သတင်း

အခွန်ထမ်းများသည် ကျေးဇူးရှင်များ ဖြစ်ကြောင်း မန်းတိုင်း ဝန်ကြီးချုပ် ပြော

Want create site? Find Free WordPress Themes and plugins.

အခွန်ထမ်းများသည် အစိုးရနှင့် ပြည်သူတို့၏ ကျေးဇူးရှင်များ ဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

“ပြည်သူတွေအတွက် လုပ်ပေးနိုင်ဖို့ အစိုးရမှာလည်း အခွန်ရမှဖြစ်ပါမယ်။ ဒီလို အခွန်ရလာအောင် ထမ်းဆောင်ကြတဲ့ သူတွေကို ကျနော်တို့အစိုးရက ပြန် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ဧပြီ ၂၃ ရက်နေ့က မန္တလေး မြို့တော်ခန်းမတွင် ကျင်းပသော ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် အခွန်အများဆုံး ထမ်းဆောင်သူ များအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားတွင် ဒေါက်တာ ဇော်မြင့်မောင်က ထိုသို့ပြောကြားခြင်း ဖြစ် သည်။

မန္တလေးတိုင်းအတွက် ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သည့် လုပ်ငန်း ရှင် ၅၀ အနက် နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီ၊ ကျော်ညိုမြင့် ကုမ္ပဏီ၊ ကျင်းလုံမြန်မာ ထရိတ် ဒင်း ကုမ္ပဏီ၊ စွမ်းအားမြင့် ကုမ္ပဏီနှင့် ဦးထွန်းဝင်း တို့က အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန (စီမံ/ဘဏ္ဍာ) ပြည်တွင်း အခွန်များ ဦးစီးဌာန က ထုတ်ပြန် ကြေညာသည်။

အလားတူ ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့် လုပ်ငန်းရှင် ၅၀ အနက် နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီ၊ ဥရောပ-အာရှ ကော်မာရှယ် ကုမ္ပဏီ၊ ကျော်ညိုမြင့် ကုမ္ပဏီ၊ လပ်ကီးဂရု ကုမ္ပဏီ နှင့် ကျင်းလုံ မြန်မာ ထရိတ်ဒင်း ကုမ္ပဏီတို့က အများဆုံးဖြစ်ကြောင်း သိရသည်။

“အခွန်ရှောင်နေတဲ့ သူရော၊ လက်ရှိ အခွန်ထမ်းနေတဲ့ သူတွေလည်း မှန်မှန်ကန်ကန် ဆက်အခွန်ထမ်းဖို့ နိုင်ငံတော် ဘက်ကလည်း အခွန်နဲ့ ပတ်သက်တဲ့ မက်လုံးမျိုး လုပ်ငန်းရှင်တွေကို ပေးသင့်တယ်လို့မြင်တယ်။ ဒါမှလည်း အပြိုင် အဆိုင် ဖြစ်လာမှာ။ အခုကတော့ စာရွက်ကလေးယူပြီး ပြန်လာရတာမို့ သိပ်တော့ ရင်မခုန်သေးဘူးပေါ့လေ” ဟု ၂ နှစ် ဆက်တိုက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ ၅၀ စာရင်းတွင် ပါဝင်သော အောင်သမာဓိ ရွှေဆိုင်မှ ဦးအောင်ဆန်းဝင်း က ဧရာဝတီကို ပြောသည်။

အစိုးရအနေဖြင့် အခွန်ထမ်း စာရင်းဝင်သူများအား တိုင်းအတွင်း နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ ဝင်လာပါက သက်ဆိုင် ရာ ကဏ္ဍအလိုက် ဖိတ်ခေါ်မိတ်ဆက်ခြင်း၊ အခွန်ထမ်းဆောင်သည့် ပမာဏအလိုက် လုပ်ငန်းအတွက် ရာခိုင်နှုန်း တခု သတ်မှတ်ကာ အခွန်လျှော့ပေါ့ ကင်းလွတ်ခွင့် ပြန်ပေးခြင်းတို့ ပြုလုပ်သင့်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

နှစ်စဉ် မန္တလေးတိုင်းဒေသကြီး အတွက် အခွန်မှရရှိငွေ ပျမ်းမျှ ကျပ် ဘီလီယံ ၁၀ မှ ၁၁ ဘီလီယံ ကြားရှိပြီး ပထမ အစိုးရ သက်တမ်း ၂ နှစ်အတွင်း ကျေးရွာ မီးလင်းရေး လုပ်ငန်းအတွက် အဓိကသုံးစွဲခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် တိုင်း အတွင်းမှ ကျေးရွာ စုစုပေါင်း ၅၀ ရာခိုင်နှုန်းနီးပါး လျှပ်စစ်မီးရရှိပြီ ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့မှ သိရသည်။

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က“ရလာတဲ့ အခွန်တွေကို ကျနော်တို့ အကျိုးရှိရှိ အသုံးပြုနေတယ် ဆိုတာလည်း သိစေချင်ပါတယ်။ ဒါမှလည်း တခြား အခွန်ထမ်းခွင့် ရှိတဲ့ ပြည်သူတွေလည်း အခုလို အခွန်ထမ်းဆောင်ကြတဲ့ သူတွေ ကို အတုယူစေချင်လို့ပါ”ဟု ပြောသည်။

မန္တလေးတိုင်း အစိုးရအနေဖြင့် ရရှိလာသည့် အခွန်များအား လာမည့် ဘတ်ဂျက် ကာလအတွင်း ကျေးလက်လမ်းများ နှင့် ဆည်မြောင်း ကိစ္စများ အတွက် အဓိက သုံးစွဲသွားမည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading