မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ KTV နှင့် စားသောက်ဆိုင်တွဲ ဖွင့်ထားသည့် ဆိုင်တဆိုင်သို့ လာရောက်သည့် စုံတွဲထံမှ WY စိတ်ကြွရူးသွပ် ဆေးပြား ၉၂၈၅ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်သာယာ နယ်မြေရဲစခန်းမှ စုံစမ်း သိရှိရသည်။
ဧပြီ ၂၅ ရက် ညနေတွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ တိုင်းရင်းဆေးရုံ အနောက်လမ်းရှိ အကယ်ဒမီ KTV စားသောက်ဆိုင်သို့ မွန်ပြည်နယ် မူးခင်းအကူ ဌာနစုမှ မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက် စစ်ဆေး ရာမှ ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။
ယင်း KTV စားသောက်ဆိုင် အခန်း အမှတ် VIV-1 ကို ဝင်ရောက် စစ်ဆေးခဲ့ရာ မောင်ငံရပ်ကွက်မှ ကိုဇင်ကို အောင်(၃၄ နှစ်)နှင့် မဇူလိုင်ဦးတို့ထံမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၉၂၀၀ ပြားနှင့် WY စာတမ်းပါ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၈၅ ပြားကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးရမိခဲ့သော စိတ်ကြွရူးသွပ်ဆေးပြားများ၏ ကာလတန်ဖိုးမှာ ငွေကျပ်သိန်း ၄၆၀ ကျော် တန်ဖိုးရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယင်း စိတ်ကြွရူးသွပ် ဆေးပြားများကို ပြန်လည် ရောင်းချရန်အတွက် မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်သူနှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ခုနှစ်ခွေတောင်ဘက်၌ ချိန်းဆိုဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ဝင်များထံမှ စုံစမ်းသိရှိရသည်။
စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ အဖမ်းခံထားရသော ကိုဇင်ကိုအောင်နှင့် မဇူလိုင်ဦးတို့ကို မြိုင်သာယာ နယ်မြေရဲစခန်းတွင် မယ(ပ)၇/၂၀၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/၂၁ အရ အမှုဖွင့် ဖမ်းဆီးထားသည်ဟု မြိုင်သာယာနယ်မြေရဲစခန်းမှ သိရသည်။
အဆိုပါ ပုဒ်မတွင် မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို ရောင်းချရန် အလို့ငှာ လက် ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းတို့ ပြုလုပ်မှု တရပ်ရပ်ကို ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူအား ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ်အကန့်အသတ် မရှိ ထောင်ဒဏ် ချမှတ်ရမည်ဟု ဖော်ပြပါရှိသည်။