ရဲမှူးချုပ် တင်ကိုကိုက အမှုဆင်ဖမ်းဆီးခဲ့တာလို့ ဖွင့်ချထွက်ဆိုခဲ့ပြီးနောက် လူအများရဲ့ စောင့်ကြည့်ခြင်း ခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာကို ရဲတပ်ဖွဲ့က ယနေ့အထိ ထိမ်ချန်ထားဆဲဖြစ်ပါတယ်။
ဒုရဲမှူး မိုးရန်နိုင်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုး ကိုယ်တိုင်က ရဲတပ်ရင်း ၈ မှာ ချုပ် နှောင်ထားပြီး မိသားစုတွေ သွားရောက်တွေ့ဆုံနိုင်တယ်လို့ ဧပြီ ၂၂ ရက်နေ့က သတင်းဌာနတွေကို ပြောဆို ထားပေမယ့် တကယ်သွားရောက်ရာမှာတော့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာပါ။
ဧပြီ ၂၅ ရက်နေ့က ဒုရဲမှူး မိုးရန်နိုင်နဲ့ တွေ့ဆုံဖို့ ရဲတပ်ရင်း ၈ ကိုသွားရောက်ခဲ့တဲ့ ညီဖြစ်သူကိုရဲဝင်းနိုင် ကတော့ အကိုဖြစ်သူနဲ့ တွေ့ခွင့်မရ ခဲ့တဲ့အပြင် ဒုရဲမှူးမိုးရန်နိုင်ဟာ ရဲတပ်ရင်း ၈တွင် မရှိသလို ဘယ်မှာချုပ်နှောင်ထားတယ် ဆိုတာကို မသိဘူးဆိုတဲ့ တုံ့ပြန်မှုသာ ရခဲ့တဲ့လို့ ကာယကံရှင်က မီဒီယာတွေမှာ ပြောဆိုထားပါတယ်။
ဒီအချက်နဲ့ပတ်သက်လို့ ရဲမှူးကြီးမျိုးသူစိုးကို ဧရာဝတီက ယနေ့မနက်အထိ ဆက်သွယ်မေးမြန်းဖို့ ကြိုးစား ခဲ့ပေမယ့် ဖုန်းကိုင်ခြင်းမရှိခဲ့ပါ။
မန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ ဖြစ်တဲ့ ရဲမှူးကြီးတဦးကတော့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ကိစ္စအပေါ် ဖြေဆိုပေးရန် ရဲမှူးကြီးမျိုးသူစိုးကိုသာ တာဝန်ပေးထားတဲ့အတွက် အသေးစိတ်ကို မသိရှိဘူးလို့ ရှင်းပြပါတယ်။
၁၉၉၇ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ထားသည့် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ရဲအချုပ်သားတဦးအား ရဲတရားရုံး မှ ချုပ်နှောင်ထားပိုင်ခွင့်ရှိသော်လည်း အာမခံနဲ့ မိသားစုတွေ့ဆုံခွင့်လို့ အချက်အလက်တွေ ထည့်သွင်းထားတာ မတွေ့ရပါဘူး။
သို့သော် ရဲလက်စွဲဥပဒေမှာတော့ အချုပ်သားတဦးအနေနဲ့ ပြစ်မှုထင်ရှား စီရင်ခြင်းမပြုမီ မိသားစုနဲ့တွေ့ဆုံခွင့်၊ ပစ္စည်းပေးခွင့်စတဲ့ အခြေခံရပိုင်ခွင့်တွေကို ဖော်ပြထားတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
“ ပြစ်ဒဏ်မချရသေးတဲ့ အချုပ်သားတယောက်အနေနဲ့ မိသားစုနဲ့ တွေ့ခွင့်ရှိတယ်၊ ဒါကို တွေ့ခွင့်မရဘူးဆိုရင် ဥပဒေချိုးဖောက်တာပါပဲ” လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။
ဒုရဲမှူး မိုးရန်နိုင်အနေနဲ့ ဧပြီ ၂၀ ရက်နေ့က တရားလိုပြသက်သေအနေနဲ့ လာရောက်ထွက်တဲ့အချိန်အထိ ရဲအချုပ်မှာ ရက်ပေါင်း ၁၂၉ ရက်ကြား ချုပ်နှောင်ခံခဲ့ရပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့်မရခဲ့ ဘူးလို့ သိရပါတယ်။
အခြေခံ လူ့အခွင့်အရေး စံနှုန်းတွေအရ ချုပ်နှောင်ခံရသူတဦး အနေနဲ့ စွဲဆိုချက်ကိုပြန်လည်ချေပခွင့်၊ ရှေ့နေ ရှေ့ရပ်နဲ့တွေ့ဆုံခွင့်၊ မိသားစုနဲ့တွေ့ဆုံခွင့်စတာတွေကို ရရှိရမှာဖြစ်ပါတယ်။
ဒုရဲမှူး မိုးရန်နိုင်အပေါ် ရဲတပ်ဖွဲ့ရဲ့ အရေးယူချုပ်နှောင်မှုနဲ့ ပတ်သက်လို့တော့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု တွေ ရှိ၊ မရှိကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်(MNHRC) ထံ တိုင်ကြားမှုတွေလည်း ရှိနေပါတယ်။
“ဥပဒေနဲ့မညီဘဲ ချုပ်တယ်ဆိုရင်တောင် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်နေပြီ၊ လုပ်ထုံးလုပ်နည်းအပေါ် ဝင်စွက် ဖက်လို့တော့ မကောင်းဘူး၊ တမင်တွေ့ခွင့်မပေးဘဲ ထားတယ်ဆိုရင်တော့ လူ့အခွင့်အရေးချိုးဖောက်တာပါပဲ” လို့ MNHRC အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောထားပါတယ်။
MNHRC အနေနဲ့လည်း ဒုရဲမှူးမိုးရန်နိုင်ရဲ့ အခြေခံလူ့အခွင့်အရေးတွေ ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ပေးဖို့ကို ပြည်ထဲရေးဝန်ကြီးထံ မေတ္တာရပ်ခံစာတစောင် ဧပြီ ၂၃ ရက်နေ့က ပေးပို့ထားပါတယ်။
Reuters သတင်းထောက်နှစ်ဦးအား ဖမ်းဆီးမှုမှာ တရားလိုဘက်ကို အကြပ်တွေ့စေခဲ့တဲ့ သူ့ရဲ့ ထွက်ဆိုချက် ကြောင့်လည်း မယုံကြည်ရတဲ့ သက်သေအဖြစ်ကြေညာပေးဖို့ကို လျှောက်ထားခြင်း ခံခဲ့ရပါတယ်။
လျှောက်ထားချက်နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ရုံးချိန်းမှာ နှစ်ဖက်ရှေ့နေတွေ က လျှောက်လှဲချက် တင်ခဲ့ကြပြီး မေလ ၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချဖို့ တရားရုံးက ကြေညာထားပါတယ်။
အဆိုပါလျှောက်လှဲချက်ပေးတဲ့ ရုံးချိန်းမှာ ဒုရဲမှူး မိုးရန်နိုင်ဟာ လာရောက်ခြင်းမရှိခဲ့ပေမယ့် လာမည့် မေလ ၂ ရက်နေ့ ရုံးချိန်းမှာတော့ ရုံးရှေ့ ခေါ်လာဖို့ကို တရားသူကြီးက ပြောဆိုထားပါတယ်။
ဒုရဲမှူး မိုးရန်နိုင်ဟာ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီး ဘင်္ဂါလီ ၁၀ ဦးအား သတ်ဖြတ်မှုကို ဖော်ထုတ်ဖို့ ကြိုးစားနေတဲ့ Reuters သတင်းထောက်နှစ်ဦးကို လျှို့ဝှက်အချက်အလက်တွေ ပေးခဲ့တယ်လို့ ယူဆခံရပြီး ရဲစည်းကမ်းထိန်းသိမ်းရေး အက်ဥပဒေ ပုဒ်မ ၁၆(ခ)၊ ၂၂ တို့နဲ့ အမှုရင်ဆိုင်နေရတာဖြစ်တယ်လို့ သိရပါတယ်။
Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကလည်း အင်းဒင်လူသတ်မှုအတွက် သတင်းအချက် အလက်တွေ စုဆောင်းနေစဉ်မှာ ရဲတပ်ဖွဲ့နှစ်ဦးရဲ့ ချိန်းဆိုမှုအရ မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင်တခုကို ၂၀၁၇ ခုနှစ် ဒီဇင်လာ ၁၂ ရက်နေ့ညမှာ သွားရောက်ခဲ့တာဖြစ်ြ ပီး ဆိုင်ကပြန်အထွက်မှာပဲ ဖမ်းဆီးခဲ့ ရတာဖြစ်တယ်လို့ ကာယကံရှင်တွေက ဆိုထားပါတယ်။
ဖမ်းဆီးရာမှာ ရခိုင်ပဋိပက္ခနဲ့ပတ်သက်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိတယ်လို့ဆို ကာ မြန်မာနိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) နဲ့ သတင်းထောက်နှစ်ဦး မှာ တရားစွဲဆိုခံနေရတာဖြစ်ပါတယ်။
ဒုရဲမှူး မိုးရန်နိုင်ရဲ့ ထွက်ဆိုထားချက်တွေမှာတော့ သူနဲ့ ကိုဝလုံးတို့မှာ ရဲတပ်ရင်းသက်သာဆိုင်တွင် တကြိမ်သာ တွေ့ဆုံဖူးကြောင်းနဲ့ သူ့အနေနဲ့ ကိုဝလုံးတို့ကို မည်သည့် လျှို့ဝှက်စာရွက်စာတမ်းမှ ပေးခဲ့ခြင်းမရှိကြောင်း လည်း ထွက်ဆိုထားပါတယ်။
ကိုဝလုံးတို့ထံ စာရွက်စာတမ်းများပေးကာ အမှုဆင်ဖမ်းဖို့ကိုလည်း ရဲမှူးချုပ် တင်ကိုကို က ဦးစီးကာ ဒုတပ်ကြပ် နိုင်လင်းဆိုသူအား သွားရောက်ပေးအပ်စေခဲ့ခြင်း ဖြစ်သလို မိမိအနေနဲ့ ကိုဝလုံးတို့အား မဖမ်းဆီးမှီကပင် ထိန်းချုပ်ခံထားရပြီးဖြစ်တယ်လို့လည်း ဒုရဲမှူး မိုးရန်နိုင်က ပြောပါတယ်။
သူ့ရဲထွက်ဆိုချက်တွေဟာ သတင်းထောက် လွတ်မြောက်ဖို့အတွက်ပါ ဥပဒေအရ အားကောင်းစေခဲ့သလို အထောက်အထားအနေနဲ့လည်း ကိုးကားနိုင်တဲ့အချက်တွေဖြစ်တယ်လို့ ဖမ်းဆီးခံ သတင်းထောက် နှစ်ဦးရဲ့ ရှေ့နေတွေက ဆိုပါတယ်။
ဒုရဲမှူးမိုးရန်နိုင်ရဲ့ ထွက်ဆိုချက်တွေဟာ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုအတွက် အရေးပါတဲ့ အလှည့် အပြောင်းတခု ဖြစ်နိုင်ပြီး အစိုးရအနေနဲ့ တာဝန်ယူမှုရှိစွာ ဖြေရှင်းဆောင်ရွက်ဖို့ကိုလည်း ပြန်ကြားရေးဝန်ကြီး ဟောင်း ဦးရဲထွဋ် သူရဲ့ လူမှုကွန်ရက်စာမျက်နှာက တဆင့် ဧပြီ ၂၁ ရက်နေ့က တိုက်တွန်းထားပါတယ်။
“ အကောင်းဆုံးနည်းလမ်းကတော့ အမှန်တရားကိုု ဖော်ထုုတ်ပြီး တာဝန်ရှိတဲ့အတိုုင်းအတာ အလျောက် တာဝန်ယူမှု၊ တာဝန်ခံမှုကိုု ပြသဖိုု့ပါပဲ” လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။
ဒုရဲမှူး မိုးရန်နိုင် ဖြစ်စဉ်အပေါ် အခြေခံလို့ ပြည်သူတွေအနေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် ယုံကြည်မှုကင်းမဲ့ လာစေနိုင်တဲ့အတွက်လည်း နိုင်ငံတော်အဆင့် လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းကာ စစ်ဆေးဖော်ထုတ်ပေးဖို့ကို အရပ်ဖက်အဖွဲ့အစည်း ၁၃၆ ဖွဲ့က နိုင်ငံတော်သမ္မတထံ ဧပြီ ၂၆ ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာတစောင်ပေးပို့ကာ တောင်းဆိုထားပါတယ်။
“ နိုင်ငံတော် လျှို့ဝှက်စာရွက်စာတမ်းတွေကို ဒုရဲမှူးမိုးရန်နိုင်က သတင်းထောက်များအား ပေးသည်ဟု ထင်မြင် အောင် နှစ်ဖက်စလုံးကို ထောင်ချောက်ဆင်ဖမ်းဆီးခြင်း ကိစ္စသည် နိုင်ငံတော်တရားစီရင်ရေး မဏ္ဍိုင်၏ ဖြောင့်မတ်မှန်ကန်မှုကို ခြိမ်းခြောက်မှုဖြစ်စေ တယ်”လိုု့လည်း အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေး စာမှာ ပြောထားပါတယ်။
အမှုမှာ ဒုရဲမှူး မိုးရန်နိုင်နဲ့အတူ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ တပ်ကြပ်ကြီး ခင်မောင်လင်းနဲ့ပတ်သက်လို့ လည်း ရဲတပ်ဖွဲ့အနေနဲ့ ဘာမထုတ်ပြန်ပေးခြင်းမရှိပါဘူး။ သူသည်လည်း တရားလိုပြသက်သေတဦးအနေနဲ့ တရားခွင်မှာ ထွက်ဆိုဖို့ ပါဝင်နေသူဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒုရဲမှူးမိုးရန်နိုင်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဘယ်မှာချုပ်နှောင်ထားလဲဆိုတာ ကာယကံရှင်မိသားစုအပါအဝင် လူထုက သိရှိလိုကြပါတယ်။ ။