ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ အတွင်းရှိ ဘုရားကျောင်းများတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၂ ဦး နေရာထိုင်ခင်းနှင့် စားရေးသောက်ရေး အဆင်မပြေ ဖြစ်နေကြောင်း သတင်းရရှိသည်။
စစ်ဘေးရှောင်ဒုက္ခသည်များကို ကယ်ဆယ်ရေး တာဝန်ယူပေးနေသူ တဦးဖြစ်သည့် ကချင်အမျိုးသမီးများ သမဂ္ဂမှ ဒေါ်ဆွတ်ဆိုင်းထွယ်က “အခုလောလောဆယ် နမ္မတီးက ဘုရားကျောင်းတိုင်းမှာ စစ်ဘေးရှောင် IDPs တွေ ရှိနေပါတယ်။ နေရာ အားလုံးမှာ အဆင်ပြေတာ မရှိပါဘူး။ အားလုံးက ဟောခန်းထဲက သံမံတလင်းမှာ ဘေးပတ်လည် အကာမရှိဘဲ နေနေရပါတယ်” ဟု ပြောသည်။
နမ္မတီးမြို့ရှိ ကချစ်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၊ ကတ်သလစ်ဘုရားကျောင်းနှင့် အင်ဂလိဂန် ဘုရားကျောင်းတု့ိတွင် ပြေးလာသည့် စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၂ ဦး ခိုလှုံနေပြီး ၎င်းတို့မှာ အသက် ၁၈ နှစ်အောက် အမျိုးသမီး ၂၃၁ ဦး၊ အမျိုးသား၂၄၄ ဦး၊ အသက် ၁၈ နှစ်အထက် အမျိုးသမီး ၂၃၂ ဦးနှင့် အမျိုးသား ၂၁၄ ဦး၊ အသက် ၆၀ အထက် အမျိုးသမီး ၄၂ ဦးနှင့် အမျိုးသား ၃၉ ဦးတို့ ဖြစ်ကြောင်း သိရသည်။
ဒေါ်ဆွတ်ဆိုင်းထွယ်က “ဆန်အိတ်တွေလည်း အလုံအလောက် မရှိပါဘူး။ ရှိတာကလည်း ၃ ရက် ၄ ရက် တပတ်လောက် ပဲ ခံမယ်။ နောက်ရက်တွေအတွက် အများကြီးလိုနေပါတယ်။ အခုထိ ဘယ်အဖွဲ့မှ လာလှူတာ မတွေ့သေးလို့ ကျမတို့ လည်း အံ့သြနေတာ။ အစားအသောက်ကလည်း ဘုရားကျောင်းကပဲ တာဝန်ယူထားရတဲ့ အနေအထားပါ” ဟု ပြောသည်။
စစ်ဘေးရှောင် ဒုက္ခသည်များထဲတွင် အမျိုးသမီးများ တဝက်ခန့် ပါဝင်ပြီး ဘုရားကျောင်းဟောခန်းထဲတွင် မိသားစုများ အ ကာအရံမရှိပဲ နေထိုင်နေရသဖြင့် အမျိုးသမီးများ ရေချိုး၊ အဝတ်လဲရာတွင်လည်း လုံခြုံမှုမရှိကြောင်း၊ ထိုအချက်သည် လည်း စစ်ဘေးရှောင်များကို ကူညီရာတွင် ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည့် အချက်တခု ဖြစ်ကြောင်း ဒေါ်ဆွတ်ဆိုင်း ထွယ်က ဆိုသည်။
စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၂ ဦးတို့သည် နမ္မတီးမြို့နှင့် ၁၀ မိုင်ကျော် ဝေးသည့် ကဆုန့်ကျေးရွာနှင့် ဇွပ်မိုင် ကျေးရွာမှ ဒေသခံများ ဖြစ်ပြီး ဧပြီလ ၂၂ ရက်၌ ၎င်းတို့ ရွာများအနီး တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တပ် မဟာ (၂) လက်အောက်ခံ တပ်ရင်း ၁၁ တို့ တိုက်ပွဲများ ဖြစ်ပွားပြီး ရဟတ်ယာဉ်များဖြင့်လည်း ဗုံးများ ကျဲလာသဖြင့် ကြောက်လန့်ပြီး ထွက်ပြေးကြခြင်း ဖြစ်သည်။
၎င်းတို့မှာ ဧပြီလ ၂၂ ရက် ညနေပိုင်းကတည်းက ကဆုန့်ကျေးရွာ ဘုရားကျောင်းတွင် စုပေါင်းနေခဲ့ကြပြီး ဧပြီလ ၂၃ ရက် မနက်ပိုင်းတွင် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၅၀၀ ခန့်မှာ နမ္မတီးမြို့သို့ ရောက်ပြီး လမ်းလျှောက်ပြေးလာရသည့် ဒုက္ခ သည် ၂၀၀ ကျော်မှာ လမ်းတွင် တပ်မတော် စစ်ကြောင်းများက ပိတ်ဆို့ပြီး လာရာလမ်းကို ပြန်ရန် တားမြစ်ခြင်းခံခဲ့ရပြီးမှ နမ္မတီးမြို့ကို ရောက်လာခဲ့ခြင်း ဖြစ်သည်။
ကျန်သည့် ဒုက္ခသည် ၁၈၀ ကျော်မှာလည်း တောလမ်းမှ တဆင့် ၃ ရက်တိုင် ပြေးနေရပြီး ဧပြီလ ၂၂ ရက်မှ နမ္မတီးမြို့သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဒေါ်ဆွတ်ဆိုင်းထွယ်က တိုက်ပွဲများကြောင့် ပြေးလာရသည့် ပြည်သူများကို အစိုးရ အနေဖြင့် လုံခြုံရေး၊ စားဝတ် နေရေး အတွက် တာဝန်ယူပေးစေလိုကြောင်း ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအရ မပြေလည်ဘဲ တပ်မတော်နှင့် တိုက်ခိုက်နေပင်ဖြစ်စေ ပြည်သူများကို တာဝန်ယူရမည်မှာ အစိုးရဖြစ်သည်ဟုလည်း ပြောသည်။
ကဆုန့်ကျေးရွာ ပြေးလာပြီး နမ္မတီးမြို့၊ လန်ဘရော့ယန်ဘုရားကျောင်းတွင် ခိုလှုံနေသည့် သင်းထောက်ဆရာ ဦးလဂျောင် က “စိတ်ထဲတမျိုးကြီး ခံစားနေရတယ်။ ကျနော်တို့ကို လက်ခံထားတဲ့အသင်းတော်ကိုလည်း နည်းနည်း အားနာနေတာ။ စားဖို့သောက်ဖို့ နေထိုင်ဖို့အတွက် အားနာလို့ ထိုင်ရမလို ထရမလို ခံစားနေရတယ်။ ရွာကို ပြန်ဖို့လည်း အသက်အန္တရာယ် ရှိတော့ ပြန်ဖို့ ကြောက်တယ်။ မဖြစ်နိုင်ဘူး။ နေဖို့ကလည်း လာလှူကြတာ မတွေ့တော့ နေဖို့လည်း အားနာနေတယ်” ဟု ဆိုသည်။
ဦးလဂျောင်အပါအဝင် ကဆုန့်ကျေးရွာနှင့် ဇွပ်မိုင်ကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည်များမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လက လည်း တပ်မတော်နှင့် KIA တိုက်ပွဲများကြောင့် နမ္မတီးမြို့တွင် ၁၀ ရက်ခန့် စစ်ဘေးရှောင်ဒုက္ခသည် အဖြစ် ခိုလှုံဖူးသည်။
ထိုစဉ်က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) တို့က နှစ်ဖက်တပ် များနှင့် ညှိနှိုင်းပြီး နေရပ်ကို ပြန်ပို့ထားရာ ယခုအခါ ဒုတိယအကြိမ် ထပ်မံ စစ်ဘေးရှောင်လာကြရခြင်း ဖြစ်သည်။
နမ္မတီးမြို့၊ လန်ဘရော့ယန်ဘုရားကျောင်းမှ သင်းအုပ်ဆရာကြီး ဦးလရိန်ကလည်း “ကျနော့်ကျောင်းမှာ မိသားစု ၁၁စု၊ လူဦးရေ ၄၉၈ ယောက်ရှိပါတယ်။ တခြားစခန်းတွေက စာရင်းတွေတော့ ကျနော် မသိပါဘူး။ အားလုံးသိအောင် ပြောချင် တာက စားသောက်ဖို့ နေထိုင်ဖို့သောက်သုံးရေက အစ တော်တော့်ကို ခက်ခဲတာ ကြုံတွေ့နေရပါတယ်” ဟု ပြောသည်။
သင်းအုပ်ဆရာကြီး ဦးလရိန်က ၎င်း၏ ဘုရားကျောင်းတွင် ခိုလှုံနေသူ စစ်ဘေးရှောင် ဒုက္ခသည် ၄၉၈ ဦး အတွက် တရက် စာ ထမင်းချက်ရန် ဆန် ၇ အိတ်ခန့် ကုန်ကြောင်း လက်ရှိ၌ အဖွဲ့အစည်းများ လာရောက် ကူညီခြင်း မရှိသေးဘဲ ဘုရား ကျောင်းနှင့် ကျေးရွာက ကူညီထားကြောင်း တပ်မတော်မှ ဗိုလ်မှူးကြီးတဦးက ဆန် ၁၀ အိတ် လာလှူထားသည်ကိုသာ လက်ခံထားကြောင်း ပြောသည်။
မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က နမ္မတီးမြို့ရောက် စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၂ ဦး ကိစ္စကို ပြည်နယ်အစိုးရအဖွဲ့ထံ အကြောင်းကြားထားပြီး ပြည်နယ်အစိုးရနှင့် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးက စစ်ဘေးရှောင်ဒုက္ခသည်များ အိမ်ထောင်စုအလိုက် စားနပ်ရိက္ခာများ လာရောက် ထောက်ပံ့ဟု သိထားကြောင်း ပြောသည်။
“လက်ရှိကတော့ ပစ်သံခတ်သံကလည်း မရပ်သေးတော့ တော်တော်နဲ့ မပြန်နိုင်လောက်ဘူးထင်တယ်။ အဲဒါက အားလုံး ခေါင်းခဲနေရတဲ့ ပြဿနာပဲဗျာ။ ဘယ်လိုဆက်သွားကြမလဲပေါ့။ တဖက်ကလည်း ငြိမ်းချမ်းရေး အတွက် ပြောနေတာတွေ ရှိတယ်။ တဖက်ကျတော့လည်း ပစ်နေခတ်နေတော့ ငြိမ်းချမ်းရေးထိ သွားဖို့ကတော့ အချိန်တခုလိုဦးမယ်။ စောင့်ရဦးမယ် လို့ပဲ ကျနော်တွက်တယ်” ဟုလည်း ဦးဝင်းနိုင်က ပြောသည်။
ဧရာဝတီက နမ္မတီးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများကို မေးမြန်းရန် တပ်မတော်နှင့် KIA ကို ဆက် သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
သို့သော် KIA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (Northern Alliance -Burma)၏ လူမှုကွန်ရက် စာမျက်နှာတွင် ကချင်ပြည်နယ်တွင်း တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းအချက်အလက် ရေးသားဝေမျှထားပြီး ထိုထဲတွင် ဧပြီလ ၂၀ ရက်မှစ၍ တပ်မတော်က ကဆုန့်ကျေးရွာအနီးရှိ KIA တပ်ရင်း (၁၁) ကို လက်နက်ကြီးများ၊ လေယာဉ်ပေါ်မှ ဗုံးများကျဲချ ခဲ့ကြောင်း ရေးသားထားသည်။
KIA တပ်ရင်း (၁၁)မှာ နေရာယူထားသည့် နေရာမှ ယာယီဆုတ်ပေးခဲ့ကြောင်း၊ နမ္မတီးမြို့အပြင် အင်းတော်ကြီး ဒေသရှိ KIA တပ်ရင်း (၂၆) နေရာတွင်လည်း ပစ်ခတ်မှုများ ခံရသဖြင့် KIA စခန်းကို ယာယီ ဆုတ်ပေးခဲ့ကြောင်း KIA တပ်မဟာ (၃) မိုင်ဂျာယန်မြို့၊ ပါကထောင် စစ်ဘေးရှောင်စခန်းနှင့် အင်ခေါင်ပါ စစ်ဘေးရှောင် စခန်းတို့အနီးတွင်လည်း တပ်မတော် က လက်နက်ကြီးများဖြင့် ဧပြီလ၂၀ ရက်က ပစ်ခတ်သဖြင့် လက်နက်ကြီးကျည် ၁၇ လုံး ပေါက်ကွဲထားကြောင်း မြောက် ပိုင်းမဟာမိတ်အဖွဲ့က ရေးသားထားသည်။
ထို့ပြင် KIA၏ လိုင်ဇာဌာနချုပ်၊ တပ်မဟာ(၅) ဧရိယာကိုလည်း တပ်မတော်က လက်နက်ကြီး အချက် ၃၀ ကျော်ပစ်ခတ် ကြောင်း၊ ဧပြီလ ၂၀ရက်တွင် ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် KIA တပ်ရင်း (၆) တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း၊ ဧပြီ လ၂၁ ရက်တွင်လည်း တနိုင်းမြို့နယ်၊ လီဒိုလမ်းမ၊ ဖားကန့်မြို့နယ်နှင့် အင်းတော်ကြီးမြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း ရေးသားထားသည်။
KIAသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် တခု ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်ပြီး ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၆ နှစ်ကျော်ရှိပြီဖြစ်သည်။
၆ နှစ်ကျော်ကာလအတွင်း ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးရပြီး လူဦးရေ ၁ သိန်းခွဲခန့်မှာ စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ် စစ်ဘေးရှောင်စခန်းများနှင့် ဘာသာရေးကျောင်းများတွင် ခိုလှုံနေရဆဲ ဖြစ်သည်။