သတင်း

NCA မထိုးနိုင်သေးလျင်ပင် ငြိမ်းချမ်းရေးကို ထိန်းထားလိုကြောင်း KNPP ပြော

Want create site? Find Free WordPress Themes and plugins.

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ၎င်းတို့အနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (NCA) လက်မှတ်မထိုးနိုင်သေးသည့်တိုင် ပြည်နယ်ငြိမ်ချမ်းရေးကို ထိန်းသိမ်းသွားရန် လိုလားသည်ဟု KNPP ဘက်က ပြောဆိုသည်။

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ ပြည်နယ်ခမ်းမတွင် KNPP ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ (PNC) နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့အကြား ဧပြီ ၂၆ ရက်မှ ၂၇ ရက်အထိ ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ ပထမနေ့ နှုတ်ခွန်းဆက် စကားတွင် PNC အဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ် ဘီထူးက ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

ဗိုလ်ချုပ် ဘီထူး က “ကရင်နီအမျိုးသားတိုးတက်ရေး ပါတီအနေနဲ့ ထောက်ရှုရမယ့် အကြောင်းအမျိုးမျိုးကြောင့် NCA ကို မထိုးနိုင်သေးရင်တောင်မှ အဓိက ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းသွားဖို့လိုလားပါတယ်။ ဒါကြောင့် လူကြီးမင်းတို့ အနေနဲ့ ကျနော်တို့ ပြည်နယ်မှာ စစ်မှန်တဲ့ ပြည်နယ်ငြိမ်းချမ်းရေး တည်ဆောက်မှုက နေတဆင့် ငြိမ်းချမ်းရေး အတွက် အဖြေရှာသွားမယ်” ဟု ပြောသည်။

ထို့အပြင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသော တခြားတိုင်းရင်းသားများ၏ ဒေသများမှာလည်း အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရေးမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ရန် ဝိုင်းဝန်းကြိုးပမ်းသွားကြရန် ၎င်းက ဆိုသည်။

ယနေ့ဆွေးနွေးပွဲတွင် တစ်ဆို့နေသည့် အချက်များကို ပြေလည်မှုရရှိရန် နှစ်ဦး နှစ်ဘက် ပွင့်ပွင့်လင်းလင်း နားလည်မှု၊ ယုံကြည်မှုရှိရှိဖြင့် ဆွေးနွေးကြရန် မေတ္တာရပ်ခံကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က လည်းနှုတ်ခွန်းဆက်စကားတွင်ပြောသည်။

ဦးကျော်တင့်ဆွေ က “အထူးသဖြင့် အနာဂတ်မှာ ပေါ်ထွန်းမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အခြေခံမူတွေ ဆွေးနွေး ညှိနှိုင်းနေပြီးဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံအစည်းအဝေးကြီးမှာ ပါဝင်နိုင်ရေးကို ရှေးရှုကြဖို့ အလေးအနက် မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောဆိုသွားသည်။

KNPP နှင့် PC အကြားတွေ့ဆုံဆွေးနွေးပွဲ ပထမရက်တွင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC)ကိစ္စ၊ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ကိစ္စ၊ JMC (JMC-S နှင့် JMC-L) အဆင့်များတွင် နိုင်ငံတကာအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်များအနေဖြင့် လေ့လာသူအကြံပေးနှင့် နည်းပညာ အထောက်အကူပြုများ အဖြစ် ပါဝင်နိုင်ရေးကိစ္စ တို့ကိုဆွေးနွေးကြမည် ဖြစ်ကြောင်း အစည်းအဝေး အစီအစဉ်တွင် ဖော်ပြထားသည်။

ထို့အပြင် EITI နှင့် နိုင်ငံတကာ လူမှုရေးကူညီထောက်ပံ့မှုကိစ္စ၊ ပြည်နယ်အတွင်း INGOs နှင့် NGOs များ လုပ်ငန်း ဆောင်ရွက်မှုကိစ္စ၊ မူးယစ်ဆေးဝါး၊ သစ်တောပြုန်းတီးမှုနှင့် လူကုန်းကူးမှုကိစ္စ၊ ပြည်နယ်နှင့် ပြည် ထောာင်စုအဆင့်များတွင် ဆက်ဆံရေး တာဝန်ခံများ ပြန်လည် ထားရှိရေးကိစ္စ၊ နှစ်ဖက်တပ်ဖွဲ့များသွားလာမှု ဆက်သွယ်မှု ပြည်နယ်အဆင့်တွင် ညှိနှိုင်းရေး ကိစ္စတို့ကိုလည်း ဆွေးနွေးမည်ဟုဖော်ပြထားသည်။

KNPP သည် NCA လက်မှတ်ထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ တဆင့် ကြိုးပမ်းခဲ့သော်လည်း UNFC ၏ အဆိုပြုချက် ၈ ချက် သဘောတူညီမှု မရဟုဆိုကာ လက်မှတ်မထိုးဘဲရပ်တည်နေခဲ့သည်။

ထိုသို့ ရပ်တည်နေစဉ် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပါလောင် ကျေးရွာနှင့် တခြားကျေးရွာ အနီးတပ်စခန်းရှိ KNPP မှ တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦးအသတ်ခံရမှုတို့ ပေါ်ပေါက်လာသည့်အတွက် ယုံကြည်မှုများလျော့နည်းလာကာ ယနေ့ထိ NCA ထိုးရေး အတစ်အဆို့ ဖြစ်ခဲ့ရသည်ဟုဆိုသည်။

ထို့ကြောင့် အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ပြည်ထောင်စုဝန်ကြီး တချို့သည် ၂၀၁၈ ခုနှစ်၊ ဧပြီ ၂၆ ရက်မှ ၂၇ ရက်ထိ KNPP မှ ကိုယ်စားလှယ်များအား တွေ့ဆုံကာ NCA ထိုးနိုင်ရန် ဆက်လက် ဆွေးနွေးနေကြခြင်း ဖြစ်သည်။

KNPP သည် ၁၉၉၅ ခုနှစ်က တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့သော်လည်း ၃ လ အကြာတွင် သဘောတူညီချက် ပျက်ပြယ်သွားပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြသည်။

ထို့နောက် ၁၉၉၇ ခုနှစ်တွင် တကြိမ်၊ ၂၀၀၁ ခုနှစ်၊ ၂၀၀၃ ခုနှစ်၊ ၂၀၀၇ ခုနှစ်တို့တွင် တကြိမ်စီတွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း သဘောတူညီချက် မရယူနိုင်ခဲ့ပဲ၂၀၁၂ ခုနှစ်၊ မတ် ၇ ရက်တွင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးကို ပြန်လည်၍ သဘောတူညီချက် ရယူနိုင်ခဲ့ကြသည်။

အဆိုပါ ပြည်နယ်အဆင့် သဘောတူညီချက်ရယူနိုင်ပြီးနောက် ၂၀၁၂ ခုနှစ်၊ ဇွန် ၉ ရက်တွင် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးကို သဘောတူညီခဲ့ကြသည်။ သို့သော် NCA လက်မှတ်ထိုးနိုင်ရေး သဘောတူညီချက်ကို ရယူနိုင်သေးခြင်းမရှိခဲ့ပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading