ကရင်ပြည်နယ် အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးနေရသော ဒေသခံတချို့သည် ထိုင်းနယ်စပ် မယ့်စရီးယမ်းမြို့နယ်ရှိ မယ်ရာမူ ဒုက္ခသည်စခန်းသို့ လာရောက်ခိုလှုံခွင့် တောင်းသော်လည်း ထိုင်းဘက်မှ လက်မခံသဖြင့် အီတူးထ ဒုက္ခသည် စခန်းသို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဖာပွန် (မူတြော်) ခရိုုင်အတွင်း ယခင်လက ဖြစ်ပွားခဲ့သော စစ်ပွဲများနှင့် လူသော်မြို့နယ်အတွင်း မြန်မာအစိုးရတပ်မတော် တပ်ဖွဲ့များ လာရောက်အခြေစိုက် တပ်စွဲထားခြင်းကြောင့် ဒေသခံများက စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးခဲ့ကြ သူများအနက် လူသော်မြို့နယ် လယ်မူပလောဒေသမှ လာရောက်ကြသူများဟု ဆိုသည့် အမျိုးသမီး၊ ကလေးများနှင့် အမျိုးသား ၁၆ ဦးကို ဧပြီ ၂၆ ရက်တွင် မယ်ရာမူ စခန်းကော်မတီက အီတူးထ စခန်းသို့ ပြန်သွားခိုင်းခြင်း ဖြစ်ကြောင်း ကရင်ဒုက္ခသည် ကော်မတီ (KRC) မှ စောပွေဒိုက ဆိုသည်။
စောပွေဒိုက မယ်ရမူစခန်းတွင် ဒုက္ခသည်အသစ်များ လက်မခံတော့သည်မှာ ကြာပီဖြစ်ကြောင်း၊ စခန်းအတွင်းရှိ မူလ နေထိုင်သူများကိုပင် မြန်မာပြည်သို့ ပြန်ချင်သူများအား စာရင်းကောက်ခံနေမှုများ ရှိကြောင်း ဧရာဝတီသို့ပြောသည်။
သို့သော်လည်း ၎င်းတို့ဒေသတွင် မြန်မာအစိုးရတပ်မတော် တပ်ရင်းများ ဆက်လက်တပ်စွဲနေခြင်းနှင့် မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်မှုများကြောင့် ဒုက္ခသည်များ နေရပ်ပြန်ရေး အစီအစဉ်တွင် စာရင်းပေးသူ မရှိသလောက် နည်းပါးသည်ဟု ၎င်းက ဆိုသည်။
ကရင့်လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်အတွင်း မြန်မာအစိုးရစစ်တပ်မှ ခေးပူ-လယ်မူပလော လမ်းဟောင်းကို ပြန်လည်ဖောက်လုပ်ရန် ကြိုးပမ်းရာမှ မတ်လ ၄ ရက်က စတင်ခဲ့သော စစ်ရေး တင်းမာမှုကြောင့် လယ်မူပလော ကျေးရွာအုပ်စုအပါအဝင် ကျေးရွာအုပ်စု ၃ ခုမှ ရွာပေါင်း ၁၂ ရွာ ရှိ လူဦးရေ ၂၄၀၀ ကျော် တို့သည် နေအိမ်များမှ စွန့်ခွာပြီး တောတွင်းတွင် ပုန်းအောင်းနေထိုုင်နေကြရသည်ဟု သိရသည်။