သတင်း

အဂတိလိုက်စားမှုဖြင့် FDA ညွှန်ချုပ်ကို အမှုဖွင့်ထား

Want create site? Find Free WordPress Themes and plugins.

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ သန်းထွဋ်ကို တင်ဒါအောင်သည့် ကုမ္ပဏီများထံမှ အဂတိလိုက်စားမှုများ ပြုလုပ်ထားသည်ဟု ဆိုကာ နေပြည်တော် ဇမ္ဗူသီရိမြို့မ ရဲစခန်း၌ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြန်ကြားရေး တာဝန်ခံ ဦးဟန်ညွှန့်က“အဂတိက တိုင်ချက်ကို စုံစမ်းစစ် ဆေးပြီး ရဲစခန်းကို တိုင်လိုက်တာ။ ရဲစခန်းမှာ အမှုဖွင့် ဆက်စစ်မှာက တရားသူကြီးက ဆက်စစ်မှာ။ နံပါတ် ၁ သည် အန်ကယ်တို့က တရားလို၊ နံပါတ်၂ သည် ရဲ။ နံပါတ် ၃သည် တရားသူကြီး အဲဒီလိုနဲ့ သွားမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ဧပြီလ၂၀ ရက် မွန်းလွဲ ၁၂ နာရီ အချိန်ခန့်၌ ဒေါက်တာ သန်းထွဋ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းက တရားလိုပြုလုပ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့် တိုင်ကြားထားခြင်း ဖြစ်သည်။

ဒေါက်တာ သန်းထွဋ်သည် FDA (နေပြည်တော်)အတွက် ဓာတ်ခွဲခန်း အဆောက်အအုံ ၂ လုံးနှင့် ပြည်နယ် နှင့် တိုင်း ဒေသကြီး ခရိုင်ရုံး ၁၂ ခုတို့ကို တင်ဒါအောင်မြင် ဆောက်လုပ်ခွင့် ရရှိခဲ့သော ရဲတိုက်မြို့တော် ကုမ္ပဏီနှင့် မိတ်ဖက် ကုမ္ပဏီများထံမှ အဂတိလိုက်စားမှုများ ပြုလုပ်ထားကြောင်း သိရှိရသည်။

အဆိုပါ ကုမ္ပဏီများကို နေပြည်တော် ရွှေကြာပင် ရပ်ကွက်တွင် တိုက်တလုံး ဆောက်လုပ်ပေးစေခြင်း၊ နေပြည်တော် ရွာသစ် ကျေးရွာတွင် ရေကူးကန်ပါ ၂ ထပ်တိုက် ၁လုံးနှင့် ခြံဝင်း ခတ်ပေးစေခြင်းများ ပြုလုပ်စေခဲ့သည်ဟု ဆိုသည်။

ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး ထပ်မံ စုံစမ်း စစ်ဆေးရာတွင် ရွှေကြာပင် ရပ်ကွက်အတွင်း ဆောက်လုပ်နေသည့် RC တထပ်နေအိမ် အတွက် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း များနှင့် နေအိမ်အတွင်း အသုံးအဆောင် ပစ္စည်းများ၊ ရွာသစ်ကျေးရွာတွင် ဆောက်လုပ်နေသည့် နှစ်ထပ်အိမ်၊ ရေကူး ကန်နှင့် အခြား ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ကျသင့်တန်ဖိုး ကျပ် သိန်း ၁၅၀၀ ဖိုးခန့်ကို လုပ်ပိုင်ခွင့် အာဏာ အလွဲ သုံးစားပြု၍ အဂတိ လိုက်စားမှုများ ပြုထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

သမ္မတ ဦးဝင်းမြင့် စတင် တာဝန်ယူချိန် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည့် အဂတိလိုက်စားမှုများကို တိုက်ဖျက် မည် ဆိုသည့်အကြောင်း အလေးပေးပြောခဲ့ခြင်းကြောင့် ယခု အမှုမှာ သမ္မတမိန့်ခွန်း အစိတ်အပိုင်း တခုကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု လူမှုကွန်ရက်ပေါ်တွင် ပြည်သူများက ပြောဆို ကြသည်။

အဂတိဖြင့် တရားစွဲဆိုခံရလိုက်ရသည့် FDA မှ ညွှန်ကြားရေးမှူးချူပ်သည် အရပ်ဘက်ဆရာဝန်မှ စစ်ဘက်ဆရာဝန် အဖြစ် စစ်ဘက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူကာ ရန်ကုန်ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်တွင် ဒုတိယ ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် မတ်လမှ စပြီး FDA တွင် ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ညွှန်ကြားရေး မှူး ချုပ်အဖြစ် ရာထူးတိုးမြှင့် ပေးအပ်ခဲ့သည်ဟု ဆိုသည်။
FDA ၌ ၃ နှစ် တာဝန် ထမ်းဆောင်နေစဉ် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။

FDA မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ကို ဇမ္ဗူသီရီမြို့မ ရဲစခန်းက (ပ) ၅၇/၂၀၁၈၊ ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ၌ နိုင်ငံရေး ရာထူး လက်ရှိဖြစ်သူမှအပ အခြား လုပ်ပိုင်ခွင့်အာဏာ ရှိသူ မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း ဦးဟန်ညွှန့်က ရှင်းပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading