Yangon Payment Services (YPS) တင်ဒါ ပဏာမအောင်မြင်ခဲ့သည့် Excel KC Myanmar ကုမ္ပဏီကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ရွေးချယ်ထားမှုမှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ YPS တင်ဒါ စိစစ်ကြီးကြပ်ရေးအဖွဲ့က ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါ ကုမ္ပဏီနှင့် တိုင်းအစိုးရအကြား စာချုပ်စာတန်း ညှိနှိုင်းမှု ဆောင်ရွက်ရာတွင် တင်ဒါ တင်သွင်းစဉ်က အခြေအနေ၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှု မရှိကြောင်းတွေ့ရှိရသဖြင့် တင်ဒါ ပဏာမ အောင်မြင်ထားမှုကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်ဟု တိုင်းအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ရန်ကုန် မြို့တွင်းရှိ YBS ကားများနှင့် အခြားသယ်ယူပို့ဆောင်ရေး ဆိုင်ရာ လုပ်ငန်းများ အတွက် YPS ကတ်သုံးပြီး ငွေပေးချေမှု ဖြစ်လာစေရန် အတွက် တင်ဒါ ပထမအဆင့်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၉ ရက်တွင် စတင်ခေါ်ယူခဲ့သည်။
ပထမအဆင့် တင်ဒါအောင်မြင်သော ကုမ္ပဏီ ၅၀ ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ကြေညာပေးခဲ့ပြီးဒုတိယ အဆင့်အနေဖြင့် Request For Proposal (RFP) လျှောက်လွှာရောင်းချ၍ တင်ဒါတင်သွင်းလာသော ကုမ္ပဏီများကို စီးပွားရေးဆိုင်ရာ ယှဉ်ပြိုင်မှု၊ နည်းပညာပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုနှင့် လုပ်ငန်းလက်တွေ့လုပ်ကိုင် အကောင်အထည် ဖော်ဆောင်နိုင်မှုတို့ကို ပညာရှင် ၂ ဖွဲ့နှင့် စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ သိရသည်။
နောက်ဆုံးဆန်ခါတင် အနေဖြင့် မြန်မာကျပ်ငွေ ၁၉ ဘီလီလျံတိုက်ရိုက် ရင်းနှီးမြှုပ်နှံမည့် Excel KC Myanmar ကုမ္ပဏီကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊ YPS တင်ဒါ စိစစ်ကြီးကြပ်ရေးအဖွဲ့၏ တင်ဒါ ရွေးချယ်ရေး အစည်းအဝေးက ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပဏာမတင်ဒါ အောင်မြင်သော ကုမ္ပဏီအဖြစ် ရွေးချယ်ခဲ့သည်။
ထိုစဉ်ကသက်တမ်းနုသေးသော ယင်းကုမ္ပဏီ အနေဖြင့် ကတ်တင်ဒါ ရရှိသွားခြင်းအပေါ်တွင် ဝေဖန်မှုများရှိခဲ့ပြီးနောက် ယခုကဲ့သို့ ပဏာမရွေးချယ်ထားသည့် ကုမ္ပဏီကို တင်ဒါပယ်ဖျက်လိုက်ကြောင်း သိရသည်။
ပဏာမရွေးချယ်ထားသော ကုမ္ပဏီကို တင်ဒါ ပယ်ဖျက်လိုက်သောကြောင့်ကျန်ရှိသော ဆန်ခါတင် ကုမ္ပဏီ ၂ ခုဖြစ်သည့် Anypay Payment Service ကုမ္ပဏီနှင့် Asiastarmar Transport Intelligent ကုမ္ပဏီတို့အနက်မှ တခုကို ကတ်စနစ် (YPS) တင်ဒါစည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်း ဥပဒေများ အတိုင်း ထပ်မံစိစစ်ရွေးချယ် ညှိနိူင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဒီ၂၀၁၈ ခုနှစ်ရဲ့ အဓိကအကျဆုံး အချက်ကတော့ ငွေပေးချေတဲ့ စနစ်ကို ဘဏ်ကတ်နဲ့ ပေးချေနိုင်အောင် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ကတ်စနစ်ကို ဆောင်ရွက်မှာလည်းဖြစ်ပါတယ်။ ကတ်စနစ်ဟာ ကတ်တိုင်းကတ်တိုင်း ဘတ်စ်ကားစီးနိုင်ဖို့ ကျနော်တို့ကြိုးပမ်းမှာဖြစ်တယ်” ဟု ယခုနှစ် ဇန်နဝါရီလ ရန်ကုန်ဘတ်စ်ကား (YBS) တနှစ်ပြည့် အခမ်းအနား၌ ပြောကြားခဲ့သည်။
YBS တွင်ကတ်စနစ်ကို ယခုနှစ်အတွင်းစတင်ကျင့်သုံးနိုင်ရန် ဆောင်ရွက်သွားမည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(YRTA) ၏တာဝန်ရှိသူများကပြောသည်။