ရန်ကုန်မြို့ရှိ ပြည်သူလူထု၏ ကျန်းမာရေးကို သက်ရောက်မှုရှိစေသော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုဿန်အနီး အမှိုက်ပုံ မီးလောင်မှုနှင့် ပတ်သက်၍ နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း အစိုးရသို့ ညွှန်ကြားရာ ဦးဖြိုးမင်းသိန်းနှင့် အဖွဲ့သည် ညတွင်းချင်း အစည်းအဝေးထိုင်၍ ပြန်လည် တင်ပြခဲ့ကြောင်း သတင်းရရှိသည်။
အမှိုက်ပုံမီးအရေး ပြည်ထောင်စုအစိုးရက ကူညီဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အစိုးရသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များကို သမ္မတရုံးက မနေ့က ညပိုင်းတွင် လှမ်းပြောခဲ့ခြင်း ဖြစ်ကြောင်း သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
“အတိုင်ပင်ခံ ပြောတာတွေကို ရန်ကုန်တိုင်းအစိုးရကို လှမ်းပြောပါတယ်။ ညတွင်းချင်းပဲ အစည်းဝေးထိုင်ပြီး ပြန်တင်ပြပါတယ်။ အခု ဘာဖြစ်နေတယ်၊ ဘာတွေလုပ်ပြီးပြီ၊ ဘာဆက်လုပ်မယ် ဆိုတာတွေကို ပြည်သူကို ကျယ်ကျယ်ပြန့်ပြန့်အသိပေးဖို့လည်း သူတို့ လုပ်နေပါတယ်”ဟု ၎င်းက ပြောသည်။
မနေ့ညက ပြုလုပ်ခဲ့သည့် အစည်းအဝေးမှာ ညနက်မှ ပြီးသဖြင့် မမီလိုက်သောကြောင့် ယနေ့တွင် အကြောင်းအရာ အစုံအလင်ကို သတင်း ထုတ်ပြန်ပေးလိမ့်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ထိန်ပင် အမှိုက်ပုံ မီးလောင်ကျွမ်းမှုအပေါ် လက်ရှိ ငြှိမ်းသတ်နေသည့် မြေပြင်ဆောင်ရွက်မှုများ၊ အမြန်ဆုံး မီးငြိမ်းနိုင်ရေးအတွက် ထပ်မံတိုးမြှင့်ဆောင်ရွက်မည့် အစီအမံများအတွက် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြိုးမင်းသိန်း၏ တရားဝင် ဖေ့ဘုတ်စ် စာမျက်မှာတွင် ည ၁၁ နာရီ ၄၅ မိနစ် ခေါင်းစဉ်ဖြင့် တင်ပြထားကြောင်း တွေ့ရသည်။
ယင်းမီးလောင်နေသည့် အမှိုက်ပုံနေရာသို့ မနေ့က ညနေပိုင်းက ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံသွားရောက်ခဲ့ပြီး တပ်မတော်က ရေစုပ်စက်များ၊ ရေသယ်ကားများ၊ မီးငြိမ်းသတ်ရေး ကူညီပေးနိုင်မည့် တပ်ရင်းတချို့နှင့် ၎င်းတို့ကို အထောက်အကူ ပေးနိုင်မည့် ဆေးတပ်ဖွဲ့များလည်း နေရာချထားပေးခဲ့ကြောင်း သိရသည်။
ရန်ကုန် လှိုင်သာယာ အမှိုက်ပုံမီးမှာ ဧပြီလ ၂၁ ရက်နေ့မှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မည်သည့်အကြောင်းနှင့် စတင် လောင် ကျွမ်းသည်ကို သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။ ကျန်းမာရေး ဝန်ကြီးဌာနကမူ မီးခိုးငွေ့နှင့် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ အန္တရာယ် ကျန်းမာရေး သတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။
ဝင်ရောက်ငြိမ်းသတ်လျက်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များမှာလည်း အသက်ရှုကျပ်ခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ ပြဿနာများ စတင်ရင်ဆိုင်လာရကြောင်း၊ အစပိုင်းတွင် အမှိုက်ပုံနှင့် နီးစပ်သည့် လှိုင်သာယာမြို့နယ်တွင် လေထု ညစ်ညမ်းမှုကို ခံစားခဲ့ရသော်လည်း မနေ့က ညပိုင်း လေငြိမ်သွားသဖြင့် ရန်ကုန်မြို့လည်ဘက်အထိ မီးခိုးများ ပြန့်နှံ့လာကာ လေထုညစ်ညမ်းမှုများ ဖြစ်ခဲ့သည်။
“အခု လှိုင်သာယာ ဆေးရုံကို ရောက်လာတဲ့သူ အတွင်းလူနာ ၁၄ ယောက်ပါ။ ၄ ယောက်က ဆင်းသွားပြီး ၁၀ ယောက်ကျန်နေတယ်။ ရန်ကုန်က ရင်ခေါင်း သမားတော်ကြီး ဒေါက်တာ ထွန်းထွန်းဝင်းကိုပါ ခေါ်ပေးထားတယ်။ အန်တီတို့ အပါအဝင် ကျန်းမာရေးက အမြဲတန်း အတွင်းဝန်ရော အကုန်လုံး လှိုင်သာယာကို ရောက်နေပါတယ်”ဟု နေပြည်တော် ကုသရေး ဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာ သီတာလှက ဧရာဝတီသို့ ပြောသည်။