အရပ်သားပြည်သူများ ထောင်နှင့် ချီ၍ နေအိမ် စွန့်ခွာထွက်ပြေးခဲ့ရပြီး ပဋိပက္ခဇုန်အတွင်း အများအပြား ပိတ်မိနေသော ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းမှ တပ်မတော်၏ လတ်တလော စစ်ဆင်ရေးကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ပြည်တွင်းနှင့် ပြည်ပမှ ကချင် တိုင်းရင်းသား အသိုင်းအဝိုင်းများက တောင်းဆိုနေသည်။
ပြည်တွင်းနှင့် ပြည်ပရှိ ကချင် အဖွဲ့အစည်း ၃၂ ခုက လက်မှတ်ရေးထိုး၍ ဧပြီလ ၂၃ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များသို့ ပေးပို့ခဲ့သော စာတစောင် တွင် အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC) သို့ လွှဲပြောင်းမည့် ဆုံးဖြတ်ချက်တခုကို ထောက်ခံရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အကယ်၍ ထိုသို့ ပြုလုပ်နိုင်ခြင်းမရှိပါက လုံခြုံရေး ကောင်စီဝင်များသည် မြန်မာ့ တပ်မတော်အား တိုင်းရင်းသား အရပ်သားပြည်သူများကို ဆက်လက် သတ်ဖြတ်ခွင့် ပြုနေကြခြင်း ဖြစ်သည်ဟု အဆိုပါစာက ဆိုသည်။
“ကချင်တိုင်းရင်းသားများက ကုလသမဂ္ဂရဲ့ အရေးယူဆောင်ရွက်ပေးဖိုု့ မျှော်လင့်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု အခြေအနေက ဒီလောက်ဆိုးရွားနေတာ။ ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှု အရေးတကြီးလိုအပ်နေတယ်” ဟု ကချင်အမျိုးသမီးအဖွဲ့-ထိုင်းနိုင်ငံ (Kachin Women’s Association Thailand) ၏ ပြောရေးဆိုခွင့် ရှိသူ မွန်းနေလီ က ပြော သည်။
မြန်မာတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြားတွင် နောက်ဆုံး ဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် အောင်လော့၊ ဆွတ်ရ နှင့် ဆွတ်ရင်ယန် ကျေးရွာများ မှ အရပ်သားပြည်သူ ၂၀၀၀ ခန့် ၎င်းတို့နေအိမ်များကို စွန့် ခွာထွက်ပြေးခဲ့ကြရသည်။ သူတို့ထဲမှ အများစုမှာ တိုက်ပွဲများကြောင့် တောတွင်းတွင် ပိတ်မိနေခဲ့ကြသည်။
ဧပြီလ ဒုတိယပတ် အတွင်းတွင် တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အတွက် ဝိုင်းမော် မြို့နယ် လိုင်ဇာ မြို့ နှင့် တနိုင်းမြို့နယ် အောင်လော့ ကျေးရွာတို့မှ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သည် ဟု သိရသည်။
ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် စာတွင် မြန်မာနိုင်ငံမှ ကချင်နှင့် အခြားသော တိုင်းရင်းသား လူနည်းစုများသည် သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ ဖိအားပေး ရွှေ့ပြောင်းစေခြင်း၊ အဓမ္မ အလုပ်စေခိုင်းခြင်း၊ မတရားပြုကျင့်ခြင်း နှင့် အခြား သော လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုများ၊ ပိုင်ဆိုင်မှုများသိမ်းယူခြင်း၊ တရားလက်လွတ်ဖမ်းဆီးခြင်း ထိန်းသိမ်း ခြင်း နှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို ငြင်းပယ်ခြင်း များအပါအဝင် နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှု အများအပြားကို ခံစားနေကြရကြောင်း ဖော်ပြထားသည်။
“ကျွန်ုပ်တို့၏ တိုင်းရင်းသား စရိုက် လက္ခဏာများနှင့် ဘာသာရေးကို ဖျက်ဆီးရန်၊ ကျွန်ုပ်တို့၏ မြေများကို သိမ်းယူရန် နှင့် ကျွန်ုပ်တို့၏ သဘာဝသယံဇာတများကို ခိုးယူရန် အလို့ငှာ မြန်မာ့တပ်မတော်က ထိုနည်းဗျူဟာများကို အသုံးပြုပြီး ပြည်သူများအကြား ကြောက်ရွံ့မှုများ စိမ့်ဝင်စေရန် အသုံးပြုခဲ့ကြသည်” ဟု ထိုစာက ဆိုသည်။
“မြန်မာ့တပ်မတော်မှာ ဒဏ်ခတ်ခံရခြင်းမှ ကင်းလွတ်ခွင့် ရနေသည့် အလေ့အထက ရှိနေဆဲဖြစ်သည်နှင့် အမျှ မြန်မာ အစိုးရသည် တရားဥပဒေ စိုးမိုးရေးကို ကျင့်သုံးရန် သို့မဟုတ် နိုင်ငံသားတို့၏ ဘဝကိုကာကွယ်ပေးရန် မဖြစ်နိုင်ပါ” ဟု စာတွင် ဆက်လက် ဖော်ပြထားသည်။ “လက်ရှိ ပဋိပက္ခက အိမ်နီးချင်းဒေသများသို့ ပြန့်ပွားမသွားမီ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှု ကျူးလွန်သူ များက တာဝန်ယူရန် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့က ထပ်မံတောင်းဆိုပါသည်။”
တပ်မတော်၏ တရားဥပ ဒေစိုးမိုးရေး အဓိပ္ပါယ်ဖွင့် ဆိုချက်မှာ စစ်ဘက်က ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ် အခြေခံဥပဒေ နှင့် တည်ဆဲ ဥပဒေများကို ထိန်းသိမ်းရေးဟု နားလည်နေကြသည့်အတွက် တရားဥပဒေစိုးမိုးရေး၏ အဓိကသော့ချက်ဖြစ်သော ကျူးလွန်သူတွေကို အရေးယူခြင်းနှင့် ထိခိုက်နစ်နာရသူတွေအတွက် တရားမျှတမှု ရှာဖွေခြင်း ဟူသော ဥပဒေစိုးမိုးမှု၏အနှစ်သာရ ပျောက်ဆုံးနေသည်ဟု ဥပဒေအထောက်အကူပြု ကွန်ရက် (LAN) ကို တည်ထောင်သူ လူ့အခွင့် အရေး ရှေ့နေတဦး ဖြစ်သည့် ဦးအောင်ထူးက ဆိုသည်။
“ဒီရာဇဝတ်မှုတွေ ကျူးလွန်တဲ့ စစ်ခေါင်းဆောင်တွေက အတင့်ရဲလာကြတယ်။ အဲဒါတွေကို ထပ်တလဲလဲ ကျူးလွန်နေတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ICC နဲ့ တခြားနိုင်ငံတကာ တရားရုံးတွေက သူတို့ကို အရေးယူဆောင်ရွက်ပေးဖို့ ချဉ်းကပ်ဖို့ လိုပါတယ်” ဟု ဦးအောင်ထူးက ပြောသည်။
ဥပဒေအထောက်အကူပြုကွန်ရက် က “မြန်မာနိုုင်ငံတွင် ပြစ်မှုကျူးလွန်သူများ လွတ်ငြိမ်းခွင့်ရနေမှုအား အဆုံးသတ်ရန်အတွက် တာဝန်ခံမှုကို ရှာဖွေခြင်း” အမည်ရှိ စစ်ရာဇဝတ်မှုအစီရင်ခံစာ တစောင် ကို ဧပြီလ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထုတ်ပြန်ခဲ့ပြီး ထိုအစီရင်ခံစာတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၈ ခု နှစ် ဇန်နဝါရီလ အတွင်း ရှမ်း၊ ကယား နှင့် ကချင်ပြည်နယ်များအတွင်းမှ စစ်ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲမှု ၃ ခု ကို လေ့လာဆန်းစစ်ထားပါသည်။
(ယခု သတင်းကို အင်္ဂလိပ်ဘာသာဖြင့် Kachin Groups Urge UN to Refer Myanmar to ICC တွင် ဖတ်ပါ)