သတင်း

ဧရာဝတီတိုင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄၅၀၀ ခန့် ထိခိုက်ပျက်စီး

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတခရိုင်အတွင်း၌ ဧပြီလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ၅ ရက်တာ ကာလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းများအပါအဝင် နေအိမ် အဆောက် အဦးပေါင်း ၄၅၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်း ၁၇၀၀၀ ကျော် လေဘေးဒုက္ခ ခံစားခဲ့ရသည်။

ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ လေးမျက်နှာနှင့် ဇလွန်မြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ရွာပေါင်း ၂၉၈ ရွာရှိ နေအိမ် ၄၈၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး အိမ်အလုံး ၃၉၀၀ ကျော်မှာ အမိုးလန်ထိခိုက်ခဲ့ကာ လေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် လူ ၂ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနထံမှ သိရသည်။

“လေပြင်းတိုက်တာကတော့ အကြီးစား လေပွေလှိုင်းပုံစံမျိုး တိုက်ခတ်တာပေါ့နော်။ လေပြင်းတိုက်မှုကြောင့် အိမ်ထောင်စုပေါင်း ၄၅၀၀ နီးပါးက လူပေါင်း ၁၇၀၀၀ နီးပါးလောက် ဘေးဒုက္ခ ခံစားခဲ့ရတယ်။ ဟင်္သာတမှာ သစ်ပင်ပိလို့ လူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်။ လူသေဆုံးမှုတော့ မရှိပါဘူး”ဟု ဧရာဝတီတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးက ဧရာဝတီကို ပြောသည်။

လေပြင်းတိုက်ခတ်မှုဒဏ်ကို ဟင်္သာတခရိုင်ရှိ မြို့နယ် ၆ ခုစလုံး ခံစားခဲ့ရခြင်းဖြစ်ပြီး မြန်အောင်မြို့နယ် တခုတည်းမှာပင် ရွာပေါင်း ၇၈ ရွာမှ နေအိမ် ၁၇၆ လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၁၀၅၇ လုံး အမိုးလန် ထိခိုက်ခဲ့ကာ ကျပ်သိန်း ၈၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း မြန်အောင်မြို့နယ် အုပ်ချုပ်ရေးဌာနထံမှ သိရသည်။ သဘာဝဘေး ထိခိုက် ခံစားခဲ့ရသည့် ဒေသများသို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ကွင်းဆင်း၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ကြသည်။

ပြိုကျပျက်စီးသည့်နေအိမ်များအနက် တိုက်ခံနှင့် ပျဉ်ထောင်အိမ်များ အတွက် တအိမ်လျှင် ၂ သိန်းကျပ်နှုန်း၊ ဓနိမိုး၊ ထရံကာ အိမ်များအတွက် ၁ သိန်းကျပ်နှုန်းဖြင့် ဧရာဝတီတိုင်း အစိုးရက အိမ်ပြင်စရိတ် ကူညီထောက်ပံ့ ခဲ့ပြီး လေဘေးဒုက္ခသည်များအတွက် လူ ၁ ဦးလျှင် စားနပ်ရိက္ခာ တပတ်စာ ထောက်ပံ့ပေးထားကြောင်း၊ ငွေကြေးအားဖြင့် ကျပ်သိန်း ၃၃၀၀ ကျော်တန်ဖိုးရှိ ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ကူညီထောက်ပံ့ခဲ့ကြောင်း ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

“ဟင်္သာတခရိုင်အတွင်းမှာတော့ နှစ်စဉ် အခုလိုအချိန်ဆို လေပြင်းတိုက်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ဖြစ်တဲ့ဧရိယာ ပိုကျယ်သွားပြီး ပျက်စီးထိခိုက်မှုအရေအတွက်ကလည်း နောက်ဆုံးသုံးနှစ်အတွင်း အများဆုံး ဖြစ်ပါတယ်”ဟု ပြောသည်။

ဟင်္သာတခရိုင်အတွင်းရှိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့်မိသားစုများမှာ ယာယီတဲများ ထိုး၍ နေထိုင်သူများရှိသလို၊ နီးစပ်ရာ ဆွေမျိုးများအိမ်တွင် ယာယီခိုကပ်နေထိုင်ကာ ၎င်းတို့နေအိမ်များအား ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်နေကြကြောင်း သိရသည်။

“လေပြင်းတိုက်တာတွေကတော့ ဆက်ဖြစ်နေတုန်းပဲ။ လေက ၁၀ မိနစ်လောက်ကို ဝုန်းဒိုင်းဆိုပြီး တိုက်ချ သွားတာ သစ်ပင်တွေ အမြစ်ကကျွတ်ထွက်၊ တချို့အိမ်တွေဆိုလည်း အလုံးလိုက် ကျွတ်လဲ ကုန်တာတွေ ဖြစ်ကုန်တာ။ အစိုးရကတော့ ပစ္စည်း ၁၀ မျိုးပါတဲ့ ကယ်ဆယ်ရေးပစ္စည်းပုံးတွေ ပေးတယ်။ လူတယောက် ဆန်နို့ဆီဗူး ၂ လုံးနှုန်းနဲ့ တပတ်စာထောက်ပံ့တယ်။ အိမ်တွေကတော့ အစိုးရ ထောက်ပံ့တဲ့ငွေနဲ့ မလောက်လို့ အပြင်ကချေးငှားပြီး မိုးမရွာမီ အမြန်ပြန်ပြင် ထားကြတယ်”ဟု ဟင်္သာတမြို့နယ်၊ သဲဗွက်ကျေးရွာမှ ဒေသခံ ကိုအောင်မျိုးသန့်က ပြောသည်။

လေပြင်းတိုက်ခတ်မှုများမှာ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်တွင်သာမက ၎င်းနှင့်ဆက်စပ်နေသည့် ပဲခူးတိုင်း အနောက်ခြမ်းဒေသများရှိ ပေါင်းတည်၊ နတ္တလင်း၊ မိုးညိုစသည့် မြို့နယ်များတွင်လည်း ဖြစ်ပွားခဲ့ပြီး အဆိုပါ ဒေသများမှ နေအိမ်အလုံး ၆၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading