အာရှတလွှား ဆင်ပေါင်းများစွာမှာ ဆင်သားရေ ရရှိရေး အမဲအလိုက်သတ်ဖြတ်မှုခံနေရပြီး ယင်း ပြဿနာများမှာ အကျပ် အတည်းတရပ် အဖြစ်သို့ ရောက်ရှိလာကြောင်း နိုင်ငံတကာ တောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အင်န်ဂျီအို အဖွဲ့တဖွဲ့ကထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ တောရိုင်းတိရစ္ဆာန်များအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများသည် နိုင်ငံ ဖြတ်ကျော် ပုံစံသစ် အဖြစ် တိုးပွားလာနေကြောင်း၊ ဆင်ရိုင်းသားရေ ထွက်ကုန်များကို ကုန်သွယ်ခြင်း၊ မြှင့်တင်သတ်ဖြတ်ခြင်းနှင့် အမြတ်ထုတ် ခြင်းများ ရှိနေကြောင်း ဆင်မိသားစုထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ညွှန်ကြားရေးမှူး မစ္စ ဘရန်ဒါ စတီးဝပ်ကောက်စ်က ပြောသည်။
ဆင်သားရေ ထွက်ကုန် တရားမဝင်ဖြန့်ဖြူးရောင်းချသူများသည် Baidu နှင့် We Chat ကဲ့သို့ တရုတ်အွန်လိုင်း စင်မြင့် များကို သုံးပြီး ရောင်းဝယ်ဖောက်ကားနေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
“အခုတလော တရားမဝင် ဆင်သားရေ ရောင်းချတဲ့ကြော်ငြာတွေ များလာတယ်။ လောလောဆယ် အဓိကရင်းမြစ်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ တရားမဝင် အမဲလိုက်သတ်ဖြတ်မှု အလျင်အမြန် တိုးပွား လာ တာကို တာဝန်ရှိသူတွေက နှိမ်နင်းနေတာ တွေ့ရတယ်၊ သုတေသနပြုချက်အရ နောက်ထပ် တောရိုင်း တိရစ္ဆာန် အကျပ်အတည်း ဖြစ်မလာခင် အခုလို တရားမဝင် သတ်ဖြတ်မှု မြင့်လာတာကို တားဆီးဖို့ အရေးပေါ် ကိုင်တွယ်ရမယ့် ကိစ္စဖြစ်နေတယ်” ဟု ထိုင်းနိုင်ငံခြား သတင်းထောက် များအသင်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် စတီးဝပ် ကောက်စ်က ပြောသည်။
၎င်းဆင်မိသားစုအဖွဲ့သည် ဆင်သားရေတရားမဝင်ရောင်းဝယ်ဖောက်ကားနေခြင်းကို စုံစမ်းဖော်ထုတ် သော ပထမဆုံးအဖွဲ့ ဖြစ်သည်။
တရုတ်၊ လာအိုနှင့်မြန်မာနိုင်ငံတွင် ဆင်သားရေထွက်ကုန်များကို တိုင်းရင်းဆေးနှင့် အရေပြား အလှ ခရင်မ်များ၊ လက်ဝတ် အလှပုတီး၊ လည်ဆွဲနှင့် ဆွဲသီးဆွဲပြားများ ကုန်ကြမ်းအဖြစ် ဝယ်ယူမှုများ ရှိနေသည်။
“ဒီလိုရောင်းဝယ်ဖောက်ကားနေတာကို ကျမတို့ စတင်စောင့်ကြည့်နေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ဘက်ခြမ်းမှာတော့ ဥပဒေမဲ့ သတ်ဖြတ်နေတာ များလာကို တွေ့ရတယ်။ အရေပြား အလှီးခံထား ရတဲ့ ဆင်သေကောင်ပုံတွေကိုလည်း ကျမတို့ ကြည့်ရပါတယ်။ မကြာသေးခင်ပဲ တကောင်လုံး အရေပြား အလှီးခံထားရတဲ့ ဆင်သေကောင်တောင် တွေ့ရတာရှိပါတယ်” ဟု စတီးဝပ်ကောက်စ်က ပြောသည်။
“အာရှဆင်များကို ဝါးမျိုနေသော ဆင်သားရေ” အမည်ရှိ ယခုထုတ်ပြန်ချက်သည့် ပြစ်ချက်ရှာလိုခြင်း သက်သက်ထက် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုးပွားလာခြင်းကို မီးမောင်းထိုးပြခြင်း ဖြစ် ကြောင်း သူမက ဆိုသည်။
“အာရှဆင်တွေ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်မလာခင် ဒီကိစ္စကို အစိုးရတွေနဲ့အရပ်ဘက် အဖွဲ့တွေ ပူးပေါင်းပြီး ဆောင် ရွက်ကြဖို့ ကျမတို့တိုက်တွန်းချင်ပါတယ်” ဟုပြောသည်။
သူမအဖွဲ့၏ အဆိုအရ အာရှဆင်ကောင်ရေမှာ အကြမ်းဖျင်းအားဖြင့် ပြီးခဲ့သည့်နှစ် ၅၀ အတွင်း ထက်ဝက်ကျဆင်းသွား ကာ မူလနေထိုင် ကျက်စားရာဒေသများ၏ ၉၀ ရာခိုင်နှုန်းမှာလည်း ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ဆိုသည်။
အများပြည်သူများ အနေဖြင့်လည်း ဆင်သားရေ ထွက်ကုန်များကို ဝယ်ယူသုံးစွဲမှု မပြုခြင်းဖြင့် ဝိုင်းဝန်းကူညီကြရန် သူမက တိုက်တွန်းလှုံ့ဆော်သည်။
ဆင်သားရေဈေးကွက် အကြီးအကျယ်ရောင်းဝယ်ဖောက်ကားသည့်နေရာများမှာ ထိုင်းနိုင်ငံ မယ်လနှင့် မြန်မာဘက်ခြမ်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနား၊ ဂွမ်ဒေါင်းပြည်နယ် ဂေါင်ဇုတို့ဖြစ်ကြောင်း ဇန်နဝါရီလက သုတေသနပြုချက် ကို အဆိုပါသတင်း၌ ဖော်ပြထားသည်။
ဆင်သားရေမှ ဆေးဝါးထုတ်လုပ်မှုများမှာ လိုင်စင်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်၍ ယင်းအတွက် အရေးယူကိုင်တွယ်ရန် အထောက်အထား အတွက်လည်း စိုးရိမ်ပူပန်မိကြောင်း ယင်းသတင်းက ဆိုသည်။
တရုတ်နိုင်ငံ သစ်တောအုပ်ချုပ်ရေးအဖွဲ့(SFA)မှနေ၍ ဆင်သားရေ ပါဝင်သော ဆေးဝါးများ ထုတ် လုပ်ရောင်းချခြင်းကို လိုင်စင် ထုတ်ပေးထားသည်ကို တွေ့ရသည်။
တရုတ်ကုမ္ပဏီအများအပြားကလည်း ဆင်သားရေကို ၎င်းထုတ်ကုန်များ တွင်ပါဝင်သည့် အမျိုး အမယ်တခုအနေဖြင့် ကြော်ငြာနေကြောင်း သိရသည်။
“အာရှဆင်ကောင်ရေ တိုးပွားမှုနှုန်းဟာ တစစီကြေပျက်နေပြီးတော့ ပျက်စီးလွယ်တဲ့ ကိန်းဆိုက်နေ ပါတယ်။ ဘယ်ဆင်မဆို၊ ဘယ်အရွယ်မဆို ကြီးကြီးငယ်ငယ် သတ်ဖြတ်ရောင်းချနေမှုဟာ အင်မတန် ဆိုးရွားတဲ့ ဆင်မျိုးသုဉ်းမှုဖြစ်စေပါတယ်”ဟု မစ္စစတီးဝပ် ကောက်စ်က ပြောပြသည်။
အာရှရှ ဆင်ကောင်ရေမှာ ယခုအခါ ၃ သောင်းမှ ၅ သောင်းကြားတွင်သာရှိတော့ကြောင်း သူမ၏အဖွဲ့က ခန့်မှန်းထားသည်။