အလှစ်အငိုက်မှာ ဘာတွေ လုပ်နိုင်သလဲ။ ဒါတွေကလည်း စိုးရိမ်မယ်ဆိုရင် စိုးရိမ်ရမယ့် ကိစ္စမျိုးတွေ ဖြစ်တဲ့အတွက် ပြန်လည် လက်ခံရေးနဲ့အတူ ဒီတည်ငြိမ်ရေး၊ လုံခြုံရေးအတွက်ကိုပါ ဆက်စပ်စဉ်းစားပြီးတော့ လုံခြုံရေးပိုင်းကလည်း အစီအမံတွေ ရေးဆွဲပြီးတော့ ဆောင်ရွက်ဖို့ လိုအပ်မယ်”၎င်းက ပြောသည်။

ထို့ပြင် ပြန်လည် လက်ခံရေး စဉ်းစားရာတွင် မွတ်ဆလင်များကိုသာမက တဖက်နိုင်ငံထဲတွင် အခြေချနေထိုင်ခဲ့သည့် ရခိုင်မျိုးနွယ်စုများ ဖြစ်သော မြို၊ ဒိုင်းနက်များမှာလည်း မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာနေ၍ လူဦးရေမှာ ၄၀၀ နီးပါး ရှိလာပြီ ဖြစ်ကြောင်း၊ ၎င်းတို့ ဘဝရပ်တည်နိုင်ရေး လုပ်ဆောင်ပေးသင့်ကြောင်း ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။

“သူတို့တွေက ကျနော်တို့ တိုင်းရင်းသား လူမျိုးတွေ ဖြစ်ပေမယ့် နိုင်ငံသား ပေးလို့ မရတဲ့ အနေအထားမျိုး ဖြစ်ပြီး အဆင့်ဆင့် လုပ်ရမယ့် အနေအထားမျိုး ရှိပါတယ်။ သူတို့ဒီမှာ ဘာတွေပြန်လုပ်ရမလဲဆိုတာလည်း မသေချာဘူး။ စိုက်ပျိုးရေးပဲ လုပ်ရတော့မလား၊ မွေးမြူရေးပဲ လုပ်ရတော့မလား ဒါတွေလည်း မသေချာဘူး”ဟု ဦးညီပုက ပြောသည်။

ဖွံ့ဖြိုးရေးဟု ပြောသည့်အခါ ကိုဖီအာနန် အစီရင်ခံစာအတိုင်း မောင်တောဒေသအတွက် သာမက ရခိုင်ပြည်နယ် တခုလုံးအတွက် မေ့ထား၍ မရကြောင်း၊ ရခိုင်ပြည်နယ်၏ အနေအထားသည် စိုက်ပျိုး မွေးမြူရေး အပြင် တဖက်တွင် ရေလုပ်ငန်း လုပ်နိုင်ကြောင်း၊ အထူးသဖြင့် ရခိုင်တောင်ပိုင်းနှင့် မြောက်ဦးဒေသကို ခရီးသွားလာရေးကဏ္ဍ တိုးချဲ့နိုင်ရေး ဆောင်ရွက်ပါက အခွင့်အလမ်းကောင်းများ ရှိနေကြောင်း ၎င်းက သုံးသပ်တင်ပြသွားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading