သတင်း

ကျိုက်မရော လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှု အရပ်သား ၇ ဦးနှင့် တပ်မတော် အရာရှိ ၄ ဦး ပါဝင်

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ ကျေးရွာ အတ္ထရံတံတား (ချောင်းနှစ်ခွ) ပေါ်တွင် ဧပြီ ၂၁ ရက် ညနေက လိုင်စင်မဲ့ ယာဉ်များဖမ်းဆီးမှုတွင် အရပ်သား ၇ ဦးနှင့် တပ်မတော်သား အရာရှိ ၄ ဦးကို ဖမ်းမိကြောင်း သိရသည်။

ထို ဖမ်းမိသည့် တပ်မတော် အရာရှိ ၄ ဦးကို စစ်စည်းကမ်း ဥပဒေအရ အရေးယူနိုင်ရန် တပ်မတော်သို့ လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။

ဖမ်းဆီးမိသော လိုင်စင်မဲ့ယာဉ်အားလုံးသည် ၁၁ စီးဖြစ်ပြီး ကရင်ပြည်နယ် မြဝတီမြို့ဘက်မှ မွန်ပြည်နယ် အတွင်းသို့ သယ်ဆောင် လာစဉ် ဖမ်းဆီးမိခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

လိုင်စင်မဲ့ ယာဉ်များနှင့် ဖမ်းဆီးမိသည့် တပ်မတော်သား အရာရှိများကို ချောင်းနှစ်ခွ နယ်မြေ ရဲစခန်းတွင် ပို့ကုန်/သွင်း ကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် အမှတ် (၂) လျှပ်စစ် နှင့် စက်မှု အင်ဂျင်နီယာ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ဝင်းထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မွန်ပြည် နယ် ရဲတပ်ဖွဲ့မှူးရုံး (ဦးစီး) ရဲမှူးမြင့်ဝင်း က ဧရာဝတီကို ပြောပြသည်။

ချောင်းနှစ်ခွ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ဖြိုးခိုင် ဦးစီး တပ်ဖွဲ့ဝင်များ၊ ကဒါ ရဲကင်းစခန်းမှူး ဒုရဲအုပ် ဇေယျာလင်း ဦးစီး တပ်ဖွဲ့ဝင်များနှင့် အမှတ် (၂) စစ်ဖက်ရေးရာ လုံုံခြုံရေးတပ်စု (ရတခ) မှ တပ်ကြပ်ကြီး မျိုးထိုက်ဝင်း တို့ ပါဝင် သည့် ပူးပေါင်းအဖွဲ့က လိုင်စင်မဲ့ယာဉ် ၁၁ စီးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လိုင်စင်မဲ့ယာဉ် သယ်ဆောင်လာသူ များတွင် အဆိုပါ တပ်မတော် အရာရှိ ၄ ဦးလည်း ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လိုင်စင်မဲ့ယာဉ်များဖြင့် ဖမ်းဆီးခံခဲ့ရသည့် တပ်မတော် အရာရှိများမှာ မွန်ပြည်နယ် သထုံမြို့ရှိ အမှတ် (၅၀၂) အမြောက် တပ်ရင်းမှ ဗိုလ်ကြီး အောင်စိုးမိုးဟန်၊ မော်လမြိုင်မြို့ရှိ အမှတ် (၅) စစ်မြေပြင် ဆေးတပ်ရင်းမှ ဗိုလ်ကြီး မျိုးသီဟမောင်၊ သံဖြူဇရပ် မြို့နယ် ဝဲကလိကျေးရွာရှိ အမှတ် (၄) တပ်မတော် တန်းမြှင့် လေ့ကျင့်ရေးကျောင်းမှ ဗိုလ်ကြီး စိုးပိုင်ဦး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ရှိ အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ ဗိုလ်ကြီး မင်းဇော်ဦး တို့ ဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး က ပြောသည်။

လိုင်စင်မဲ့ယာဉ်များဖြင့် ဖမ်းဆီးရမိသည့် အရပ်သား ၇ ဦးကိုလည်း ချောင်းနှစ်ခွ နယ်မြေ ရဲစခန်းတွင် ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားကြောင်း သိရသည်။

ဖမ်းဆီးခံရသော အရပ်သားများမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် နေထိုင်သည့် ဦးမောင်ဝင်း၊ ဦးရဲအောင်၊ ကိုဘိုလင်းထွန်း တို့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ကိုကောင်းသန့်ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ကိုဖြိုးအောင်စိုး၊ ကိုအောင်မင်းဦးနှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့မှ အောင်မွန်ဟိန်းတို့ ပါဝင်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး က ပြော သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading