သတင်း

NVC ကဒ်ကိုင်သူများ လွတ်လပ်သွားလာခွင့်အစီအစဉ် ကြံ့ခိုင်ရေးပါတီ ကန့်ကွက်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒုက္ခသည်ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်တွင် NVC ကိုင်ဆောင်သူများ အား လွတ်လပ်စွာ သွားလာခွင့်ပြုမည့်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး) ကပြောသည်။

ရန်ကုန်မြို့ ၊ သံလွင်လမ်းရှိ ပါတီရုံးတွင် ယနေ့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပါတီခေါင်းဆောင်များ က အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင်လည်း နိုင်ငံသား မဖြစ်သေးသူများအား နိုင်ငံသား အခွင့်အရေးပေးမှုအပေါ် အရေးကြီး အဆိုတရပ်တင်သွင်းမည်ဖြစ်ကြောင်းလည်း ၎င်းတို့ကပြောသည်။

ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က “ NVC ကဒ်ကိုင်ဆောင်ထားတဲ့ ပုဂ္ဂိုလ်တွေကိုသာ တနိုင်ငံလုံးလွတ်လပ်စွာ သွားလာခွင့်ပေးတယ်ဆိုရင် တရားဥပဒေစိုးမိုးရေးကိစ္စတွေ၊ မလိုလားအပ်တဲ့ အမျိုးသားရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အလွန် အန္တရာယ်ကြီးမားတယ်ဆိုတာ အသိပေးလိုပါတယ်” ဟုပြောသည်။

မြန်မာအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ဝင်ရောက်လာမည့် သူများအား ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ စစ်ဆေးခြင်း၊ နိုင်ငံအတွင်း အမှန်တကယ် နေထိုင်ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ခြင်းများ ဆောင်ရွက်ကာ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို National Verification Card(NVC) ကဒ်ထုတ်ပေးလျှက်ရှိသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ၏ အစဉ်အရ NVC ကဒ်ကိုင်ဆောင်သူများအား ကန့်သတ်ချက်များ လျှော့ချကာ လွတ်လပ်စွာသွားလာခွင့်ပေးမည့် အခြေအနေများကိုလည်း ဧပြီ ၁၉ ရက်နေ့ ရန်ကုန်မြို့တွင်ပြုလုပ်သည့် ကော့ဘဇာနှင့် ဒါကာ ခရီးစဉ်အတွေ့ အကြုံများ ရှင်းလင်းပွဲတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ ဝင်းမြတ်အေးက “ NVC ကဒ်ကိုင်ဆောင်ထားတဲ့သူက လဝက ပုံစံ-၄ ကိုဖြည့်ပြီးရင် သက်ဆိုင်ရာကို အကြောင်းကြားပြီးတော့ သွားချင်တဲ့နေရာ သွားလို့ရပြီ၊ ဒါကိုကျနော်တို့လက်တွေ့ လုပ်ဆောင်နေပါတယ်” ဟု ရှင်းလင်းပွဲတွင် ပြောထားသည်။

မြန်မာအစိုးရအနေဖြင့် မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံချက် ၈၈ ချက်တွင် ၅၇ ချက်အား ထိထိမိမ ိဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် ကျန် ၃၁ ချက်ကိုလည်း ကြိုးစားဆောင်ရွက်သွားရန် လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး ဒုက္ခသည် ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာတိမ်းရှောင်သွားရကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပြောဆိုလျှက်ရှိသည်။

မြန်မာအစိုးရအနေဖြင့်လည်း ထွက်ပြေးတိမ်းရှောင်သွားများအား ပြန်လည်စိစစ်လက်ခံရေးလုပ်ငန်းစဉ်အတွက် စိစစ်ပြီးဖြစ်သည့် ဟိန္ဒူ ၅၀၀ ဦးနှင့် မွတ်ဆလင်ဘာသာဝင် ၇၅၀ ဦးစာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပေးပို့ခဲ့သော်လည်း မည်သည့်ပြန်ကြားချက်မှ မရသေးကြောင်း မြန်မာအစိုးရတာဝန်ရှိသူများက ဧပြီ ၁၉ ရက်နေ့က ပြောထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီမှုအရ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးကို ဇန်နဝါရီ ၂၃ ရက်နေ့ကတည်းက စတင်ဆောင်ရွက်ရန် မြန်မာအစိုးရဘက်မှ ပြင်ဆင်ထားခဲ့သော်လည်း ယနေ့အထိ ပြန်လည်ဝင်ရောက်သူ ၅ ဦးသာရှိသေးကြောင်း အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက ဧပြီ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အစိုးရမှ နိုင်ငံသားမဖြစ်သေးသည့် NVC ကိုင်ဆောင်သူများအား လွတ်လပ်စွာသွားလာခွင့်ပြုမည့် အပေါ် ကြံ့ခိုင်ရေးပါတီအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ နိုင်ငံတော်သမ္မတထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့မည်ဖြစ်ကြောင်းလည်း ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading