မန္တလေးတိုင်းဒေသကြီးအတွင်း ဦးစားပေး စက်မှုကဏ္ဍများ အောက်ရှိ စက်ရုံ၊ အလုပ်ရုံများ ပတ်ဝန်း ကျင်ဆိုင်ရာ စီမံခန့် ခွဲ့ မှု EMP (Environmental Management Plan) အစီအစဉ်ကို လုပ်ငန်း သဘာဝအလိုက် တနှစ်အတွင်း ရေးဆွဲတင်ပြ ရ မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်က “NLD အစိုးရသစ် တက်ကာစမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် လျော့ရဲနေတာတွေ့ရတယ်။ အခု ဆိုရင် လုပ်ငန်း ၉ မျိုးကို ညွန်ကြားချက်ထုတ်ပြီး ဓာတုဆေး အသုံးပြုမှုများတဲ့ ဆပ်ပြာစက်၊ အရက်ချက် စတဲ့ စက်ရုံတွေ လုပ်ငန်း တွေကို တနှစ်အတွင်း EMP အစီအစဉ်ကို ရေးဆွဲတင်ပြဖို့ ညွှန်ကြားထားတယ်” ဟု ပြောသည်။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေမှာ ၂ဝ၁၅ ခုနှစ်က အပြီးသတ် ထွက်ရှိခဲ့ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်း ဥပဒေ ၅၅ ပါ ပြဌာန်းချက်အရ နိုင်ငံတဝှမ်းလုံး တည်ထောင်လုပ်ကိုင် ဆောင် ရွက်လျက်ရှိသော ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း(သို့) ကနဦး ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းများ ပြုလုပ်ရန် လိုအပ်လာပြီဖြစ်သောကြောင့် ယခုကဲ့သို့ ညွှန်ကြားချက်များ ထုတ်ပြန်ရခြင်းဟု သိရသည်။
“ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေက ၂ဝ၁၅ မှာ အပြီးသတ် ထွက်ရှိခဲ့တော့ တချို့လုပ်ငန်းရှင်တွက နားမလည်သေးဘူး။ ဒါကို ဦးစီးဌာနတွေက ကြပ်မတ်ပေးရတာပေါ့။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက စက်ရုံလုပ်ငန်းတွေကို ဘာတွေလုပ်ရမယ်ဆိုတဲ့ EMP ရေးဆွဲလုပ်ကိုင်ဖို့ စစ်ဆေးတာတွေ လုပ်နေတယ်။ လိုက်ပါ လုပ်ဆောင်ကြတဲ့အတွက် တိုး တက်လာတယ်လို့ ပြောရမယ်” ဟု ဦးမျိုးသစ်က ဆက်လက်ပြောသည်။
ယခုကဲ့သို့ လုပ်ဆောင်ရန် ညွှန်ကြားရခြင်းမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းအတွက် များစွာ အထောက် အကူဖြစ်နိုင်သောကြောင့် စက်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ၌ ဥပဒေ စည်းကမ်းများကို တိတိကျကျလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်းဆိုသည်။
ဦးစားပေး စက်မှုကဏ္ဍ ၉ ခုမှာ အရက်၊ ဘီယာ၊ ဝိုင်ချက်လုပ်ခြင်း၊ အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်ခြင်း၊ ပိုးသတ် ဆေးအမျိုးမျိုး ထုတ်လုပ်ဖော်စပ်ခြင်းနှင့် ထည့်သွင်းထုတ်ပိုးခြင်း၊ ဘိလပ်မြေနှင့်ထုံးထုတ်လုပ်ခြင်း၊ အဝတ်အထည်နှင့် ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ သတ္ထုအရည်ကျို ပုံလောင်းခြင်းလုပ်ငန်း၊ ပျော့ဖတ်နှင့်စက္ကူထုတ်လုပ်ခြင်း၊ သားရေနယ် စက်ရုံ၊ သကြားစက်ရုံတို့ ပါဝင်ကြောင်း သိရသည်။
ယင်းစက်မှုကဏ္ဍ လုပ်ငန်း ၉ မျိုးကို ညွန်ကြားချက်ထုတ် ပြန်ပေးထားပြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေး နည်းဥပဒေ ၄၂၊ နည်းဥပဒေခွဲ (ခ) ပါ ပြဌာန်းချက်အရ စွန့်ပစ်ပစ္စည်း သန့်စင်ရေးအတွက် Pre-Treatment Plant စက်ရုံ၊ စခန်းများကို တနှစ် အတွင်း အပြီးတည်ဆောက်ရမည်ပြီး တည်ဆောက် ခြင်း မရှိပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒအတိုင်း အရေးယူ ဆောင်ရွက်ခြင်းများကို ပြုလုပ်သွား မည်ဟု သိရသည်။
“အရေးယူမှု အနေနဲ့ စည်ပင်သာယာ၊ စက်မှုကြီးကြပ်နဲ့ သက်ဆိုင်တယ်။ သူတို့က လိုင်စင်ထုတ် ပေးထားတာဖြစ်တယ်။ သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနအနေနဲ့ ဆိုးဆိုးရွားရွား တွေ့ရှိတာတွေကို တင်ပြပြီး လုပ်ငန်းရပ်ဆိုင်းပါလို့ အ ကြံပြုမယ်၊ အဲဒီလို လုပ်ငန်းရပ်ဆိုင်းတာကို ဆက်လည်ပတ်နေရင် ဥပဒေအတိုင်း အရေးယူပါတယ်” ဟု ဦးမျိုးသစ်က ဆို သည်။
EMP ရေးဆွဲရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဖော်ပြပေးထားသည့်အဖွဲ့ ၃၇ ဖွဲ့၊ တသီးပုဂ္ဂလ ၁၄၂ ဦးတို့ဖြင့် ချိတ်ဆက် ရေးဆွဲနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း EMP ကို တနှစ်အတွင်းအပြီးရေးဆွဲရမည်ဖြစ်သဖြင့် လုပ်ငန်းတူများ စုပြီး အုပ်စုလိုက်ရေးဆွဲမည်ဆိုမည်လျှင် ကုန်ကျစရိတ်သက်သာမည့်အပြင် အမြန်ဆုံးပြီးစီးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ စက်မှုလက်မှုလုပ်ငန်းကြီး ၇၅၈ ခု၊ လုပ်ငန်းလတ် ၁၃၄၄ ခု၊ လုပ်ငန်းသေး ၁၂၂၅ ခု စုစု ပေါင်း ၃၃၂၇ခု ရှိကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းအမျိုးအစား ပေါ်မူတည် ပြီး EMP ရေးဆွဲရန် ၉လနှင့် တနှစ်ဟု ရေးဆွဲရမည့် ကာလကို ခွဲခြားသတ်မှတ်ပေးထားပြီး ၂ဝ၁၉ ခုနှစ် မတ်လနောက်ဆုံးထား၍ ရေးဆွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ အစက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာတွေကို မသိခဲ့ဘူး။ အခုနောက်ပိုင်းမှာ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးကဏ္ဍအတွက် ဘာတွေလိုအပ်တယ်၊ ဘယ်လိုတွေလုပ်ရမယ် ဆိုတာတွေကို သိလာရတော့ အဲဒီအတိုင်း လုပ်ဆောင်နေပါတယ်။ အခုဆိုရင် အစိုးရကလည်း ညွှန်ကြားချက်ထုတ်ပြန်ပြီး လုပ်ဆောင်ခိုင်းတာ အလွန်ကောင်းပါ တယ်” ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံလုပ်ငန်းရှင်များ အသင်းမှ ဦးဝင်းဌေးက ပြောသည်။
ယခုအခါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဦးစီးဌာနအနေဖြင့် ခရိုင်အဆင့်ထိ တိုးချဲ့ပေး ထားကာ ဝန်ထမ်း အင်အားများလည်း ထပ်တိုးခန့်အပ် ပေးထားသောကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကျယ် ကျယ်ပြန့််လုပ်ဆောင်လာနိုင်ပြီဖြစ်ကြောင်း သိရသည်။