ဗေဒင်မေးသူ အမျိုးသမီးငယ်အချို့ကို ကာယိနြေ္ဒပျက်စီးစေရန် လက်ရောက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံနေရသည့် ဗေဒင်ဆရာ အောင်ချစ်ပိုသည် ဗေဒင်ဟောသည့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း ကာယကံရှင် ဗေဒင်ဆရာ အောင်ချစ်ပို က ပြောသည်။
ဗေဒင်ဆရာ အောင်ချစ်ပို က “ဗေဒင်ကတော့ အခုအိမ်မှာဟောနေတယ်။ ခုလက်ရှိကတော့။ ဘုရားမှာဟောဖို့ကျတော့ ကျနော် ဒီကိစ္စ တွေပြီးသွားရင် ဂေါပကကို စာတင်ပြီးတော့မှ၊ ကျနော် ဒီကိစ္စမပြီးသေးလို့ ပြန်မဖွင့်သေးတာ” ဟု ပြောသည်။
ဗေဒင်ဆရာ အောင်ချစ်ပိုကို တက္ကသိုလ်ကျောင်းသူတဦးမှ ကာယိနြေ္ဒပျက်စီးစေရန် လက်ရောက်ကျူးလွန်မှု စွဲ ချက်ဖြင့် ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပုဒ်မ (၃၅၄) (အမျိုးသမီး ကာအိနြေ္ဒပျက်စီးမှု) ဖြင့်လည်းကောင်း၊ သရုပ် ဆောင် ဒိန်းဒေါင်၏သမီး ဒိန်းပိုပိုဒေါင် မှလည်း ပုဒ်မ ၃၅၄ (အမျိုးသမီးကာအိနြေ္ဒပျက်စီးမှု)နှင့် ပုဒ်မ (၅၀၆) (ခြိမ်းခြောက်မှု) ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စမ်းချောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားသည်။
ထိုအမှုရင်ဆိုင်နေရခြင်းကြောင့် ကိုးထပ်ကြီးဘုရားဝင်းရှိ ဟောခန်းကို ဂေါပကမှ ယာယီပိတ်ထားရန် ခေါ်ပြော ထားခြင်းသာရှိပြီး ဗေဒင်ဟောခွင့် ပိတ်ပင်ခြင်း၊ ခွင့်ပြုခြင်းတို့မှာ ရဲနှင့် မဆိုင်ကြောင်း စမ်းချောင်း မြို့မ ရဲစခန်းမှ ဒုရဲအုပ် ရန်မိုးအောင် ပြောသည်။
ဒုရဲအုပ် ရန်မိုးအောင် က “ဗေဒင်ဟောခွင့်တို့ဘာတို့ ပြောရရင် ဥပဒေအရ ပိတ်တာမျိုးလည်း မရှိဘူး။ တခုတော့ရှိတယ်။ အရမ်းကြီး Hot ဖြစ်လွန်းတယ်ဆိုရင် သူတို့ထွေအုပ်ကနေပြီးတော့ တဦးချင်းတားတာမျိုးတွေရှိတယ်။ တားမြစ်မိန့်ထုတ်ပေး တာမျိုးတွေတော့ရှိတယ်။ ဒါပေမဲ့လည်း အဲဒါတွေက တော်ရုံတန်ရုံသုံးခဲပါတယ်” ဟုဆိုသည်။
ထိုသို့ အမှုဖွင့်ခံရပြီးနောက်ပိုင်း ဗေဒင်ဆရာအောင်ချစ်ပိုမှလည်း တိုင်ကြားသူ တက္ကသိုလ်ကျောင်းသူအား အသရေဖျက်မှုဖြင့် ပြန်လည် အမှုဖွင့်ခဲ့သည်။ ထိုအမျိုးသမီးများ၏ တရားစွဲမှုကြောင့် စမ်းချောင်းမြို့မရဲစခန်းမှ ဗေဒင်ဆရာအောင်ချစ်ပိုအား ဖမ်းဆီးခဲ့သော်လည်း အာမခံဖြင့် ပြန်လွှတ်ထားပြီးနောက် သူ၏ နေအိမ်တွင်ပင် ဗေဒင်ဆက်လက်ဟောနေခြင်းဖြစ်ကြောင်း သိရသည်။
အမှုရင်ဆိုင်နေစဉ်ကာလအတွင်း ဗေဒင်ဆရာအောင်ချစ်ပို တက်စီ (အငှားယာဉ်) မောင်းနေသည်ဆိုသည့် ကောလဟာလ သတင်း တချို့ ထွက်ပေါ်ခဲ့သဖြင့် အမျိုးသမီးအချို့ အကြား လုံခြုံရေး စိုးရိမ်သံများ ထွက်ပေါ်ခဲ့သေးသည်။
သို့ သော်လည်း ထိုသတင်းမှာ မှားယွင်းကြောင်း ယင်းသို့ ပြောဆိုမှုများမှာ ၎င်းအား ဂုဏ်သိက္ခာ ကျဆင်းစေရန် လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု ဗေဒင်ဆရာ အောင်ချစ်ပိုက ဆိုသည်။
ဗေဒင်ဆရာ အောင်ချစ်ပိုက “အဲဒီကိစ္စကြီးကတော့ ကောလဟာလဖြစ်နေတယ်။ ဘယ်ကနေပြောတာလဲမသိဘူး။ တက္ကစီမောင်းတယ်ဆိုတာ ကျနော့်ကို ဂုဏ်သိက္ခာကျဆင်းစေတာပေါ့။ ကျွန်တော့်အလုပ်နဲ့ တခြားစီပဲလေ” ဟု ဆိုသည်။
တရားစွဲဆိုသူ အမျိုးသမီးများနှင့် ကျူးလွန်ခံရသူ အမျိုးသမီးအချို့မှ ပြီးခဲ့သည့် နိုင်ငံတကာ အမျိုးသမီးများ နေ့တွင် င်းတို့ တင်ထားသည့် အမှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သာသနာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန စသည့် ဌာနများသို့လည်း တိုင်ကြားစာများ ပေးပို့ခဲ့သည်ဟု သိရသည်။
အမှုမှာ ယခုအချိန်ထိ စစ်ဆေးဆဲကာလသာ ရှိနေဆဲဖြစ်ပြီး တရားရုံးသို့ ယခုချိန်ထိ မတင်ရသေးကြောင်းလည်း သိရပါသည်။
www.hiburma.net မှ သတင်းအား ပြန်လည်ဖော်ပြခြင်းဖြစ်သည်။