သတင်း

KNU ၏ နွေရာသီ လူငယ်သင်တန်း မွန်ပြည်နယ် အစိုးရကန့်ကွက်

Want create site? Find Free WordPress Themes and plugins.

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ပေးအပ်မည့် နွေရာသီ လူငယ်စခန်း သင်တန်းတွင် အခြေခံစစ် သင်တန်း သင်ကြား မှုများ ပါဝင်သည်ဟုဆိုကာ မွန်ပြည်နယ်အ စိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက စာပေးပို့ ကန့်ကွက်လာကြောင်း သိရသည်။

KNU ဗဟိုလူငယ် အစည်းအရုံးမှ နွေရာသီ လူငယ်စခန်း သင်တန်းအဖြစ် မွန်ပြည်နယ်ရှိ KNU တပ်မဟာ (၁) ဒေသတွင် ဖွင့်လှစ် သင်ကြားသွားရန် ပြင်ဆင်နေစဉ် မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဧပြီ ၁၈ ရက်ကစာပို့ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

KNU တပ်မဟာ(၁) မှ ဗိုလ်မှူး စောကျော်မြင့် က “ဟုတ်တယ်။ သူကန့်ကွက်တယ်လေ။ သူအကြောင်းပြချက်ကတော့ ကရင်လူငယ် သင်တန်းတွေက အခြေခံစစ်သင်တန်းပါ ပါတယ်ဆိုတဲ့ဟာကို အဓိကထားပြီး ဖော်ပြတယ်။ အဲဒါတော့ ကျနော်လည်း မသိဘူးလို့ ပြောလိုက်တယ် သူ့ကို။ KNU ဗဟိုက လူငယ်အစည်းအရုံး အဖွဲ့တွေက သင်တန်းပေးတာ။ ဗဟိုစည်းရုံးရေးဌာနက နှစ်စဉ် နွေရာသီဆိုရင် လူငယ် သင်တန်းတွေရှိတယ်” ဟု ပြောသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက တပ်မဟာ (၁) ထံ ပေးပို့သော စာတွင် ၂၀၁၈ ခုနှစ်၊ ဧပြီ ၂၃ ရက်မှ မေ ၂၆ ရက်ထိ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၁) သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကွီလေကျေးရွာတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် အခြား ပြည်နယ်/တိုင်းရှိ ကရင်လူငယ်များ အတွက် ရည်ရွယ်၍ KNU နွေရာသီ လူငယ်စခန်း သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ အဆိုပါ သင်တန်း ဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်မှာ ကရင်လူငယ်များ အနေဖြင့် အခြေခံ စစ်သင် တန်းအား သင်ကြားရခြင်း၊ ကရင်အမျိုးသားရေး သမိုင်းသင်ကြားရေး ဆိုသော အကြောင်းအရာများ ပါဝင်ကြောင်း ဖော်ပြထား သည်။

KNU ဘက်ကမူအခြေခံ စစ်သင်တန်းများကို သင်ကြားပို့ချရန် မရှိကြောင်း၊ မိမိတို့ အနေဖြင့် မူးယစ်ဆေးဝါး တားဆီး တိုက်ဖျက်ရေး အသိပညာပေး၊ လူကုန်ကူးမှု တားဆီးရေး အသိပညာပေး၊ လူ့အရင်းအမြစ် စွမ်းအင် မြှင့်မားရေး၊ KNU အခြေခံ ဖွဲ့စည်းပုံဥပဒေ၊ တည်ဆဲဥပဒေများ၊ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာအချက်အလတ်များ၊ လက်ရှိ နိုင်ငံရေးအခင်း အကျင်းများ စသည့် အကြောင်းအရာများကို သင်ကြားပို့ချသွားရန်သာ ရှိကြောင်း တပ်မဟာ (၁) မှ ဗိုလ်မှူး စောကျော်မြင့်က ဆိုသည်။

အဆိုပါ သင်တန်းနှင့် ပတ်သက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် မွန်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) တို့ကလည်း ကန့်ကွက် ထားသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက KNU တပ်မဟာ (၁) သို့ ပို့ပေးသောစာမှာ ဖော်ပြထားသည်ဟု ၎င်းက ဆိုသည်။

KNU တပ်မဟာ (၁) မှ ဗိုလ်မှူး စောကျော်မြင့် က “ ကျနော် ကိုယ်တိုင်လည်း JMC-S (မွန်) က အတွင်းရေးမှူး-၁ ပဲလေ ကျနော်လည်း မသိရဘူး။ JMC ကန့်ကွက် တယ်ဆိုတာ ကျနော်ကဘာမှ မသိရဘဲနဲ့ ဘာလို့ JMC နာမည် သုံးရတာလဲ။ NRPC ကလည်း ကန့်ကွက်တယ် လို့ ဖော်ပြထားတယ်။ အဲဒါတော့မသိဘူး။ JMC နာမည် သုံးတာတော့ မကောင်းဘူး” ဟုပြောသည်။

လက်ရှိတွင် KNU ဗဟိုအစည်းအရုံးမှ တပ်မဟာ (၁) ဒေသတွင် ဖွင့်လှစ်မည့် နွေရာသီ လူငယ်စခန်းသင်တန်းကို မဖွင့်လှစ်တော့ဘဲ အစဉ်အစီကို ဖျက်သိမ်းလိုက်ကြောင်း ၎င်းက ဆိုသည်။

KNU သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အစိုးရ၊ တပ်မတော်၊ တခြားသောလက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading