သတင်း

ထိန်ပင် အမှိုက်ပုံ မီးခိုးငွေ့ရှူမိသဖြင့် လှိုင်သာယာ ဆေးရုံသို့ လူနာ ၁၆ ဦးရောက်ရှိ

Want create site? Find Free WordPress Themes and plugins.

ယခုရက်ပိုင်း အတွင်း မီးလောင်ကျွမ်းလျက် ရှိသည့် ထိန်ပင် အမှိုက်ပုံမှ မီးခိုးငွေ့များ ရှူမိသဖြင့် လှိုင်သာယာ ဆေးရုံသို့ လူနာ ၁၆ ဦး ရောက်ရှိ လာခဲ့ကြောင်း လှိုင်သာယာ ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦး က ဧရာဝတီ သို့ ပြောသည်။

ရောက်ရှိလာသော လူနာများမှာ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါရှိသူများ၊ ပန်းနာရင်ကြပ် ရောဂါ ရှိသူများ၊ နှလုံး ရောဂါ အခံရှိသူများ သွေးတိုးနှင့် ဆီးချိုရောဂါ ရှိသူ သက်ကြီးရွယ်အို တချို့နှင့် ကိုယ်ဝန်ဆောင် မိခင်တဦးတို့ ပါဝင်ပြီး ကာဗွန်မို နောက်ဆိုဒ် အဆိပ် လက္ခဏာရှိ၊ မရှိကို စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ၎င်းက ပြောသည်။

ရန်ကုန် လှိုင်သာယာ ထိန်ပင် အမှိုက်ပုံ မီးခိုးငွေ့များကြား သွားလာ လှုပ်ရှားနေသူများ (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

ဧပြီလ ၂၃ ရက်နေ့တွင် ရောက်ရှိလာသော လူနာများထဲမှ ၃ ဦးမှာ သက်သာသွားပြီး စိတ်ချရသည့် အနေအထား ရှိ သောကြောင့် ယင်းညတွင်းချင်းပင် ဆေးရုံမှ ဆင်းသွားပြီး လက်ရှိ ၁၃ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးက“၃ ဦးကတော့ ညတွင်းချင်း သက်သာသွားတဲ့ အတွက် ပြန်သွားနိုင်ခဲ့ပါတယ်။ ကျန်တဲ့ ၁၃ ဦးကတော့ လှိုင်သာယာ ဆေးရုံကြီး ဆေးကုသဆောင်မှာ ဆက်လက်ဆေးကုသမှု ခံယူလျက်ရှိပါတယ်။ ၈၉ နှစ်လည်း ပါတယ်။ ၆၉ နှစ်လည်းပါတယ်။ ၉၄ နှစ်လည်းပါတယ်။ အဲဒီလူတွေက နှလုံးမကောင်းလို့ ကုသထားဖူးတဲ့ လူတွေ၊ နှလုံးမကောင်းဘူး။ သွေးတိုးလည်းရှိတယ်။ ဆီးချိုလည်းရှိတယ်။ နာတာရှည် အသက်ရှူလမ်းကြောင်း ရောဂါ သမား စသဖြင့် အဲဒီလို အနေအထားတွေပါ”ဟုလည်း ရှင်းပြသည်။

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန် အနီးရှိ ဧရိယာ စတုရန်း ဧက ၃၀၀ ခန့်ရှိသော အမှိုက်ပုံ သည် ဧပြီလ ၂၁ ရက်နေ့ ၁၂း၃၀ အချိန်ခန့်မှစတင်၍ မီးလောင်မှုဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်း သတ်ယာဉ် ၁၆ စီး၊ မီးသတ် ရေသယ်ယာဉ် ၁၄ စီး၊ မီးသတ် အထောက်အကူပြု ယာဉ် ၆ စီး၊ အုပ်ချုပ်မှုယာဉ် ၆ စီး၊ မီးသတ်စက် ယာဉ် ၁ စီး၊ မိတ်ဖက်ယာဉ် ၄ စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၂၁၃ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၁ ဦးတို့ဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ပြုလုပ်လျက ်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်က ထုတ်ပြန်ထားသည်။

ရန်ကုန် လှိုင်သာယာ ထိန်ပင် အမှိုက်ပုံ မီးခိုးငွေ့များကြား သွားလာ လှုပ်ရှားနေသူများ (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

လက်ရှိ အချိန်အထိ ဧရိယာစတုရန်း ဧက ၁၀၀ခန့် မီးလောင်နေခြင်းကြောင့် မီးခိုးများ အဆမတန် ထွက်ရှိနေပြီး အဆိုပါ မီးခိုးများသည် လေလမ်းကြောင်းအတိုင်း လိုက်ပါစီးမျောကာ လှိုင်သာယာမြို့နယ် မြောက်ဥက္ကလာပ မြို့နယ်၊ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်နှင့် အခြားလေလမ်းကြောင်း သင့်ရာ မြို့နယ်များတွင် မီးခိုးညှော်နံ့များ ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရ သည်။

စနေနေ့ကတည်းက တရပ်ကွက်လုံး မီးခိုများ ဖုံးလွှမ်းကာ နေထိုင်သူများမှာ ချောင်းဆိုး၊ ရပ်ကြပ်ခြင်း၊ အသက်မရှူနိုင်ဘဲ မောခြင်းများ ဖြစ်နေကြောင်း၊ သမီးဖြစ်သူမှာ ကိုယ်ဝန် ၇ လနှင့် ဖြစ်ကာ အသက်ရှူ အလွန်ကြပ်လာသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း လှိုင်သာယာ ၂၀ ရပ်ကွက်တွင် နေထိုင်သူ ဒေါ်ရီက ဧရာဝတီသို့ ပြောသည်။

“စနေ ညနေကတည်းက တရပ်ကွက်လုံးကို မည်းမှောင်ပြီး မြူတွေဆိုင်းနေသလိုပဲ။ တအိမ်နဲ့ တအိမ်တောင် လှမ်းလှမ်း ကြည့်လို့ မမြင်ရဘူး။ မှောင်မည်းနေတာ။ မနေ့ ညနေက တော်တော်ကြီးကို ဆိုးတာ မီးခိုးလုံးက မည်းမှောင်ပြီး ဆိုးဆိုး ရွားရွား ညှော်ပြီး ၆ နာရီထိုးကတည်းက တအိမ်နဲ့ တအိမ် မမြင်ရတော့ဘူး။ ကလေးတွေက ချောင်းတွေဆိုး၊ ရင်တွေကြပ် ပြီး မောနေတာ”ဟုလည်း ၎င်းက ပြောဆိုသည်။

ရန်ကုန် လှိုင်သာယာ ထိန်ပင် အမှိုက်ပုံ မီးခိုးငွေ့များကြား သွားလာ လှုပ်ရှားနေသူများ (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက်တွင် နေထိုင်သူ ဒေါ်မာလာမြင့် ကလည်း အဆိုပါ မီးလောင်မှုမှ အညှော်နံ့၊ မီးခိုးနံ့ များ ကြောင့် ညီမဖြစ်သူမှာ သတိလစ် မေ့မျောသွားသဖြင့် ဆေးရုံသို့ တက်ရောက်ကုသရခြင်း ဖြစ်ပြီး လတ်တလောတွင် ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အညှော်နံ့တွေ နံတယ်ဆိုပြီး ထမင်းလည်း မစားတော့ဘူး။ အအေးသောက်လိုက်၊ အန်လိုက်၊ အအေးသောက်၊ အန်လိုက်ဖြစ်တာ ည ၉ နာရီလောက်မှာ မွန်းသလိုလို၊ ကျပ်သလိုလိုနဲ့ အသက်ရှူ မဝတော့ဘူး။ မကြီးရေလာပါဦး ဆိုပြီး သူ့အိပ်ရာ နားလည်း ရောက်ရော မေ့လဲသွားတော့ ရပ်ကွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက မူးလဲတဲ့သူရှိရင် အကြောင်း ကြားပါ ဆိုပြီးမိုက်နဲ့ အော်ထားတော့ ရဝတရုံးကို အကြောင်းကြားတော့ အောက်ဆီဂျင်ကား လွှတ်ပြီး မေ့လျက်နဲ့ပဲ ဆေးရုံ ပေါ် ရောက်လာတာ။ အရေးပေါ်ခန်းရောက်မှ သတိရတာ”ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန် လှိုင်သာယာ ထိန်ပင် အမှိုက်ပုံ မီးခိုးငွေ့များကြား သွားလာ လှုပ်ရှားနေသူများ (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

အမှိုက်ပုံ မီးလောင်ခြင်းသည် ဘေးပတ်ဝန်းကျင်က လွန်စွာ အန္တရာယ်ရှိစေပြီး စွန့်ပစ်ပစ္စည်း၊ အမှိုက်များမှ လောင်ကျွမ်း ခြင်း ဖြစ်သဖြင့် ကာဗွန်မိုနောက်ဆိုဒ် ကဲ့သို့ အဆိပ်အတောက် ဖြစ်စေသည့် ဓာတ်ငွေ့ များစွာ ပါဝင်နိုင်ကြောင်း ကျန်းမာ ရေး ပညာရှင်များက ပြောဆိုကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading