ရိုက်တာသတင်းထောက်များအား ထောင်ချောက်ဆင်ဖမ်းဆီးကြောင်း တရားခွင်တွင် တရားလိုပြသက်သေ ဒု ရဲမှူးတယောက်က ထွက်ဆိုမှုကြောင့် အများပြည်သူက စောင့်ကြည့်ဝေဖန်နေချိန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရာထူးနေရာ ရွှေ့ပြောင်းမှုများကို ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၅ ဦးကို ရဲမှူးချုပ် ရာထူးသို့ တိုးမြင့်ခန့်အပ်ခြင်း အပါအဝင် ရဲအရာရှိ ၅၀ ကျော်ကို ရာထူးတိုး၊ ဌာန ပြောင်းရွေ့ ခန့်ထားလိုက်သလို ရဲမှူးချုပ် တချို့မှာလည်း ရာထူးမတိုးသော်လည်း ဌာနပြောင်းရွေ့ရမှှုများ ရှိကြောင်း သတင်းရရှိသည်။
အနည်းဆုံး ဒုရဲမှူးကြီး ၁၂ ဦးမှာ ရဲမှူးကြီးအဖြစ်သို့ ရာထူးတိုးမြင့်ခံရပြီး ရဲမှူးချုပ် မျိုးသန်း ဆိုသူမှာ လက်ရှိ ရာထူးဖြင့် ရဲဦးစီး အရာရှိချုပ် အဖြစ် တာဝန်ပေးခံရကြောင်း၊ နေပြည်တော်ရှိ ရဲအရာရှိများကို ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကိုယ်တိုင် အပွင့်၊ အဆောင်အယောင်များကို မနေ့က တင်ပေးခဲ့သည်ဟု ရဲအသိုင်းအဝိုင်းက ပြောသည်။
ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က“ကျနော်က ရဲမှူးချုပ် ရာထူးနဲ့ ရှမ်းပြည်ကို ပြောင်းရမှာ။ ရဲမှူးချုပ် ဖြစ်သွားတာ ကျနော်ရယ်၊ ရဲမှူးကြီး ဝင်းဗိုလ်၊ ရဲမှူးကြီး ဇော်ထွန်းအောင်၊ ရဲမှူးကြီး စိုးနိုင်ဦးနဲ့ ရဲမှူးကြီးသက်ဝေတို့ ရာထူးတိုးကြတယ်။ ကျနော်တို့ ရှေ့က ၅ ယောက် တက်သွားတော့ ရဲမှူးကြီးတွေ ထပ်တိုးမယ်။ ဒုရဲမှူးကြီး ပို့စ်တွေလည်း တော်တော်များများ ထွက်တယ်။ လူ ၅၀ ကျော်တောင် မကဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ရဲမှူးကြီးဇော်ခင်အောင်မှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလအထိ နေပြည်တော် ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သူ တဦးဖြစ်ပြီး ၎င်းပြောင်း ရွေ့ခံရစဉ်က နေပြည်တော်လေဆိပ်တွင် လက်နက်များဖြင့် ဖမ်းမိသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုနှင့်တိုက်ဆိုင်နေ၍ ယင်းအချက်ကြောင့် ပြောင်းရွေ့ခံရခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းရှိ အင်းဒင်ကျေးရွာ လူသတ်မှု ဖော်ထုတ်သည့် ရိုက်တာ သတင်းထောက်နှစ်ဦးအား အမှုဆင်ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကိုက ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်က ဧပြီလ ၂၀ တရားခွင်တွင် ထွက်ဆိုခဲ့ခြင်းကြောင့်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ် အများပြည်သူ၏ သဘောထားအမြင် မကောင်းဖြစ်နေသည်။
သို့ရာတွင် ယခု ရာထူး အပြောင်းအလဲများသည် ယင်းအမှုနှင့် ပတ်သက်ပုံ မရပေ။ ရန်ကုန်အခြေစိုက် အမှတ် (၂) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို ရာထူး ရွှေ့ပြောင်းခြင်း မရှိပါ။
ရန်ကုန်မြို့မှ အငြိမ်းစား ရဲအရာကြီးတဦးက “ရဲတပ်ဖွဲ့မှာ ဒီလို ပြောင်းတာက လုပ်ရိုးလုပ်စဉ်ပါပဲ။ တခုက လူမှန်နေရာမှန် ပြောင်းနိုင်ဖို့ လိုတယ်။ ပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အခါ ရဲတပ်ရင်းတွေမှာ ရဲတွေ စုပုံနေတာထက် တကယ် ပြည်သူနဲ့ ထိတွေ့ရတဲ့ နယ်မြေ ရဲစခန်းတွေကို တပ်ဖွဲ့ဝင် အင်အား လုံလောက်အောင် ချပေးရမယ်။ အဲဒါမှ ပြည်သူ အားကိုးလို့ရတဲ့ အဖွဲ့တခု ဖြစ်လာမှာ”ဟု သုံးသပ်ခဲ့သည်။
ယခု ရာထူး အပြောင်းအလဲတွင် ရဲမှူးကြီးမှ ရဲမှူးချုပ် ဖြစ်သွားသူ ၅ ဦးတွင် ရဲမှူးကြီးဇော်ခင်အောင်မှာ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးမှ ရဲမှူးချုပ် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဝင်းဗိုလ်မှာ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးမှ အမှတ် ၃ လုံခြုံရေး ရဲကွပ်ကဲရေးမှူးအဖွဲ့ တပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဇော် ထွန်းအောင်မှာ အမြန်လမ်း ရဲတပ်ဖွဲ့မှူးမှ အမှတ် ၁ လုံခြုံရေး ရဲကွပ်ကဲရေးမှူးအဖွဲ့ တပ်ဖွဲ့မှူး၊ ရဲမှူးကြီး စိုးနိုင်ဦးမှာ မှုခင်းတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူးမှ တပ်ဖွဲ့မှူးနှင့် ရဲမှူးကြီး သက်ဝေမှာ လေကြောင်း ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူးမှ တပ်ဖွဲ့မှူး အဖြစ် တာဝန်ပေးခံရသည်။
“ကျနော်က ဒုရဲမှူးကြီးကနေ ရဲမှူးကြီးဖြစ်လာတယ်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှာပဲ ဒုတပ်ဖွဲ့မှူးအဖြစ် တာဝန်ပေး အပ်ခြင်း ခံရတယ်။ လေကြောင်းက ဒုရဲမှူးကြီး ထူးအောင်က ရဲမှူးကြီးရာထူးနဲ့ ဒုတပ်ဖွဲ့မှူး ဖြစ်လာတယ်။ ရေကြောင်းကလည်း ရာထူးတိုးတာ ၂ ယောက် ရှိတယ်။ ကျန်တာတွေက ရဲချုပ်ရုံးက ရာထူးတိုးကြတယ်”ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး သက်နောင်ကလည်း ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ရဲရာထူးခန့်ချုပ်အဖြစ် ရဲလေ့ကျင့်ရေး အရာရှိ သင်တန်းကျောင်းမှ ရဲမှူးချုပ် ဇော်မိုးသန်းကို တာဝန်ပေးလိုက်ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်အောင်အောင်ကို ရဲလေ့ကျင့်ရေး အရာရှိကျောင်းသို့ ပြောင်းရွေ့ခန့်ထားလိုက်ကြောင်း၊ လစ်လပ်သွားသည့် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင် နေရာသို့ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထက်လွင်ကို တာဝန်ပေးလိုက်ပြီး ရဲမှူးကြီး ထက်လွင်နေရာသို့ ရန်ကုန်တိုင်း ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေ လာရောက်မည်ဟု သိရသည်။
ရဲမှူးချုပ် ရာထူးတိုးသွားသည့် ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်နေရာသို့ ရေနံမြေ လုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး အုန်းကျော်၊ အမြန်လမ်း ရဲတပ်ဖွဲ့မှူးနေရာသို့ ပဲခူး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်၊ မှုခင်း ဒုတပ်ဖွဲ့မှူး နေရာသို့ ရဲမှူးကြီး အောင်သူတို့ တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းက ပြောသည်။