မန္တ္တလေးတိုင်းရှိ ဆီစက် ၈၀ ရာခိုင်နှုန်းကျော် ရပ်နားသွားပြီး လက်လီဈေးကွက်ရှိသည့် ဆီစက်တချို့သာ ဆက်လက် လည်ပတ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကိုကြီးက ဧရာဝတီကို ပြောသည်။
“အရင်တုန်းက ဆီစက်တွေက လက်လီဈေးကွက်ကို သိပ်အားမစိုက်ချင်ကြဘူး။ လက်လီရောင်းရတာ လက်ကားထက်စာရင် အလုပ်လည်း နည်းနည်းရှုပ်တယ်လေ။ အဲဒါကြောင့် အခုလို ဆီဈေးကွက် အခြေ အနေ မကောင်းတဲ့အခါကျ လက်လီဈေးကွက်မရှိတဲ့ ဆီစက်အများစု ရပ်သွားကြပြီ” ဟု ၎င်းက ဆိုသည်။
ပဲဆီနှင့်ယှဉ်လျှင် သုံးပုံတပုံခန့် ဈေးသက်သာသော စားအုန်းဆီ၊ ရောနှောဆီတို့၏ ဈေးကွက် ထိုးဖောက်မှု ဒဏ်မခံနိုင်သောကြောင့် အရင်းကြီးပြီး ကုန်ချောဈေးများသော ပဲဆီကြိတ်သည့်စက် အများစုသည် ၂၀၁၇ နောက်ပိုင်းတွင် တဖြည်းဖြည်း ရပ်နားလာကာ လက်ရှိတွင် ၂၀ ရာခိုင်နှုန်းခန့်သာ လည်ပတ်နိုင် တော့ကြောင်း သိရသည်။
မန္တလေးတိုင်းအတွင်း လုပ်ကိုင်ခဲ့သော ဆီစက်စုစုပေါင်း ၁၀၀၀ ကျော်အနက် ၈၀ ရာခိုင်နှုန်း ရပ်နားသွားပြီ ဖြစ်ရာ လက်ရှိ ဆီစက်အရေအတွက်သည် ၂၀၀ ဝန်းကျင်ခန့်သာ လည်ပတ်မှု ရှိတော့ကြောင်း မန္တလေးတိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ကိုယ့်ဖောက်သည်ရဲ့ ယုံကြည်မှုရဖို့အတွက် ပစ္စည်းအရည်အသွေးမှန်ဖို့၊ သင့်တော်တဲ့ ဈေးနှုန်းဖြစ်ဖို့ လုပ်ပြီး ဈေးကွက်မှာ ဆက်ရပ်တည်နိုင်အောင် ကြိုးစားနေရတာပါပဲ” ဟု မန္တလေးမြို့ရှိ အာရှသားဆီစက် ပိုင် ဦးသန်းလွင်က ဧရာဝတီကိုပြောသည်။
မန္တလေး ခရိုင်အတွင်းမှ ဆက်လက်လည်ပတ်နေသော ဆီစက်တချို့သည် အစားအသောက်နှင့် ဆေးဝါး ကွပ်ကွဲရေးဦးစီးဌာန (FDA) အသိအမှတ်ပြုလက်မှတ်ရ ဆီစက်များဖြစ်အောင် အရည်အသွေးနှင့် သန့်ရှင်း မှုအပိုင်း မြှင့်တင်နိုင်ရန် ဆောင်ရွက်လာကြကြောင်း အထက်ပါအသင်းမှ သိရသည်။
မြန်မာနိုင်ငံသည် ဆီစားသုံးမှုများသော နိုင်ငံဖြစ်သောကြောင့် ပြည်ပမှ တင်သွင်းနေသော စားအုန်းဆီ လိုအပ်ချက်သည် ပမာဏတစ်ခု အနေဖြင့် ရှိနေမည်ဖြစ်သော်လည်း ဈေးကွက်အတွင်း ရောင်းချရာတွင် စားအုန်းဆီ၊ ပဲဆီသန့်၊ ရောနှောဆီဟု စားသုံးသူများ သေချာသိရှိအောင် အသိပေး တံဆိပ်ကပ် ရောင်းချ သင့်သည်ဟု မန္တလေးမြို့ရှိ နေသူရိန် ဆီစက်မှ ဦးအောင်ဆွေဟိန်းက ဧရာဝတီကို ပြောသည်။
“စားအုန်းဆီကို ပဲဆီလေးနည်းနည်းရော၊ ပဲဆီအနံ့လေးထည့်ပြီး တံဆိပ်ကပ်ရောင်းနေတဲ့ဆီတွေက ဈေးကွက်မှာ ရှိနေတုန်းဆိုတော့ စားသုံးသူတွေမှာ အလိမ်ခံရနေသလို ရောဂါလည်းရတယ်။ ဒါကြောင့် စားသုံးသူတွေ ကိုယ်တိုင်ကလည်း ကျန်းမာရေးအသိရှိဖု့ိလိုသလို ဆီစက်ပိုင်တွေကလည်း ကျင့်ဝတ်ရှိဖို့ လိုအပ်ပါတယ်” ဟု မန္တလေးခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏အတွင်းရေးမှူး ဦးသန်း လွင်က ပြောသည်။
လက်ရှိဈေးကွက်တွင် ပဲဆီသန့် တပိဿာလျှင် ၅၆၀၀ ကျပ်ဖြစ်ပြီး ပြည်ပမှ တင်သွင်းသော စားအုန်းဆီ တပိဿာလျှင် ၁၈၀၀ ကျပ်နှင့် ရောနှောဆီတပိဿာလျှင် ၂၅၀၀ ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။
ယခုနှစ်ဆန်းပိုင်းက အိန္ဒိယနိုင်ငံတွင် ဆီထွက်သီးနှံများ ဈေးကျသွားရာ ပြည်တွင်းဆီဈေးကွက်ကို ထိန်းရန် အတွက် ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီတို့အား ကုန်သွယ်လုပ်ငန်းခွန် ၅၄ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း အိန္ဒိယအစိုးရက ကြေညာချက် တစောင်ထုတ်ပြန်ခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံတွင်လည်း ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီကြောင့် ပြည်တွင်းဆီစက်အများစု ရပ်နားသွားရပြီဖြစ်ရာ အစိုးရအနေဖြင့် ပြည်တွင်းလုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စားအုန်းဆီ တင်သွင်းခွင့်အတွက် လက်ရှိ ကောက်ခံနေသည့် ကုန်သွယ်လုပ်ငန်းခွန် ၁၀ ရာခိုင်နှုန်းအစား ရာခိုင်နှုန်းတခု ပြောင်းလဲတိုးမြှင့်သင့်ကြောင်း ဥက္ကဋ္ဌဦးကိုကြီးကပြောသည်။