ယခုနှစ် ဧပြီလ၌ ဝန်ထမ်းလစာများ တိုးရန် အစီအစဉ် ရှိနေသော်လည်း လက်ရှိ ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း မရှိ သေးကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
သမ္မတ ဦးဝင်းမြင့်က ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်တွင် အလုပ်သမားတဦး၏ တရက်လုပ်အားခ အနည်းဆုံး ၄၈၀၀ ကျပ်နှုန်းနှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် အမှုထမ်း လစာများကို ၂၀ ရာခိုင်နှုန်းနှင့် အရာထမ်း လစာ များအားလုံးကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် ပြည်ထောင်စု အစိုးရက စီစဉ်တွက်ချက် ပြီးပြီဖြစ်ကြောင်း ပြောကြားထား သည်။
လက်ရှိ ဘုရင့်နောင် ကုန်စည်ဈေးကွက်တွင် ဆီ၊ ငရုတ်၊ ကြက်သွန် အစရှိသည့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာ ဝယ်လိုအား မကောင်းခြင်းနှင့် ရာသီအလိုက် သီးနှံပေါ်ချိန် ဖြစ်သဖြင့် အကျဘက်သို့ ဦးတည်နေကြောင်း ဘုရင့်နောင်ကုန် စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။
“ဒါကြောင့် လစာတိုးပေးတာက ဝန်ထမ်းတွေအတွက် သတင်းကောင်းလည်း ဖြစ်တယ်။ ကောင်းတဲ့ လက္ခဏာလို့ မြင် တယ်။ ဒါတိုးလို့ ကုန်ဈေးနှုန်း တက်တယ်ဆိုတာ တိုက်ရိုက် အချိုးကျတယ်လို့တော့ ကျနော်မမြင်ဘူး။ ဝယ်လိုအားနဲ့ ရောင်းလိုအား ပေါ်မှာ မှုတည်တယ်။ အခုက အဝယ်ကျနေတယ်။ ဝယ်လိုအား ရောင်းလိုအားပဲ အဓိကလေ။ ကျနော်တို့ တခုရှိ တာပေါ့၊ ဈေးတွေ ဈေးတွေမှာ တင်တာတွေတော့ ပြောလို့မရဘူး။ ဘုရင့်နောင်ဘက် အခြမ်းတွေမှာတော့ ကုန်ဈေး နှုန်း တက်လာအောင် လုပ်လို့ရတဲ့ အနေထား မရှိဘူး”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
လက်ရှိ ကုန်ဈေးနှုန်း အခြေအနေကို ထိန်းထားနိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော် ဝန် ဦးမောင်မောင်စိုးကလည်း ပြောဆိုသည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “အခု ဈေးနှုန်း ထိန်းထားနိုင်ပါတယ်။ နေ့စဉ် သတင်းစာကြည့်ရင် သိနိုင်ပါတယ်။ ဒေါ်လာနဲ့ မြန်မာကျပ်နဲ့ အပြောင်းအလဲက နည်းနည်းငြိမ်တယ်။ အဲဒါကိုက ကောင်းကျိုးပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ငွေတန်ဖိုး Money Value ဆိုတာ ရှိတယ်။ ငွေတန်ဖိုး တည်ငြိမ်ရင် တက်တဲ့ လစာဟာ တန်ဖိုး ရှိပါ တယ်။ ကုန်ဈေးနှုန်းနဲ့ မဆိုင်ဘူး။ ငွေတန်ဖိုး မတည်ငြိမ်ဘူးဆိုရင် ဘယ်လောက်ပဲ တက်တက် စောစောက ပြောတဲ့ ကုန်ဈေးနှုန်း ဈေးတက်တာနဲ့ စားသွားပါတယ်” ဟုလည်း ပြောသည်။
သို့သော် လစာတိုးပေးလျှင် ကုန်ဈေးနှုန်းလည်း လိုက်ပါမြင့်တက်လေ့ရှိပြီး လက်ရှိတွင် ကုန်ဈေနှုန်း မြင့်တက်လာခြင်း ထက် ငွေတန်ဖိုး ရှိလာစေရန် လုပ်ဆောင်ရန် လိုအပ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။
“လစာတွေ တိုးပေးမယ်ဆိုရင် ကုန်ဈေးနှုန်းက လိုက်လိုက် တက်လာတယ်။ ဒါကထုံးစံပေ့ါ။ ကုန်ဈေးနှုန်း တက်တာထက် ငွေကို တန်ဖိုးရှိအောင် လုပ်ရတယ်။ လစာတိုးရင် ကုန်ဈေးနှုန်းတက်တာကတော့ ထုံးစံပဲ” ဟု ၎င်းက ပြောသည်။
မြန်မာ စားသုံးသူများ သမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်ကမူ ကုန်ဈေးနှုန်း မြင့်တက်လာရခြင်း၏ နှစ်ပေါင်းများစွာ သိသာ သော အကြောင်းရင်းမှာ အဂတိ လိုက်စားမှုများကြောင့်ဖြစ်ပြီး ယင်းအချက်ကို စာရင်းဇယားနှင့် တကွ ကိုင်တွယ်နိုင်မည် ဆိုလျှင် ကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် ပတ်သက်ပြီး အားနည်းချက် အားသာချက်များကို ရှာနိုင်မည်ဟု ဧရာဝတီသို့ ပြော သည်။
“ကျနော်တို့ကတော့ ကုန်ဈေးနူန်းသည် ဝန်ထမ်းတွေ လစာပိုတိုးလာနိုင်တာကို မျှော်လင့်ပြီး တက်ပစ်လိုက်တယ်လို့တော့ သိပ်မထင်ဘူးပေါ့။ ဝယ်အားများလို့ ဈေးတက်လာတယ်။ တက်သွားရင်လည်း လူတွေရဲ့ လောဘကြောင့် ပြန်မချချင် တော့ ဘူး ဈေးချရင်လည်း အရင်ဈေးလောက် ပြန်မဖြစ်တော့ဘူး” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဦးမောင်မောင်က “ဒါက တယောက်က လုပ်ထားရင် နောက်လူတွေလည်း လိုက်ပါပြီး ပြန်မဆင်းနိုင်တော့တဲ့ အခက်အခဲတွေ့ပြီး ကုန်ဈေးနှုန်းက ကြီးပြီး ရပ်နေတာဖြစ်တယ်။ အကုန်လုံး ခက်ခဲတယ်။ ဒါကြောင့် အားလုံးပြန်ကြည့်ပြီး တော့ ဘယ်သူက ဒီထဲမှာ အကျိုးအမြတ် ပိုရှိတယ်ဆိုတာ သိသာပြီး ဒါတွေ ထိန်းသိမ်းကိုင်တွယ်နိုင်ရင် ကုန်ဈေးနှုန်းက ထပ်ပြီးလည်း မတက်ဘူးပေါ့” ဟုလည်း ရှင်းပြသည်။
ဈေးကွက်အတွင်း၌မူ ကုန်ဈေးနှုန်းအခြေအနေမှာ လွန်ခဲ့သည့် ခြောက်လခန့်ကပင် တဖြည်းဖြည်း တက်ခဲ့သည့် ဈေးနှုန်း နှင့် ဖြစ်နေပြီး ယခုလ သင်္ကြန်ကာလ အတွင်း၌ တချို့ကုန်ပစ္စည်းများ ဈေးအနည်းငယ် တက်ရုံမှအပ ရုတ်တရက် ဈေးနှုန်း ကြီးမြင့်သွားခြင်းမျိုး မရှိကြောင်း အိမ်ရှင်မ တချို့က ပြောသည်။
“လစာကလည်း တိုးမယ်လို့ အသံကြားနေတာ။ တကယ်မတိုးသေးတော့ ကုန်ဈေးနှုန်းကိုလည်း စောင့်ကြည့်ရဦးမှာပေါ့။ အခု ဈေးမှာတော့ တချို့ကုန်ပစ္စည်းတွေ ဈေးနည်းနည်းတက်တယ်။ ၁ ရာ ၂ ရာလောက်ပေါ့။ လက်ရှိကုန်ဈေးနှုန်းကို ဈေး ကိုပဲ ထပ်မတက်ဘဲ အကျဘက်ပဲသွားစေချင်တယ်” ဟု ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် အိမ်ရှင်မ ဒေါ်ခင်နုက ပြောသည်။
ယခုလက်ရှိ သင်္ကြန်ကာလအပြီး၌ လစာတိုးခြင်းနှင့်မဆိုင်ဘဲ ဈေးကွက်အတွင်း ဆန်ဈေးနှုန်း ဈေးတက်နေပြီး ဆန်ကြမ်း မှာ တရုတ်ဝယ်လိုအား အနည်းငယ်ပြန်ဖြစ်လာသောကြောင့် တအိတ်လျှင် ကျပ် ၁ ထောင်ခန့် ဈေးတက်လျက်ရှိ ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှ ကုန်သည် ဦးချမ်းက ပြောသည်။
ဆန်အချော အုပ်စုတွင်လည်း ဝယ်လိုအား များလာခြင်း ဆန်ရှားလာသဖြင့် ယခင်ထက် တအိတ်လျှင် ငွေကျပ် သုံးထောင် ခန့် ဈေးတက်သွားကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှ သိရသည်။