သတင်း

M 150 အချိုရည်ပုလင်းဖြင့် ဖောက်ခွဲသူနှစ်ဦးကို ထောင်နှစ်ရှည်ချ

M 150 အချိုရည်ပုလင်းများ အသုံးပြုကာ ရန်ကုန်မြို့တွင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့်အမှုမှ တရားခံ ရာကွတ်အား အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ်နှင့် မိုဟာမက်အလီအား အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အနောက်ပိုင်းခရိုင် တရားရုံးက ယနေ့ဧပြီ ၂၅ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။

အဆိုပါ ပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံရသူ နှစ်ဦးနှင့်အတူ ဖမ်းဆီးခံထားရသည့် စိုးမင်းဇော် (ခ) သားငယ်နှင့် ရာစင် (ခ) ကျော်သူ (ခ) ကျော်ကြီးတို့အား ကျင့်ထုံးဥပဒေပုဒ်မ ၂၈၅ (၁) အရ တရားသူကြီးက အပြီးသတ် လွှတ်ပေးခဲ့သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံး သွားရာလမ်းရှိ သန့်စင်ခန်း ရေပိုက်ကြားတွင် တလုံးပေါက်ကွဲခဲ့ပြီး ၎င်းနေရာနှင့် ၁၀ ပေခန့်အကွာ ရေပိုက်ကြားတွင် မပေါက်ကွဲသေးသည့် M 150 တလုံးတို့ သိမ်းဆည်းရမိခဲ့သည်။

၎င်းပေါက်ကွဲမှုဖြစ်စဉ်အရ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ၃ ဖြင့် တရားခံဖြစ်သူ ကိုရွှေ (ခ) ခင်မောင်ရွှေ (ခ) ရာကွတ်အား အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်နှင့် စိုးဝင်း (ခ) မိုဟာမက်အလီအား အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မရမ်းကုန်းမြို့နယ် အိုးရှင်းစူပါစင်တာ မြေညီထပ် ကျားသန့်စင်ခန်း ဒုတိယခန်းအတွင်းနှင့် ကားပါကင်တို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍လည်း ရာကွတ်အား အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

M 150 ပုလင်းများဖြင့် ပေါက်ကွဲမှုများမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့က မရမ်းကုန်းမြို့နယ် Ocean Center ၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဒေါပုံမြို့နယ်ရှိ Capital Hipermarket ၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်ရှိ လဝက ရုံးရှေ့နှင့် နိုဝင်ဘာ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဝင်းအတွင်း လဝက ရုံးအနီးတို့တွင် ဆက်တိုက် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Loading