ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမြို့နယ်၊ငွေဆောင်ကမ်းခြေအနီးရှိ ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း၌ ဆင်သေတကောင်နှင့်အတူ ဆင်သတ်မုဆိုး ၂ ဦးအား ဧပြီလ ၂၁ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ငွေဆောင်နယ်မြေရဲစခန်းသို့ ဆင်သေတကောင်တွေ့ရှိကြောင်း သတင်းပေးချက်အရ သစ်ဖြူကျေးရွာနေသူ ဒေသခံ ၂ ဦးကို ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မသင်္ကာသဖြင့် ခေါ်ယူ စစ်ဆေးခဲ့ရာ သတ်ဖြတ်ထားသည့် ဆင်သေတကောင်နှင့် ဆင်သတ်လက်နက်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြာင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ဆင်သတ်မုဆိုး နှစ်ယောက် ဖမ်းဆီးရမိပါတယ်။ ဆင်သေနဲ့ ဆင်သားရေတွေကြပ်တင်ထားတာတွေ၊ နောက်ပြီး တူမီးသေနတ်၊ အဆိပ်လူးမြှားတွေရော သိမ်းဆည်းရမိခဲ့တယ်။ ဆင်သတ်အဖွဲ့က လေးယောက်လို့ပြောတယ်။ မိတဲ့ ၂ ယောက်ကတော့ အဲ့ဒီရွာသား ဒေသခံတွေပါပဲ။ နှစ်ယောက်က ထွက်ပြေးနေလို့ လိုက်ဖမ်းနေတယ်။ ဆင်သတ်မှုအတွက် သစ်တောဌာနကနေ တရားလိုလုပ်ပြီး အမှုဖွင့်သွားမှာပါ´ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲမှုးကြီး ခင်မောင်လတ်က ဧရာဝတီကို ပြောသည်။
နယ်မြေခံရဲတပ်ဖွဲ့၊ သစ်တောရဲ၊ သစ်တောဌာနနှင့် အရေးပေါ် ကွန်ဂျီဆင်မောင်းအဖွဲ့ဝင်များ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိသူ ဆင်သတ်မုဆိုးနှစ်ဦးမှာ သစ်ဖြူကျေးရွာနေထိုင်သူ ကိုထွေး(ခ)သောင်းအေးနှင့် ငဒူး(ခ) ချစ်မင်းနိုင်တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ ဆင်ပစ်တူမီးသေနတ် ၂ လက်၊ ဆင်ပစ် မြှားတံများ၊ အဆိပ်ပုလင်းများ၊ ယမ်းမှုန့်များ၊ ဓားမြောင်၊ ပုဆိန်နှင့် ဆင်အရေခွံ၊ ဆင်အသားတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ဆင်သေတကောင်တွေ့တယ်လို့ ဒေသခံတွေက သတင်းပေးတယ်။ ပြီးတော့ ဆင်သေလိုက်ရှာတော့ ရှာမတွေ့ဘူး။ အနီးဆုံးမှာနေတဲ့ ရွာသား ၂ ဦးက မသင်္ကာဖွယ်ရာဖြစ်နေလို့ ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးလိုက်တော့ ပေါ်သွာပြီး သူတို့ဖွက်ထားတဲ့ ဆင်သေရယ်၊ ဆင်ကနေ ဖျက်ယူထားတဲ့ ဆင်သားရေတွေ၊ ဆင်သတ်ပစ္စည်းတွေ၊ ဆင်သတ်လက်နက်တွေကို လိုက်ပြပေးတာ”ဟု ပူးပေါင်းအဖွဲ့တွင် ပါဝင်သူ အရေးပေါ်ကွန်ဂျီဆင်များအဖွဲ့ခေါင်းဆောင် ဒေါက်တာလင်းလင်းထွန်းက
ပြောသည်။
ဖမ်းဆီးရမိသည့် သစ်ဖြူရွာသား ၂ ဦးကို ငွေဆောင်နယ်မြေရဲစခန်းတွင်ဖမ်းဆီးစစ်ဆေးနေပြီး တောရိုင်းတိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၃၇(က)ဖြင့် အမှုဖွင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ငပုတောနှင့် သာပေါင်းဒေသများသို့ လာရောက်အစာရှာသည့် တောဆင်ရိုင်းများကို ၂၀၁၁ ခုနှစ်မှစတင်၍ ဆင်သတ်မုဆိုးများက စီးပွားရေး အကျိုးအမြတ်အတွက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ၆ နှစ်တာကာလအတွင်း တောဆင်ရိုင်းအကောင်ရေ ၄၀ ကျော် အသတ်ခံခဲ့ရကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။