မြန်မာ့ တပ်မတော်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) သို့ တင်ရန် ပြည်တွင်း၊ ပြည်ပ အင်အားစုတချို့က ကြိုးပမ်းနေခြင်းသည် တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပိုမိုဆိုးဝါးသွားစေမည့် အခြေအနေမျိုး ဖြစ်ပေါ်စေလိမ့်မည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောသည်။
ယင်းပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒလှမြင့်က “တပ်မတော်က နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကို တင်ဖို့ လုပ်နေတာဟာ ကျနော်တို့ တိုင်းပြည်အတွက် တည်ငြိမ်အေးချမ်းမှုကို ပိုမို ဆိုးဝါးသွားစေမယ့် အခြေအနေမျိုးကိုပဲ ဖြစ်ပေါ်လာလိမ့်မယ်လို့ မြင်ပါတယ်။ တပ်မတော်ကို နိုင်ငံရေး အခင်းအကျင်းထဲက ဖယ်ထုတ်တာဟာ တိုင်းပြည်အတွက် ပိုမို ဆိုးဝါးတဲ့ အခြေအနေမျိုးတွေပဲ ဖြစ်လာမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အရပ်သား ထောင်နှင့်ချီ၍ နေအိမ် စွန့်ခွာထွက်ပြေးခဲ့ရပြီး ပဋိပက္ခဇုန်အတွင်း အများအပြား ပိတ်မိနေသော ကချင်ပြည်နယ် တနိုင်းမြို့ နယ် အတွင်းမှ တပ်မတော်၏ စစ်ဆင်ရေးကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ပြည်တွင်းနှင့် ပြည်ပမှ ကချင် အသိုင်းအဝိုင်းက တောင်းဆိုလျက် ရှိသည်။
ထို့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သည့် မြန်မာ့တပ်မတော်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် တပ်မတော်ခေါင်းဆောင်များကို ICC သို့ တင်ရန် နိုင်ငံတကာတွင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတချို့က လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာ့ တပ်မတော်ကို ICC ခေါင်းစဉ်တည်၍ ပြောဆိုနေခြင်းသည် တိုင်းပြည်၏ အင်အား အကောင်းဆုံး တခုတည်းသော အဖွဲ့အစည်း ကြီးတခုကို ယိုင်လဲသွားစေလို၍ ဖြစ်ကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက် အောင်မြင်လုနီးပါက နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးပိုင်းတွင် ဆိုးဆိုးဝါးဝါး ထိခိုက်သွားနိုင်ကြောင်း သေနင်္ဂအင်စတီကျု အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ဘေးပရောဂ ပါတယ်ဗျ။ သူတို့ ရည်ရွယ်ချက်က နောက်ဆုံးကျန်ရှိတဲ့ အားကောင်းတဲ့ အဖွဲ့အစည်းကို အားနည်းသွားအောင် လုပ်ဖို့ပဲ။ အထူးသဖြင့် စစ်ဘက် အရပ်ဘက် ဆက်ဆံရေးမှာ တော်တော်လေး ညီညီညွတ်ညွတ် ဖြစ်အောင် ပြန်ကြိုးစား နေရချိန်မျိုးမှာ ဒီအတိုင်းသာ ဆက်ဖြစ်နေဦးမယ်ဆိုရင် နိုင်ငံရေးအလားအလာ မကောင်းဘူး” ဟု ၎င်းက ဆိုသည်။
မြန်မာအစိုးရ တာဝန်ရှိသူတချို့ကမူ တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလတွင် တပ်မတော်ကို အရေးယူရန် ကြိုးပမ်းအားထုတ်မှု များသည် မြန်မာနိုင်ငံကို ကူညီရာမရောက်ကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းအရ လက်ရှိ တပ်မတော်ကို ဘယ်လိုမှ ပစ်ပယ်လို့ မရဘူး။ ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီ အစိုးရတိုင်းဟာ ဒီမိုကရေစီနိုင်ငံအဖြစ် ရေရှည်သွားချင်တယ်၊ ဒီမိုကရေစီ စံချိန်မီတဲ့ တိုင်းပြည်ကို တည်ဆောက် ချင်တယ်၊ ပြည်သူလူထုကိုလည်း ဒီမိုကရေစီ ယဉ်ကျေးမှု ခိုင်မာစေချင်တယ်ဆိုရင် တပ်မတော်နဲ့အတူ လက်တွဲပြီးတော့မှ နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်သွားဖို့ လိုတယ်” ဟု ကြံ့ခိုင်ရေးပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
တပ်မတော်ကို ပြည်တွင်း၊ ပြည်ပ အင်အားစုများက ICC တင်ရန် မကြာခဏ ပြောဆိုချက်များသည် သက်သေပြနိုင်ခြင်း မရှိသည့် ကိစ္စ မျိုးကို တာဝန်ခံခိုင်းနေသကဲ့သို့ ဖြစ်နေသောကြောင့် သဘောမကျကြောင်း၊ ICC ဆိုသည့် စကားလုံးကိုပင် လက်လွှတ်စပယ် အသုံးမပြု သင့်ကြောင်း NLD ပါတီမှ ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ဆိုသည်။
“ဘာကြောင့်လဲဆိုတော့ သေချာ စုံစမ်းရဦးမှာ။ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောတာပဲ။ သေချာအောင် စုံစမ်းပါ။ အခုက တိုက်ပွဲကာလ၊ စစ်ပွဲကာလတွေမှာတော့ ဖြစ်တတ်ကြတာပဲ။ ဒါပေမယ့် တဖက်တည်းကို အပြစ်ပေးရလောက်အောင် ပြောတာတော့ မဖြစ်သင့်ဘူး။ သေချာတယ်ဆိုရင်တော့ အားလုံးက ထောက်ခံကြမှာပဲ” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ပြဿနာကို တပ်မတော်အနေဖြင့် ဂျီနီဗာ ကွန်ဗန်းရှင်းနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၁၈ ရက်နေ့က ပြင်ဦးလွင်တပ်နယ်၊ တပ်မတော် အုပ်ချုပ်မှုကျောင်းတွင် ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင် ကျေးရွာအုပ်စု ပဲရုံ (နတလ) ကျေးရွာ သုဿန်အနီး ဘင်္ဂါလီ ၁၀ ဦးကို သတ်ဖြတ်မှု၌ ပါဝင်ပတ်သက်နေသည့် တပ်မတော်မှ အရာရှိ၊ စစ်သည် ၇ ဦးတို့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဧပြီ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။