သတင်း

ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ထိုက်တဲ့သက်သေအဖြစ် ကြေညာသင့်မသင့် လာမည့်ရုံးချိန်းဆုံးဖြတ်မည်

Want create site? Find Free WordPress Themes and plugins.

Reuters သတင်းထောက်နှစ်ဦးအား ရဲမှူးချုပ်တင်ကိုကို ဦးစီးကာ အမှုဆင်ဖမ်းဆီးခဲ့ကြောင်း တရားခွင်တွင် ဖွင့်ချထွက်ဆိုခဲ့သည့် ဒုရဲမှူး မိုးရန်နိုင်အား မယုံကြည်ရသောသက်သေ အဖြစ်ကြေညာပေးရန် တရားလိုဘက်မှ လျှောက်ထားမှုအပေါ် မေ ၂ ရက်နေ့ရုံးချိန်းတွင် ဆုံးဖြတ်ချက်အမိန့်ချမည်ဖြစ်ကြောင်း မြောက်ပိုင်း ခရိုင်တရား ရုံးက ကြေညာလိုက်သည်။

ယနေ့ ဧပြီ ၂၅ ရက်နေ့ရုံးချိန်းတွင် တရားလိုပြ သက်သေတဦး ဖြစ်သည့် ဒုရဲမှူး မိုးရန်နိုင်၏ တရားရုံးထွက်ချက် များသည် ရဲတပ်ဖွဲ့ထံ ထွက်ချက်များနှင့် ကွဲလွဲနေသည်ဟုဆိုကာ သက်သေခံဥပဒေပုဒ်မ ၁၅၅(၃) အရ မယုံကြည်ထိုက်သော သက်သေအဖြစ် ကြေညာပေးရန် ဧပြီ ၂၀ ရက်နေ့ ရုံးချိန်းတွင် တရာလို ရှေ့နေများ၏ လျှောက်ထားခဲ့မှု အပေါ် နှစ်ဖက်ရှေ့နေများက အပြန်အလှန် လျှောက်လှဲချက် တင်ပြခဲ့သည်။

Reuters ရှေ့နေ ဦးခင်မောင်ဇော်က “သူ့စစ်တုန်းက ဒီအမှုနဲ့စစ်တာ မဟုတ်ဘူးလို့ မိုးရန်နိုင်ကပြောတယ်၊ သူ့ တပ်ချုပ်ကိစ္စ စစ်တာ၊ ဒီရုံးရှေ့ကျမှ ဒီအမှုကြီးဆိုတော့ ဒီအမှုနဲ့ပတ်သက်ပြီး ထွက်တာပေါ့။ ဒါသဘာဝ ကျပါတယ်၊ ထွက်ဆိုချက်တွေက ကွဲလွဲတဲ့အဆင့် မဟုတ်ဘူး၊ ပိုနေတာတော့ ရှိတယ် ” ဟု ပြောသည်။

ပြီးခဲ့တဲ့ ရုံးချိန်းတရားခွင်အတွင်း ဒုရဲမှူး မိုးရန်နိုင်အနေဖြင့် “ သူ့ရှေ့မှာကိုပဲ ရဲမှူးချုပ် တင်ကိုကိုက၊ သူ (ဒုရဲမှူးမိုးရန်နိုင်)ပြောတဲ့အတိုင်းဆို ဒေါသတကြီးနဲ့ပဲ၊ ဝလုံးတို့ကိုဖမ်း၊ ရအောင်ဖမ်း၊ ဖမ်းမမိရင် မင်းတို့အားလုံး ဘာလုပ်မယ်၊ ညာလုပ်မယ်၊ အချုပ်ထဲထည့်မယ်” ဟု ပြောဆိုချက်များကိုပါ ထည့်သွင်းထွက်ဆိုခဲ့ကြောင်း Reuters ရဲ့ ရှေ့နေ တဦးဖြစ်တဲ့ ဦးခင်မောင်ဇော်က ပြောထားသည်။

၎င်းထွက်ဆိုချက်များနှင့် ပတ်သက်၍ ဒုရဲမှူးမိုးရန်နိုင ်အနေဖြင့် ရဲတပ်ရင်း အချုပ်တွင် ရက်ပေါင်း ၁၂၀ ကျော် ချုပ်နှောင်ခံခဲ့ရသည့်အတွက် စိတ်ညစ်နေနိုင်ကြောင်း၊ ရဲမှူးချုပ် တင်ကိုကိုအပေါ်တွင်လည်း အာဃာတ ရှိနေနိုင်ကြောင်းလည်း တရားလိုရှေ့နေက တရားသူကြီးထံ လျှောက်လှဲ တင်ပြခဲ့သည်။

ဒုရဲမှူးမိုးရန်နိုင်အနေဖြင့် အင်းဒင်ကျေးရွာအနီးတွင် ဖြစ်ပျက်ခဲ့သည့် လူသတ်မှုအား ဖော်ထုတ်ရေးသားရန် ကြိုးစားခဲ့သည့် သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား သတင်းအချက်အလက်များ ပေးသည်ဟ ုယူဆခံရကာ အမှတ် ၈ ရဲတပ်ရင်းအချုပ်တွင် ရက်ပေါင်း ၁၂၀ ကျော်ကြာ မိသားစုနှင့် တွေ့ခွင့်မရဘဲ ချုပ်နှောင်ခံနေရကြောင်း သိရသည်။

တရားလိုရှေ့နေများ၏ တရားခွင်အတွင်း ပြောကြားချက်အရ ရဲစည်းကမ်း ထိန်းသိမ်းရေးအက်ဥပဒေ ပုဒ်မ ၁၆(ခ)၊ ပုဒ်မ ၂၂ တို့ဖြင့် အမှုရင်ဆိုင်နေရသည့် ဒုရဲမှူး မိုးရန်နိုင်အနေဖြင့် ထောင်ဒဏ် တနှစ်အထိပြစ်ဒဏ် ချမှတ်ခံရနိုင်ပြီး ရာထူးလည်း လျော့ချခံရနိုင်ကြောင်း သိရသည်။

ဒုရဲမှူးမိုးရန်နိုင်အနေဖြင့် ဧပြီ ၂၀ ရက်နေ့တွင် တရားခွင်အတွင်း ဖွင့်ချထွက်ဆိုပြီး နောက်တရက်တွင်ပင် ၎င်းမိသားစုအား လတ်တလော နေထိုင်နေသည့် နေပြည်တော်ရဲတန်းလျားမှ ဖယ်ရှားရန် ညွန်ကြားခံခဲ့ရသည်။

ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုဝလုံးက “ မှန်မှန်ကန်ကန်နဲ့ တရားမျှတမှုရှိစွာနဲ့ နောက်ရုံးချိန်းမှာ ဆုံးဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ ဒုရဲမှူးမိုးရန်နိုင်နဲ့ သူ့ရဲ့မိသားစုဝင်တွေအပေါ်မှာလည်း ကျနော်အရမ်းပဲ စိတ်မကောင်းဖြစ်မိပါတယ်” ဟု ယနေ့တရားရုံးမှအပြန်တွင် ပြောသည်။

ဒုရဲမှူး မိုးရန်နိုင်သည် သတင်းထောက်နှစ်ဦးအား ဖမ်းဆီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းတွင်ပင် တပါတည်း ထိန်းသိမ်းခံထားရပြီ ဖြစ်ကြောင်း ၎င်း၏မိသားစုဝင်များထံက သိရသည်။

Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တခုတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် သွားရောက်တွေ့ဆုံပြီး ဆိုင်မှပြန်အထွက်တွင် ဖမ်းဆီးခံရကာ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ) ဖြင့် အရေးယူခံနေရခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading