သတင်း

ပါတီ စည်းကမ်း ချိုးဖောက်၍ အရေးယူခံရသည့် NLD ကိုယ်စားလှယ် ၄၀ နီးပါး ရှိလာ

Want create site? Find Free WordPress Themes and plugins.

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ စည်းမျဉ်း၊ စည်ကမ်းများကို ချိုးဖောက်သဖြင့် အရေးယူ ခံရသော NLD လွှတ်တော် ကိုယ်စားလှယ် ဦးရေသည် အစိုးရသစ် သက်တမ်းအတွင်း ၄၀ နီးပါး ရှိလာကြောင်း ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးညွှန့်က ဧရာဝတီသို့ ပြောသည်။

“အရင်က အရေးယူထားတာက ၃၅ ဦးလောက် ရှိတယ်။ အခုက ၃ ယောက်ဆိုတော့ ၃၈ ယောက်လောက် ဖြစ်လာပြီ။ ၄၀ နီးပါးပေါ့။ ဒါတွေက အခု အစိုးရ သက်တမ်း ၂ နှစ် အတွင်းမှာ အရေးယူထားတာတွေပါ”ဟု ဦးမျိုးညွှန့်က ပြောပြ သည်။

ဧပြီလ ၂၂ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော NLD ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင် ပြည်ထောင်စု အဆင့် လွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ တိုင်းဒေသကြီးအဆင့် လွှတ်တော် ကိုယ်စားလှယ် ၂ ဦးတို့ သည် ပါတီ စည်းကမ်း ချိုးဖောက်ခြင်း၊ ငွေကြေး ကိစ္စများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့် အညီ စနစ်တကျ ဆောင်ရွက်မှု မရှိခြင်းတို့ဖြင့် အရေးယူခံရမည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန် ထားသည်။

NLD ပါတီ၏ ပြောခွင့်ရသူ ဦးမျိုးညွှန့်က“ပါတီစည်ကမ်း မလိုက်နာဘူးဆိုတာက လူထုနဲ့ ဆက်ဆံတဲ့အခါ၊ အလုပ်အမှု ဆောင် အဖွဲ့နဲ့ ဆက်ဆံတဲ့အခါမှာ ကျနော်တို့ ညွှန်ကြားထားတာတွေ ရှိတယ်။ လွှတ်တော် ကိုယ်စားလှယ်ကလည်း ကိုယ်ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာ အလုပ်အမှုဆောင် အဖွဲ့ကို တင်ပြရမယ်။ ကိုယ့်ရဲ့ လွှတ်တော် လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာလည်း အမှုဆောင်အဖွဲ့နဲ့ ညှိနှိုင်းပြီး လုပ်ရမယ်”ဟု ဧရာဝတီသို့ ပြောသည်။

ငွေစာရင်းနဲ့ ပတ်သက်၍လည်း ငွေစာရင်းကို စနစ်တကျ ထားရှိရေး၊ လုပ်ငန်း ဆောင်ရွက်ရသည့် ငွေပမာဏများပါက များသလို လုပ်ငန်း ကော်မတီများ ဖွဲ့ပြီး လုပ်ဆောင်ရန်၊ ငွေစာရင်း ရှင်းလင်းရန်နှင့် လွှတ်တော် ကိုယ်စားလှယ်တဦး၏ ဂုဏ်သိက္ခာနှင့် လျော်ညီသည့် အပြုအမှု အပြောအဆိုများ၊ စည်းကမ်းလိုက်နာမှုများ မရှိ၍ အရေးယူရခြင်း ဖြစ် ကြောင်း လည်း ၎င်းက ရှင်းပြသည်။

လက်ရှိ NLD ပါတီသို့ တိုင်ကြားခံရသူများတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်၊ ရန်ကုန်တိုင်း ဆိပ်ကြီး ခနောင်တိုမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေနှင့် မွန်ပြည်နယ်မှ ရွေးချယ်ခံ လွှတ်တော် ကိုယ်စား လှယ်လည်းဖြစ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီးလည်းဖြစ်သူ ဦးမင်းထင်အောင်ဟန် တို့ ပါဝင်သည်ဟု ဆို သည်။

မှော်ဘီ၊ ထန်းတပင်နှင့် ရွှေပြည်သာ မြို့နယ်များ ပါဝင်သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ဦးဖေချစ်မှာ တသီးပုဂ္ဂလ အဖြစ် ရပ်တည်လိုသဖြင့် ပါတီသို့ နုတ်ထွက်စာ တင်ထားကြောင်း၊ မုဒုံဇာတိ ဗိုလ်မှူးဟောင်း ဖြစ်သူ ၎င်းကို ပါတီကလည်း သတိပေးမှုများ ရှိကြောင်း သိရသည်။

“သူက ဗိုလ်မှူး အငြိမ်းစား၊ ဦးဝင်းထိန်နဲ့ တပတ်စဉ်တည်း ဆင်းတာ။ မုဒုံသား၊ ပါတီက အကြိမ်ကြိမ် သတိပေးထား တယ်။ ပါတီကိုလည်း သူက ထွက်စာတင်ထားတယ်။ ထွက်စာကို ပါတီက လက်မခံဘူး။ ပါတီမူဘောင်ကို ကျော်လုပ် တယ်။ တသီးပုဂ္ဂလ ဆန်ဆန် ရပ်တည်နေတယ်”ဟု NLD ပါတီတွင်း သတင်းရင်းမြစ် တဦးက ပြောသည်။
ဦးဖေချစ်သည် ပါတီသို့ နုတ်ထွက်စာ တင်ထားသည်မှာ မှန်ကန်သော်လည်း ၎င်းနှင့် ပတ်သက်၍ မည်သည့် ဆုံးဖြတ် ချက်မှ မချရသေးဘဲ ပါတီတွင် မူလ ရာထူးတာဝန် အတိုင်းသာ ဖြစ်ကြောင်း ပါတီပြောခွင့်ရ ဦးမျိုးညွှန့်က ပြောသည်။

မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကမူ “ဦးဖေချစ်က တသီးပုဂ္ဂလ အဖြစ် ရပ်တည်ဖို့ ပါတီ ကို လျှောက်လွှာ တင်ပြီး နောက်ပိုင်းမှာ ကျနော်တို့နဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်တာမျိုး မရှိတော့ပါဘူး”ဟု ပြောဆို သည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်ကို ဧရာဝတီက ၎င်း၏ လက်ကိုင်ဖုန်း ၂ ခု စလုံးသို့ ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ထို့ပြင် ဆိပ်ကြီးခနောင်တို ကိုယ်စားလှယ် ဦးသန်းဆွေသည်လည်း မြို့နယ် အလုပ်အမှုဆောင် အစည်းအဝေးတွင် စကား ပြောဆိုရာတွင် မောက်မာသည်ဆိုသော စွပ်စွဲချက်ဖြင့် တိုင်ကြားခံရခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ပါတီဗဟိုသို့ သွားရောက် အစစ်ခံခဲ့ရကြောင်း၊ ယခု အရေးယူခံရမှုတွင် ပါ၊ မပါကိုမူ ၎င်းမသိသေးကြောင်း ပြောသည်။

“တိုင်တာတွေက အများကြီးထဲမှာ ကျနော့်ကိစ္စက သိပ်မကြီးတဲ့ ပြဿနာလေးပါ။ အမှန်တော့ အဂတိ ကိစ္စကို အဓိက ထား တိုင်ကြတာ။ ကျနော့်မှာတော့ အဲဒါမရှိဘူး။ သဘောထား မတိုက်ဆိုင်လို့ ဖြစ်တဲ့ ပုံစံလေးပါပဲ”ဟု ဦးသန်းဆွေက ရှင်းပြသည်။

မွန်ပြည်နယ် ဝန်ကြီး ဦးမင်းထင်အောင်ဟန်ကမူ ၎င်းမှာ ပါတီ၏ အရေးယူ ခံထားရခြင်း လုံးဝမရှိသလို သတင်းမှား သာ ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင်လည်း ပါတီ စည်းကမ်း ထိန်းသိမ်းရေးမှ အရေးယူမည့် လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦး အထိ ရှိနေပြီး ၎င်းတို့မှာ ပါတီတာဝန်မှ အနားပေးခံရခြင်း၊ သတိပေးခံရခြင်းတို့ ရှိနိုင်ကြောင်း NLD ပါတီမှ စုံစမ်း သိရှိရသည်။

NLD ပါတီတွင်း သတင်းရင်းမြစ်တဦးက “ပါတီ စည်းကမ်း ထိန်းသိမ်းရေးက အရေးယူဖို့ ၁၃ ယောက်ရှိတယ်လို့ သိရ တယ်။ ဒါပေမယ့် သူတို့တွေက ပါတီတာဝန် အနားခံရ၊ သတိပေးခံရလောက်ပဲ ရှိမှာ။ လုံးဝ မထုတ်ပစ်ဘူး။ အဲဒီလို လုပ်နေရင်လည်း လွှတ်တော်တွင်း လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိသွားမှာ”ဟု ပြောသည်။

NLD ကိုယ်စားလှယ်များတွင် ပါတီ၏ အရေးယူခံရသူများစွာ ရှိပြီး ကယားပြည်နယ် NLD ဥက္ကဋ္ဌ ဒေါက်တာ ခင်စည်သူ၊ ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဒေါ်မိုးမိုး၊ လူငယ် တာဝန်ခံ ဒေါက်တာ စိုးမိုးသူ၊ ရွှေပြည်သာ ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်း ဦးဉာဏ်လင်း၊ မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း တို့သည် လက်ရှိ ပါတီတာဝန်များမှ ရပ်နားသည် အထိ အရေးယူခံခဲ့ရကြောင်း သိရသည်။

၎င်းတို့ထဲတွင် ဒေါက်တာ စိုးမိုးသူမှာ အရေးယူခံခဲ့ရသော်လည်း ၎င်း၏ အယူခံတင်ပြချက်များအရ ပြဿနာဖြစ်ပွားခဲ့သည့် ဇနီးနှင့် တရားဝင် ကွာရှင်းပြီး ဖြစ်သည့်အပြင် မှုခင်းတစုံတရာလည်း မရှိတော့၍ ပါတီမူလတာဝန်များကို ပြန်လည်ထမ်းဆောင်ခွင့်ပြုပြီး ဖြစ်ကြောင်း သိရသည်။

နုတ်ဖြင့်၊ စာဖြင့် သတိပေးခံရသည့် ကိုယ်စားလှယ်များလည်း ရှိပြီး ယခင်က ယင်းသို့ အရေးယူမှု တာဝန်ကို NLD ပါတီ တွင် သြဇာရှိသူ တဦးဖြစ်သည့် ဦးဝင်းထိန် က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဦးဝင်းထိန်သည် NLD ပါတီ၏ သဘာပတိ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading