မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်း ဘေး ရှိ ထန်းတောများ ပုတ်ပြတ်ဝယ်ယူမှုများ ရှိနေသဖြင့် ထိန်းသိမ်း ကာကွယ်ရေး လုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေကြောင်း ဒေသခံများနှင့် ထန်းပင်ချစ်သူများက ပြောဆိုကြသည်။
ကျောက်ပန်းတောင်း မြို့နယ် အတွင်းရှိ ထန်းပင်များအား အပင်လိုက် ခုတ်ရောင်းမှု ပိုမိုများပြားလာခြင်း တရုတ်ဘက် မှ ထန်းတောအလိုက် ပုတ်ပြတ် ဝယ်ယူမှုများ ရှိနေခြင်းတို့ကြောင့် ယင်းသို့ ပြောဆိုကြခြင်း ဖြစ်ကြောင်း သိရသည်။
“အစကတော့ ပခုက္ကူတို့ ကျောက်ဆည်တို့က လာဝယ်တယ် ပြောတာပေါ့။ နောက်မှ တရုတ်က ဝယ်တယ်လို့ ကြား တယ်။ အတိအကျတော့ မသိဘူး”ဟု ကျောက်ပန်းတောင်း လူငယ်ကွန်ရက် အဖွဲ့ဝင် ကိုဝေလွင်ဦးက ဧရာဝတီကို ပြော သည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေကိုက ကျောက်ပန်း တောင်း ဒေသရှိ ထန်းပင် ၃ သောင်းခန့် တရုတ်ဘက်မှ ဝယ်ယူမည်ဟု အရပ်ထဲမှ ကြားသိရကြောင်း ပြောပြသည်။
ဦးရွှေကိုက “ထန်းပင်တွေကို ဒီမှာ ကားကြီးကားငယ်နဲ့ ဆယ်ဘီးတွေ တွဲဘီးတွေနဲ့ တင်တယ်။ သူတို့ ညောင်ဦးကို သွား မယ်။ ညောင်ဦးလမ်းကနေ ထွက်မယ်။ ညောင်ဦး မြစ်ဆိပ်ကနေ မန္တလေးပို့မယ်။ မန္တလေးကနေ တရုတ်ပြည် ထွက်တယ်။ အဲဒီလိုပြောတာပဲ။ ကျနော်လည်း လိုက်တော့ လိုက်နေတာပဲ အဲဒါကို”ဟုလည်း ပြောသည်။
ဆက်လက်၍ ၎င်းက ထန်းပင်သည် သစ်တောဥပဒေဖြင့် တားမြစ်မှုတွင် မပါဝင်သောကြောင့် အရေးယူရန် အခက် အခဲ ဖြစ်နေကြောင်း၊ တခြားသော နည်းလမ်းဖြင့် အရေးယူတားမြစ်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များ၊ တာဝန်ရှိသူ များ နှင့် ဆွေးနွေး တိုင်ပင်လျက်ရှိကြောင်း ရှင်းပြသည်။
“အာဏာပိုင်တွေ တာဝန်ရှိသူတွေနဲ့ တိုင်ပင်တယ်။ ဆွေးနွေးတယ်။ ဘယ်လိုအရေးယူမလဲ။ သစ်တော ဥပဒေနဲ့က ဖမ်းလို့ မရဘူး။ သစ်တောဌာနနဲ့ ဆွေးနွေးကြည့်တော့ Chain Saw (သစ်ပင်ဆွဲတဲ့လွှစက်) ဥပဒေ ရှိတယ်။ ဒါနဲ့ အရေး ယူလို့ရမယ် လို့ ပြောတယ်။ လွှစက်က ခွင့်ပြုချက် လိုင်စင် မရှိရင် ကိုင်လို့မရဘူး။ အခု ထန်းပင်တွေက အဲဒါနဲ့ချနေ တာ” ဟု ဦးရွှေကို က ပြောသည်။
အညာဒေသ၏ အမှတ်သင်္ကေတ တခုဖြစ်သော ထန်းပင်များကို အမြောက်အမြား ခုတ်လှဲရောင်းချနေမှု အပေါ် ကန့် ကွက် ကြောင်း ကျောက်ပန်းတောင်း လူငယ်ကွန်ရက်က ဧပြီ ၄ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ထန်းပင်များ ခုတ်လှဲရောင်းချနေခြင်းသည် အညာ၏ အလှပုံရိပ်နှင့် ဒေသန္တရကို ပူပြင်း ခြောက် သွေ့ စေကာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး ဆုံးရှုံးစေကြောင်း၊ အနာဂတ်တွင် အညာဆိုသော ဝေါဟာရ အဓိပ္ပာယ် ပျောက်ဆုံး မှေးမှိန်သွားမည်ကို လူငယ်များအနေဖြင့် စိုးရိမ်မိကြောင်း၊ ဖွံ့ဖြိုးရေးခေါင်းစဉ်ကို အသုံးချပြီး ကိုယ်ကျိုးစီးပွား အတွက် ထန်းပင်များခုတ်လှဲ ရောင်းချခြင်းကို ကန့်ကွက်ကြောင်း ဖော်ပြပါရှိသည်။
ကိုဝေလွင်ဦးက “လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဖြစ်နေတာ။ အဲဒီတုန်းကလည်း ဒီလိုပဲ ကာကွယ်သေးတော့ ငြိမ် သွားပြီး အခုမှ ထပြန်ပေါ်လာတာ” ဟု ပြောဆိုသည်။
ကျောက်ပန်းတောင်း လူငယ်ကွန်ရက် အနေဖြင့် ထန်းပင်များခုတ်လှဲရာ ဒေသများသို့ သွားရောက်၍ အသိပညာပေးမှု ကမ်ပိန်းများပြုလုပ်ခြင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ထို့အတူပင် ကျောက်ပန်းတောင်း ဒေသရှိ ထန်းတောများ ထိန်းသိမ်းရေး အတွက်ကို စိတ်ပါဝင်စားသည့် စေတနာရှင် များကလည်း ကူညီဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။
အဆိုပါ စေတနာရှင်များ ပါဝင်သော တော်ဝင်ထန်းဟု အမည်ပေးထားသည့် အဖွဲ့က ထန်းတောများကို ကွင်းပြင် တခုပြီး တခု ဖြစ်အောင် ခုတ်နေမှုများကို ကာကွယ်တားဆီးရန် ရည်ရွယ်ပြီး ထန်းတောင်သူများ၏ ဘဝ မြှင့်တင်ရေး အတွက် ဆောင်ရွက်ပေးရန်လည်း စီစဉ်နေကြောင်း စေတနာရှင်များက ပြောသည်။
“စက်လွှကြီးတွေနဲ့ဖြတ်။ ဘာမှမဟုတ်တဲ့ တသောင်းလောက်နဲ့ ရောင်းတယ်။ သူတို့က တရုတ်ပြည်ကို တင်ပို့တယ်။ အသုံး အဆောင်တွေ ပရိဘောဂတွေ ပြန်လုပ်တယ်။ ခဏလေး ကုန်သွားမှာပေါ့။ ဒီအပင် တပင်ဖြစ်ဖို့က ထန်းရည် ထွက်တဲ့ အပင် ဖြစ်ဖို့ဆို အနှစ် ၄၀ လောက်ကြာတယ် ပြောတယ်။ ဒါကို အန်တီက ပြည်သူတယောက် အနေနဲ့ ကာကွယ်ချင်တာ” ဟု စေတနာရှင် တဦးဖြစ်သူ ဒေါ်ပိုးဖြူက ပြောဆိုသည်။
၎င်းအနေဖြင့် ရရှိထားသော ရန်ပုံငွေများဖြင့် ထန်းပင်များဝယ်ယူကာ ထန်းတောင်သူများကို အလကားနီးပါး နှုန်းထား ဖြင့် ပေးဆောင်၍ လုပ်ကိုင်စေမည် ဖြစ်ကြောင်း၊ ထန်းတောင်သူများ အတွက် အထောက်အကူပြုနိုင်မည့် ထန်းလျက်၊ ထန်းထွက်ပစ္စည်း ဆိုင်ရာ ဟောပြောပွဲနှင့် ၁၀ ရက်သင်တန်း ပေးနိုင်ရေးအတွက် စီစဉ်လျက် ရှိကြောင်းလည်း ဒေါ်ပိုးဖြူ က ရှင်းပြ သည်။
ထန်းလုပ်ငန်း လုပ်ကိုင်သူများသည် ပင်ပန်းသလောက် ရသည့်ဝင်ငွေမှာ တွက်ခြည် မကိုက်သောကြောင့် ယင်း အလုပ် ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူနည်းပါးလာခြင်း၊ ထန်းလျက်ဈေးကွက် မကောင်းခြင်း တို့ကြောင့် ထန်းတော ပိုင်ရှင် များက အပင်လိုက် ခုတ်ရောင်းနေကြခြင်း ဖြစ်ကြောင်း ကျောက်ပန်းတောင်း ဒေသခံတဦးဖြစ်သူ ကိုမြတ်ကောင်းစံ က ပြောပြသည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက ၎င်းတို့ဒေသရှိ ထန်းပင်များအား အဝယ်လိုက်နေခြင်းဖြစ်ပြီး ကျောက်ပန်းတောင်း ဒေသခံ ပွဲစားများမှတဆင့် ဝယ်ယူနေကြကြောင်း၊ ထန်းပါကေး လုပ်ရန်၊ ရေထိန်းနံရံအဖြစ် အသုံးပြုရန်၊ ပရိဘောဂ ပစ္စည်းများ ပြုလုပ်ရန် ထန်းပင်များကို ဝယ်ယူနေခြင်း ဖြစ်ကြောင်းလည်း ကိုမြတ်ကောင်းစံက ရှင်းပြသည်။
“အစိုးရသစ်လက်ထက်မှာ သစ်ခုတ်တာတွေ၊ သစ်ထုတ်လုပ်မှုတွေ သိပ်မရှိတော့ဘူး။ ဒီလိုအနေအထားမှာ အနှစ် ၈၀ ကျော် ၉၀/၁၀၀ နားရှိတဲ့ ထန်းပင်တပင်ရဲ့အသားက ကျွန်းသားနီးပါးလောက် အသုံးခံတယ်။ အသားကောင်းတယ်။ ရေစိုခံတယ်။ အထဲမှာ အနှစ်က အရမ်းကောင်းတယ်။ ကျွန်းက ရှားပါးလာတဲ့အခါ ထန်းပင်ဘက်ကို လှည့်လာတယ်လို့ သုံးသပ်ပါ တယ်”ဟု ကိုမြတ်ကောင်းစံက ပြောသည်။
ယခုအခါ ထန်းပင်တပင်၏ ပေါက်ဈေးမှာ ငွေကျပ် ၁ သောင်းခန့် ရှိကြောင်း သိရသည်။