တပ်မတော်က စစ်တိုင်းမှူးအဆင့် ရာထူးနေရာ ၉ ခုကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူးခန့်ချုပ်ရုံး၏ ညွှန်ကြားချက်ဖြင့် နေရာ အပြောင်း အလဲများ တရားဝင် ပြုလုပ်လိုက်ကြောင်း သတင်းရရှိသည်။
စစ်တက္ကသိုလ် အပတ်စဉ် ၃၀ မှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွေ့ တာဝန်ပေးလိုက်ပြီး ၎င်းနေရာသို့ ဗိုလ်သင်တန်းကျောင်း (OTS) အပတ်စဉ် ၇၃ မှ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇ ကျော်ကို တာဝန်ပေး ခန့်အပ်လိုက်သည်။
အလုပ်သင် ဗိုလ်လောင်း တေဇ အပတ်စဉ် ၁၇ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် တိုင်မှူး ဗိုလ်မှူးချုပ် ခင်လှိုင်ကို ကြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး (စစ်တက္ကသိုလ် အပတ်စဉ် ၂၈) ဖြင့် နေရာချင်းလဲလိုက်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၃၂ မှ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး မိုးမျိုးအောင် ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွှေ့တာဝန်ပေးခဲ့သည်။
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်းကို ကမ်းရိုးတမ်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် တိုင်းမှူး နေရာချင်းလဲ တာဝန်ပေးလိုက်ပြီး ဗိုလ်ချုပ် ဝင်းမင်းထွန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၇ မှ ဖြစ်ပြီး ဗိုလ်ချုပ် လင်းအောင်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၇ ပင် ဖြစ်ကြောင်းသိရသည်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်ကျော် နှင့် နေရာချင်းလဲ တာဝန်ပေးအပ်လိုက်ပြီး ဗိုလ်ချုပ်မျိုးဝင်းသည် OTS ၇၁ မှ ဖြစ်ပြီး OTS ၆၈ မှာတောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်ကျော်ကို နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
မြန်မာ့ နိုင်ငံရေး စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုး က “တိုင်းမှူး အပြောင်းအလဲကတော့ အခုလိုအချင်းချင်း ပြောင်းတာရွေ့တာတော့ ရှားတယ်။ မဖြစ်မနေမှ လုပ်ကြတာ။ တိုင်းမှူးတဦးဦးက ကျန်းမာရေးကြောင့့်ဖြစ်စေ၊ မဖြစ်မနေအနားယူရမှ အခြားတယောက်ကို ထည့်တာ။ ပုံမှန်ဆိုရင် တိုင်းမှူးတွေ ဒီလိုရွေ့တာ တော်တော်နည်းတယ်။ တပ်မမှူးက တိုင်းမှူးတက်ဖြစ်တာ။ တိုင်းမှူးက ကစထမှူး ဆိုပြီး ရာထူးတိုးသွားတာမျိုးတွေပဲ ရှိတာများတယ်” ဟု ပြောသည်။
ထို့ကြောင့် တိုင်းမှူး အပြောင်းအလဲကိစ္စမှာ သုံးသပ်ရန် ခက်ခဲနေပြီး ရခိုင်အရေးကို အကြောင်းပြု၍ မြန်မာ့ တပ်မတော်ကို ကုလသမဂ္ဂတွင် Blacklist သွင်းရန် အသံထွက်နေချိန်တွင် တပ်မတော် အနေဖြင့် ပြင်ဆင်စရာများစွာရှိကြောင်း၊ ကချင်ပြည်နယ်၊ လားရှိုးဒေသနှင့် ကရင်ပြည်နယ်တို့တွင် စစ်ရေး တင်းမာမှုများရှိနေချိန် တပ်မတော်၏ ဆောင်ရွက်ချက်များကိုသာ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
တပ်မတော်တွင် လက်ရှိတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ အသက် ၆၀ ပြည့်သော်လည်း ပင်စင်မယူသေးပဲ တပ်မတော် ဥပဒေများအရ ဆက်လက် တာဝန်ထမ်းဆောင်နေပြီး တပ်ချုပ် အသစ်ကို မျိုးဆက်ကွာဟ၍ ပေးနိုင်ကြောင်းတပ်မတော် အသိုင်းအဝိုင်းက သုံးသပ်လျက် ရှိသည်။
လက်ရှိတွင် တပ်ချုပ် အသစ်ဖြစ်နိုင်သူဟု ရေပန်းစားနေသူမှာ ၂၀၂၀ ခုနှစ်တွင် အသက် ၅၅ နှစ်ကျော်ကျော်သာရှိဦးမည့် လက်ရှိစစ်တက္ကသိုလ် အပတ်စဉ် ၃၀ မှ ဗိုလ်ချုပ် မိုးမြင့်ထွန်းမှာ ရေပန်းစားလျက်ရှိသည်။ ၎င်းသည် လက်ရှိ ကြည်း၊ ရေ၊ လေညှိကွပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကဲ့သို့ ရာထူးတက် မြန်သူတဦး ဖြစ်ကြောင်းလည်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ကာချုပ် (လေ) ရာထူးအတက် မြန်