Reuters သတင်းထောက် နှစ်ဦးကို ရဲမှူးချုပ် တင်ကိုကိုမှ ဦးစီးကာ အမှုဆင်ဖမ်းခဲ့ကြောင်း တရားခွင် အတွင်းဖွင့်ချ ထွက် ဆိုခဲ့သည့် ဒုရဲမှူးမိုးရန်နိုင် အပေါ် အခြေခံ လူ့အခွင့်အရေးများ ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ အမျိုး သား လူ့အခွင့်အရေး ကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနသို့ ယမန်နေ့လည်ပိုင်းက စာပို့ တောင်းဆို လိုက်သည်။
အမှတ် ၈ လုံခြုံရေး ရဲတပ်ရင်းမှ ဒုရဲမှူး မိုရန်နိုင်အနေဖြင့် ရခိုင်အရေးသတင်းအချက်အလက်များအား သတင်း ထောက် များထံ ပေးပို့သည်ဟု ယူဆကာ ရဲတပ်ရင်းအချုပ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၂ရက်နေ့ ညကတည်းက စတင်ကာ မိသားစုနှင့် တွေ့ခွင့်မရဘဲ ချုပ်နှောင်ထားသည်မှာ ရက်ပေါင်း ၁၂၀ကျော် ရှိပြီဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များက ပြော သည်။
လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က “ ဥပဒေနဲ့မညီဘဲ ချုပ်တယ်ဆိုရင်တောင် လူ့အခွင့်အရေး ချိုး ဖောက်မှုဖြစ်နေပြီ၊ မိသားစုနဲ့ တွေ့လိုက်လို့ စစ်ဆေးမှုတွေကို ထိခိုက်နိုင်တယ် ဆိုရင် တွေ့ခွင့်မပေး ဘဲထားလို့ရတယ်၊ လုပ်ထုံးလုပ်နည်းအရရှိမှာပဲ၊ တမင်တွေ့ခွင့်မပေးဘဲ ထားတယ်ဆိုရင်တော့ လူ့အခွင့်အရေး ချိုးဖောက်တာပါပဲ” ဟု ပြောသည်။
ဒုရဲမှူး မိုးရန်နိုင်အနေဖြင့် ဖမ်းဆီးခံရပြီးနောက် ပထမဆုံးအကြိမ် ဧပြီ ၂၀ ရက်နေ့ ရုံးချိန်း၏ တရား ခွင်တွင် သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ဖမ်းဆီးခဲ့ပုံများကို ဖွင့်ချ ထွက်ဆိုခဲ့ပြီး နောက် ၎င်း၏ မိသားစုကိုလည်း နေပြည်တော် ရဲဝန် ထမ်းအိမ်ရာမှာ ဖယ်ရှားရန် ညွှန်ကြားခြင်း ခံခဲ့ရသည်။
၎င်းအဖြစ်အပျက်များအပေါ် အခြေခံပြီး မြန်မာသတင်းသမားများ ကာကွယ်ရေကော်မတီ(PCMJ) ကလည်း သတင်း ထောက် နှစ်ဦးနှင့် ဒုရဲမှူး မိုးရန်နိုင်တို့ ဖမ်းဆီးခံရမှုအခြေအနေ များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိမရှိ စုံစမ်း ဆောင်ရွက်ပေးရန် လူ့အခွင့်အရေးကော်မရှင်ထံ ဧပြီ ၂၃ ရက်နေ့မနက်ပိုင်းက တိုင်ကြားစာ ပေးပို့ခဲ့သည်။
တိုင်ကြားမှုနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်မှ ပြည်ထဲရေးဝန်ကြီးဌာနထံသို့ ယမန်နေ့ ရက်စွဲဖြင့် ပေးပို့ သည့်စာ တွင် ဒုရဲမှူး မိုးရန်နိုင်ကိစ္စ တခုတည်းကိုသာ အလေးပေးဖော်ပြခဲ့ သည့် အတွက် အားမရမိကြောင်းနှင့် ကော်မရှင်အနေဖြင့် လည်း ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများ ကိုကာကွယ်နိုင်ရန် ယခုထက်ပိုမို၍ ရွပ်ရွပ်ချွံချွံဆောင်ရွက်လာနိုင်ရန် မျှော်လင့်မိကြောင်း PCMJ ဦးဆောင်သူ ကိုသာလွန်ဇောင်းထက်က ပြောသည်။
ကိုသာလွန်ဇောင်းထက်က “ဝလုံးတို့ကိစ္စက တရားရုံးရောက်နေတဲ့ ကိစ္စဖြစ်လို့ ကော်မရှင်ဥပဒေအရ လုပ်မရ ဘူးလို့ပြော တယ်၊ အားတော့မရဘူး၊ နှစ်ခုမှာ တခုလုပ်ပေးတာကပဲ ဘာမှမရှိတာထက်စာရင် အများကြီးအကျိုး ပြုပါတယ်၊ ဒုရဲမှူး ထွက်ချက်အရ သူတို့က ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်တာပေါ်လွင်တယ်၊ ဥပဒေကို စောင့်ရှောက်ရမယ့်သူတွေက ဒီလိုလုပ်တာက အရှက်မရှိတဲ့လုပ်ရပ်ပါပဲ” ဟု ပြောသည်။
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သတင်းထောက်နှစ်ဦးအား ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည် ဆိုခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၄၇နှင့် ၃၅၃ တို့ကို ချိုးဖောက်နေခြင်းဖြစ်သည့်အတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပေးနိုင်ရန် သမ္မတရုံးနှင့် လွှတ်တော်ကော်မတီများထံ တင်ပြတိုင်ကြားမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း PCMJ ဘက်ကပြောသည်။
လက်ရှိတွင် ဒုရဲမှူး မိုးရန်နိုင်အား မည်ကဲ့သို့အရေးယူဆောင်ရွက်မှုများ ပြုလုပ်ထားသည်ကို ရဲတပ်ဖွဲ့မှ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
လက်ရှိအမှုအခြေအနေများတွင် လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဒုရဲမှူးမိုးရန်နိုင်ထံသို့ သွားရောက်တွေ့ဆုံရန် အစီအစဉ်မရှိကြောင်းနှင့် ၎င်း၏ဇနီးဖြစ်သူ မတူးတူးနှင့် တွေ့ဆုံရန်လည်မှာလည်း စဉ်းစားသုံးသပ်ဆဲအခြေအနေသာ ရှိကြောင်း ဦးယုလွင်အောင်က ပြောသည်။