ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကွန်ကော်ရွာနှင့် အေးချမ်းသာ လီရှောရွာကို ဆက်သွယ် ထားသည့် ပန်ကျိုင် ကြိုးတံတားနှင့် တခြားသော ကွန်ကရစ် တံတား တစင်း ယနေ့နံနက်က အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖျက်ဆီးလိုက်ကြောင်း ကွန်ကော်ရွာ ဒေသခံများထံမှ သိရ သည်။
ယနေ့နံနက် ၇နာရီခွဲခန့်တွင် ပန်ကျိုင်ကြိုးတံတားကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လက်နက်ကြီး များနှင့် ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး၊ ထို့နောက် ပေ ၁၈၀ခန့်ရှည်သည့် မိုးကောင်း သံဘောင်တံတားကို လည်း နံနက် ၁၀နာရီခန့်တွင် ထပ်မံဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းဒေသသည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)တို့ လှုပ်ရှားမှု ပြုလုပ်နေသကဲ့သို့ ပြီးခဲ့သည့် မတ်လ အတွင်းကလည်း ကွန်ကော် ကျေးရွာအုပ်စုအတွင်း အဆိုပါ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။
ဒေသခံများကမူ မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို မသိကြောင်း ဆိုသည်။
ကွန်ကော်ကျေးရွာမှ ဒေသခံ တဦးက “မနေ့ညက လက်နက်ကြီးနဲ့ ပစ် မီးနဲ့ရှို့တာလို့ ပြောတယ်။ ကွန်ကော် အုပ်စုနဲ့ ကျောက်မဲကြီး အုပ်စုအစပ်မှာ ချောင်းကို ဖြတ်ထိုးထားတဲ့ တံတားပေါ့။ ကျောက်မဲကနေသွားရင် ၈ မိုင်၊ ၉ မိုင်ဝေးတဲ့နေရာမှာ တံတားကျော်ရင် ကွန်ကော်ကို တက်လို့ရပြီး ကွန်ကော်ကို သွားဖို့ အဲဒီ တလမ်းပဲ ရှိတယ်” ဟု ပြောသည်။
ဖျက်ဆီးခံရသည့် တံတား ၂စင်းကို အသုံးပြုပြီး ကွန်ကော်၊ ကျောက်မဲကြီး၊ ချမ်းသာ၊ လူချော စသည့် ကျေးရွာ များမှ ဒေသခံများမှာ လက်ဖက်၊ ပြောင်း စသည့် စိုက်ပျိုးရေး ထွက်ကုန်များကို ရောင်းချနေရသည့်အတွက် အရေးပါသည့် တံတားများဖြစ်သည်။
ကွန်ကော်ရွာမှ ဒေသခံ တဦးက “အရင်ကတည်းကိုက ဒီဒေသမှာ သွားလာရေး ခက်ခဲနေတာ ဒီတံတား ဖျက် လိုက်တော့ ပိုခက်ခဲသွား တယ်။ ကျနော်တို့ဘက်က အဲဒီတံတား ဖျက်ဆီးလိုက်တော့ စားဝတ် နေရေးတွေ လည်း ခက်ခဲတော့မယ်။ အရင်တုန်းကတော့ ကြိုးတံတားရှိတုန်းက ကျနော်တို့ မြင်းနဲ့ ရွာကနေ ကျောက်မဲကြီး အုပ်စု၊ ချမ်းသာရွာ၊ လူ ချောရွာ၊ တီဖိုရန်မား အထိလာတယ်။ အဲဒီကနေ တဆင့် ကျောက်မဲကို ကဲ့ယူတာ။ အဲဒီကနေ ရွာကို ၆ မိုင် လောက်ပဲ ရှိတယ်။ မြင်းနဲ့ အတက်အဆင်း လုပ်တယ်” ဟု ပြောသည်။
အဆိုပါ တံတား ၂ စင်းထဲမှ ကြိုးတံတားသည် ၁၉၉၉ ခုနှစ်က စတင် တည်ဆောက်ထားသော တံတား ဖြစ်ပြီး ကွန်ကရစ်တိုင် တံတားမှာ ၂၀၁၆ ခုနှစ်က ပြီးစီးသွားခဲ့သော တံတား ၁ စင်း ဖြစ်ကြောင်း ဒေသခံတို့က ဆို သည်။
“အရင်တုန်းက ကြိုးတံတား တခုနဲ့ပဲ ၉၉ ခုနှစ်က ဒီနောက် ပိုင်းကျတော့ ကားလေးရောက်တော့ အဲဒီမှာ ကား လေးသွားဖို့ တံတားနောက်တစင်း ပြီးခဲ့တဲ့ ၂ နှစ်လောက်ကမှ ပြီးတာ” ဟု ပြောသည်။
ယခုနှစ်၊ မတ် ၁၀ ရက်မှ ၁၇ ရက် အထိ TNLA နှင့် RCSS တို့ အကြား တိုက်ပွဲများ ကွန်ကော်ကျေးရွာ၊ တော့ဖယ်ကျေးရွာအနီး၌ အပြင်းအထန်ဖြစ်ပွားခဲ့ကြရာ တော့ဖယ်ကျေးရွာမှ နေအိမ် ၆ လုံး မီးလောင်ခဲ့ကာ ဒေသခံ ၃ ဦး လည်း သေဆုံးခဲ့ကြရသည်။
တော့ဖယ်ကျေးရွာ၊ ကွန်ကော်ကျေးရွာ၊ အုံးမွီးကျေးရွာ စသည့် ကျေးရွာများမှ ဒေသခံများ ကျောက်မဲမြို့ ပေါ်သို့ တိုက်ပွဲရှောင်သွားခဲ့ကြရပြီး ယနေ့ ချိန်ထိ မပြန်နိုင်ဘဲ ဖြစ်နေကြောင်းသိရသည်။
ကွန်ကော်ကျေးရွာတွင် ယခင်က အိမ်ခြေ ၈၀ ကျော်ရှိပြီး လူဦးရေ ၆၀၀ ကျော် နေထိုင်ကြသော်လည်း RCSS နှင့် TNLA ကြား တိုက်ပွဲကြောင့် လက်ရှိတွင် လူဦးရေ ၂၀၀ ကျော်သာ ကျန်ရှိတော့ပြီး တချို့မှာ တိုက်ပွဲရှောင် အဖြစ် ကျောက်မဲသို့ သွားရောက် နေထိုင်လျက်ရှိကြသည်။