သတင်း

သတင်းထောက်နှစ်ဦးအား အမှုဆင် ဖမ်းရန် ရဲမှူးချုပ် ကိုယ်တိုင် စီမံခဲ့ကြောင်း တရားလို သက်သေထွက်ဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းရှိ အင်းဒင်ကျေးရွာ လူသတ်မှု ဖော်ထုတ်သည့် ရိုက်တာ သတင်းထောက်နှစ်ဦးအား အမှုဆင်ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကိုက ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်က ယနေ့တရားခွင်တွင် ထွက်ဆိုလိုက်သည်။

ဒုရဲမှူး မိုးရန်နိုင်အနေဖြင့် သတင်းထောက်နှစ်ဦးအား ဖမ်းဆီးမှုဖြစ်စဉ် အသေးစိတ်ကို ယနေ့တရားခွင်တွင် ဖွင့်ချထွက်ဆိုရာ၌ တရားလိုသက်သေစာရင်းတွင် ပါဝင်နေသည့် အခြားတဦးဖြစ်သည့် ရဲတပ်ကြပ်နိုင်လင်းအား စာရွက်စာတမ်းများပေးကာ သတင်းထောက်နှစ်ဦးထံ သွားရောက်ပေးအပ်ရန် ညွန်ကြားသည်ကို သိရှိကြောင်း ထွက်ဆိုခဲ့သည်။

ရဲမှူးချုပ် တင်ကိုကိုသည် ရန်ကုန်အခြေစိုက် အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး ဖြစ်သည်။

ယနေ့ တရားရုံးတွင် ဒုရဲမှူး မိုးရန်နိုင်သာ ထွက်ဆိုရသေးပြီး အခြား တရားလိုပြ သက်သေများအား မကြားနာရသေးပါ။

“ သူ့ရှေ့မှာကိုပဲ ရဲမှူးချုပ် တင်ကိုကိုက၊ သူ (ဒုရဲမှူး မိုးရန်နိုင်) ပြောတဲ့အတိုင်းဆို ဒေါသတကြီးနဲ့ပဲ၊ ဝလုံးတို့ကိုဖမ်း၊ ရအောင်ဖမ်း၊ ဖမ်းမမိရင် မင်းတို့အားလုံး အချုပ်ထဲထည့်မယ်” ဟု ထွက်ဆိုခဲ့ကြောင်း သတင်းထောက်နှစ်ဦး၏ ရှေ့နေ တဦးဖြစ်သူ ဦးခင်မောင်ဇော်က တရားခွင်တွင် သတင်းယူရန် ရောက်ရှိနေသော သတင်းထောက်များအား ပြောသည်။

အခြား ရှေ့နေတဦးဖြစ်သူ ဦးသန်းဇော်အောင်ကလည်း “ ကျနော်တို့အနေနဲ့ အံ့သြမိတယ်၊ ကျနော်ထင်ထားတဲ့ အမှန်တရားက လုံးလုံးပေါ်လာတာပေါ့။ ဒီလိုထွက်ဆိုလိမ့်မယ်လို့လည်း မမျှော်မှန်းထားဘူး။ အမှုအတွက် အားကောင်းတဲ့အချက်တချက်ပဲ” ဟု ပြောသည်။

ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တခုတွင် ဒုတပ်ကြပ် နိုင်လင်း၏ ချိန်းဆိုချက်အရ သွားရောက်တွေ့ဆုံခဲ့ပြီး စားသောက်ဆိုင်မှ ပြန်အထွက်တွင် ရဲက ပေးလိုက်သော စာရွက်စာတမ်းများကို လျှို့ဝှက်စာရွက်စာတမ်းများဟုဆိုကာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ – ၃(၁)(ဂ) ဖြင့် ဖမ်းဆီးအရေးယူ ခံရသည်။

ဖမ်းဆီးခံသတင်းထောက် ကိုဝလုံးက “ ဒီလောက် အမိန့်ပေးပြီးတော့ လုပ်ခဲ့တယ်ဆိုတဲ့ အနေအထားတွေအပေါ်မှာ ရဲမှူးချုပ်တင်ကိုကိုက နိုင်ငံတော်ကို မှားယွင်းတဲ့ သတင်းပို့ပြီးတော့ သိက္ခာကျအောင် လုပ်တယ်ဆိုတာမျိုး ပြောသွားတဲ့အတွက်ကြောင့် အရမ်းအားရတယ်၊ ဒီနေ့ အမှန်တရားတွေ ပေါ်လာပြီလို့ ပြောချင်ပါတယ်” ဟု မှတ်ချက်ပေးသည်။

တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်၏ ထွက်ဆိုချက်များအပေါ် တရားလိုဘက်မှ ဥပဒေအရာရှိဖြစ်သူက မယုံကြည်ထိုက်သော သက်သေအဖြစ် ကြေညာပေးရန် တရားခွင်အတွင်း ပြန်လည်လျှောက်ထားခဲ့ပြီး ၎င်းလျှောက်ထားချက်အပေါ် ရိုက်တာ သတင်းထောက်နှစ်ဦး၏ ရှေ့နေများမှ ကန့်ကွက်တင်ပြမှုကြောင့် လာမည့် ၂၅ ရက်နေ့ ရုံးချိန်းတွင်သာ ဆုံးဖြတ်ရန် တရားရုံးက ကြေညာခဲ့သည်။

ဒုရဲမှူး မိုးရန်နိုင်က “ အမှန်တရားဖွင့်ပြောရတဲ့ အကြောင်းအရင်းက ရဲတပ်ဖွဲ့ဝင်မှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာ သူရှိပါတယ်၊ ထောင် အဖမ်းခံရတယ်ဆိုတာ အဲ့ဒီအတိုင်း အမှန်ပါပဲ” ဟု မနက်ပိုင်း တရားခွင်ထွက်ဆိုအပြီး သတင်းထောက်များအား ပြောသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက အင်းဒင်ကျေးရွာအနီး ပဲရုံသုဿန်တွင်ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီ ၁၀ ဦးသတ်ဖြတ်မှုဖြစ်စဉ်အား စုံစမ်းနေခဲ့သော သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၆ ဦးကိုထိန်းသိမ်းစစ်ဆေးခဲ့သည်ဟု ထုတ်ပြန်သော်လည်း ၎င်းတို့ထဲမှ ဒုရဲမှူး မိုးရန်နိုင်နှင့် တပ်ကြပ်ကြီး ခင်မောင်လင်းတို့ နှစ်ဦးသာ ထိန်းသိမ်းအရေးယူခံရသည်။

ရှေ့နေ ဦးခင်မောင်ဇော်က “ ထွက်ဆိုချက်တွေအတွက် သူ့ (ဒုရဲမှူး မိုးရန်နိုင်) အနေနဲ့လည်း စွန့်စားမှုကြီးမားပြီး ဝိုင်းဝန်း မျက်ခြေမပြတ် စောင့်ကြည့်နေကြဖို့ လိုပါတယ်။ အမှန်တရားက ပေါ်လာပြီပေါ့ဗျာ၊ လွတ်ခြင်း မလွတ်ခြင်းကတော့ ဥပဒေအရဆို လွတ်နိုင်တာပေါ့။ အခြားကိစ္စတွေဆိုရင်တော့ ကျနော်တို့မသိဘူး၊ ယတိပြတ် ကျနော်တို့မပြောနိုင်ဘူး” ဟု ပြောသည်။

ထိုသို့ ထိန်းသိမ်းခံရထားမှုကြောင့် ဒုရဲမှူး မိုးရန်နိုင်အနေဖြင့် ရဲတပ်ရင်းအချုပ်တွင် ရက်ပေါင်း ၁၂၀ ကျော်ကြား မိသားစုနှင့် တွေ့ခွင့်မရရှိဘဲ နေထိုင်ခဲ့ရပြီး တရားခွင်အတွင်း လာရောက်ထွက်ဆိုချက်များအရ လူ့အခွင့်အရေးအရ ချိုးဖောက်မှုကို ခံနေရကြောင်း ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

ရိုက်တာ သတင်းထောက်များ စုံစမ်းဖော်ထုတ်ရေးသားခဲ့သော အင်းဒင်ကျေးရွာ လူသတ်မှုဖြစ်စဉ်တွင် တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ခဲ့ကြောင်း တပ်မတော်မှ ဝန်ခံထားပြီဖြစ်ပြီး တပ်မတော် အရာရှိ၊ စစ်သည် ၇ ဦးကိုလည်း အလုပ်ကြမ်းနှင့် ထောင်းဒဏ် ၁၀ နှစ်စီ နယ်အကျဉ်းထောင်များတွင် ကျခံစေရန် အမိန့်ချမှတ်ထားသည်။

ယခုကဲ့သို့ မတရားဖမ်းဆီးခံနေရမှုအပေါ် နိုင်ငံတော်သမ္မတက သေချာစွာ စောင့်ကြည့်ကာ အမှန်တရား ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ပေးရန်လည်း ရိုက်တာ သတင်းထောက်များက တိုက်တွန်းတောင်းဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading