သတင်း

နမ္မတီးကို လူ ၈၀၀ ကျော် စစ်ရှောင်

Want create site? Find Free WordPress Themes and plugins.

တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကဆုန့်ကျေးရွာအနီး ဒေသခံ ဦးရေ ၈၀၀ ခန့် နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြကြောင်း သတင်းရရှိသည်။

ဧပြီလ ၂၀ ရက် နေ့လည်ပိုင်းက ကဆုန့်ကျေးရွာတဝိုက် တပ်မတော် လေ ရဟတ်ယာဉ်များ ပျံဝဲနေပြီး ကဆုန့်ကျေးရွာ အနီးရှိ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၁) နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး ပစ်ခတ်သည့် အသံများ ကြားရသဖြင့် ကျေးရွာသားများမှာ ကြောက်လန့်ပြီး ထွက်ပြေးရန် အထုပ်အပိုးများ ပြင်ဆင်ပြီး ကဆုန့်ကျေးရွာရှိ ဘုရားကျောင်းတွင် စုစည်းနေခဲ့ကြခြင်း ဖြစ်သည်ဟု ဒေသခံများ ထံမှ သိရသည်။

ဧပြီလ ၂၁ ရက်၊ မနက် ၇ နာရီခန့်တွင် ကဆုန့်ကျေးရွာနှင့် ၁၀ မိုင်ခန့် ကွာဝေးသည့် နမ္မတီးမြို့ပေါ်သို့ ပြေးရန် ထွက်လာရာ စစ်ဘေးရှောင် ၅၀၀ ကျော်မှာ နမ္မတီးမြို့၊ လမ်းခွကျေးရွာ၊ လန်ဘရော့ယန်ဘုရားကျောင်းသို့ ရောက်ရှိပြီဖြစ်သည်ဟု ကဆုန့်ကျေးရွာမှ ထွက်ပြေးလာသူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်( KBC)၊ သင်းထောက်ဆရာ ဦးလဂျောင်က ဧရာဝတီကို ပြောသည်။

မနှစ်ကလည်း တခါ၊ ဒီနှစ်လည်း တခါ ထွက်ပြေးကြရတဲ့ ကဆုန့်ကျေးရွာမှ စစ်ဘေးရှောင်များ/ ထွယ်အောင်

“ နှစ်ဖက်က အဲ့မှာ ရှိနေတော့ ကျနော်တို့ ရွာသားတွေက ကြားထဲမှာ ညှပ်မှာ ကြောက်လို့ ထွက်ပြေးလာကြတာပါ” ဟု ကဆုန့်ကျေးရွာ သင်းထောက်ဆရာ ဦးလဂျောင်က ပြောသည်။

ဦးလဂျောင်က “ အခုကျနော်တို့ နမ္မတီးကို ရောက်နေပြီ ။ အခု နမ္မတီးရောက်တဲ့ အဖွဲ့က ၅၀၀ လောက် ရှိပါတယ်။ လမ်းမှာ ၂၀၀ လောက်က စစ်ကြောင်းတွေနဲ့ အခက်အခဲ ဖြစ်လို့ တားခံထားရတယ်။ လမ်းလျှောက်လာတဲ့ လူ ၂၀၀ ကျော်က လမ်းမှာပဲ ရှိသေးတယ်” ဟု ပြောသည်။

နမ္မတီးမြို့သို့ ရောက်လာသည့် စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀ ဝန်းကျင်မှာ အိမ်ရှိ ဆိုင်ကယ်၊ ထော်လာဂျီ များဖြင့် ပြေးလာကြသဖြင့် မြို့ပေါ်ကို ရောက်လာပြီး လမ်းတွင် ပိတ်မိနေသည့် ၂၀၀ကျော်မှာ ဆိုင်ကယ်၊ ထော်လာဂျီများ မရှိသဖြင့် လမ်းလျှောက်ပြေးလာရသူများ ဖြစ်သည်ဟု ဦးလဂျောင်က ပြောသည်။

မနှစ်ကလည်း တခါ၊ ဒီနှစ်လည်း တခါ ထွက်ပြေးကြရတဲ့ ကဆုန့်ကျေးရွာမှ စစ်ဘေးရှောင်များ/ ထွယ်အောင်

ထို ၂၀၀ ကျော်မှာ နမ္မတီးမြို့၊ လမ်းခွကျေးရွာနှင့် ၄ မိုင်ခန့် ဝေးသည့် ညောင်တောကျေးရွာတွင် တပ်မတော်၊ စစ်ကြောင်းများက တားဆီးထားသဖြင့် ရှေ့ဆက်သွားမရပဲ ပိတ်မိနေသည်ဟု သိရသည်။

ညောင်တောကျေးရွာတွင် တားဆီးခံထားရသည့် အမျိုးသမီးတဦးက “ ကျမတို့ ပိတ်မိနေတာ မနက် ၁၀ နာရီလောက်တည်းက။ တပ်မတော် စစ်ကြောင်းတွေက ပြောတာက ကဆုန့်မှာ ဘာမှ မဖြစ်တော့ဘူး။ အဲ့ကိုပဲ ပြန်ပါတဲ့။ ကျမတို့က ကြောက်လို့ ပြေးလာတာပါ။ အခုတော့ ကျမတို့ကို လာကယ်ထုတ်မယ့် လူကြီးတွေက ညှိပေးနေတယ် ကြားတယ်” ဟု ပြောသည်။

မနှစ်ကလည်း တခါ၊ ဒီနှစ်လည်း တခါ ထွက်ပြေးကြရတဲ့ ကဆုန့်ကျေးရွာမှ စစ်ဘေးရှောင်များ/ ထွယ်အောင်

ထွက်ပြေးလာပြီး တားဆီးခံနေရသူများမှာ နမ္မတီးမြို့သို့သာ ဆက်သွားလိုပြီး အခြေအနေများ တည်ငြိမ်ပြီး တိုက်ပွဲများ မရှိတော့မှသာ နေရပ်ရင်း ကဆုန့်ကျေးရွာသို့ ပြန်လိုသည်ဟု ပြောသည်။

ညောင်တောကျေးရွာတွင် တားဆီးခံထားရသူများကို နမ္မတီးမြို့သို့ ပို့ဆောင်ပေးရန် လာရောက်ကူညီနေသူ တဦးလည်း လက်ရှိတွင် ၎င်းတို့ ကယ်ဆယ်ရေး ပြုလုပ်မည့်သူများနှင့် တပ်မတော် စစ်ကြောင်းများ အကြား ညှိနှိုင်းနေကြောင်း၊ ထွက်ပြေးလာကြသူများက ကဆုန့်ကျေးရွာကို မပြန်လိုပဲ နမ္မတီးမြို့သို့သာ သွားလိုသဖြင့် ရှေ့ဆက်သွားခွင့်ရရန် ညှိနှိုင်းနေခြင်း ဖြစ်ကြောင်း ပြောသည်။

တပ်မတော်နှင့် ညှိနှိုင်းနေရသဖြင့် ၎င်း၏အမည်ကို သတင်းရေးသားရာတွင် မဖော်ပြရန်လည်း တောင်းဆိုသည်။

ဆက်လက်ပြီး ၎င်းက “သူတို့(တပ်မတော်)က စစ်ပွဲမဖြစ်တော့ဘူး။ ခဗျားတို့အတွက် လုံခြုံပြီ။ ကဆုန့်ရွာကို ပြန်သွားကြပါ ။ ထွက်ပြေးစရာမလိုတော့ဘူးလို့ ပြောတယ်။ ဒီကလူတွေက နမ္မတီးကိုပဲ သွားဖို့ လုပ်နေတယ်။ သူတို့ ပြောပြ ချက်အရ တိုက်ပွဲတွေဖြစ်တော့ ထိမှာစိုးလို့ ပြေးလာတာ။ လမ်းမှာ ကျနော်တို့ ဘာသာရေး၊ လူမှုရေးဆရာတွေက လမ်းမှာ ကြိုဖို့လုပ်တာ၊ တားဆီးခံနေရတာပါ” ဟု ပြောသည်။

မနှစ်ကလည်း တခါ၊ ဒီနှစ်လည်း တခါ ထွက်ပြေးကြရတဲ့ ကဆုန့်ကျေးရွာမှ စစ်ဘေးရှောင်များ/ ထွယ်အောင်

လက်ရှိတွင် ထွက်ပြေးလာသူ ၈၀၀ ဟူသည်မှာ စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီနေသည့် ဘာသာရေး ဆရာများမှ ခန့်မှန်းရေတွက်ထားခြင်းဖြစ်ပြီး သက်ကြီးရွယ်အို၊ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ် စာရင်းများကို အတိအကျ ရေတွက်ထားခြင်း မရှိသေးဟု သိရသည်။

ကဆုန့်ကျေးရွာမှ ဒေသခံများသည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လကလည်း တိုက်ပွဲများကြောင့် နမ္မတီးမြို့ သို့ တကြိမ် ထွက်ပြေးခဲ့ပြီး ဘာသာရေးဘုရားကျောင်းများတွင် ၁၀ ရက်ခန့် ခိုလှုံခဲ့ရဖူးသည်။

ထိုစဉ်က ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့၊ KBC တို့မှ နှစ်ဖက်တပ်များကို ကြားဝင်ညှိနှိုင်းပေးသဖြင့် ကဆုန့်ကျေးရွာ ဒေသခံများ နေရပ်ပြန်ခဲ့ရပြီး ကချင်စစ်ပွဲ ၆ နှစ်တာ ကာလအတွင်း ပထမဆုံး နေရပ်ပြန်နိုင် သည့် စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်ခဲ့ဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading