နေပြည်တော် ကောင်စီ နယ်မြေ တည်ဆောက်စဉ်က စည်ပင်ပိုင်မြေ၊ မြို့မြေအဖြစ်သိမ်းဆည်းခဲ့သည့် မြေများအတွက် လာမည့်နှစ်အတွင်း နစ်နာထောက်ပံ့ကြေးငွေပေးရန် ငွေကျပ် သန်း ၅၀၀ လျာထားသည်ဟု သတင်းရရှိသည်။
နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးစိုးနိုင်က “နေပြည်တော် နစ်နာကြေးလုံး၀ မပေးရသေးတဲ့ ကျန်တဲ့ နေရာတွေကို ပေးဖို့ သန်း ၅၀၀ လျာထားပါတယ်” ဟုပြောသည်။
ဧပြီလ ၂၇ ရက်နေ့က နေပြည်တော်မြို့တော်ခန်းမတွင်ကျင်းပပြုုလုပ်သည့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနနှင့် နေပြည်တော်လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ငွေလုံးငွေရင်းအသုံးစရိတ်၊ နိုင်ငံတော်ထောက် ပံ့ငွေတို့ဖြင့်ဆောင်ရွက်မည့် လျာထားချက်လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်ငွေ သန်း ၅၀၀ လျာထားပြီး ဒက္ခိဏသီရိ မြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် ၃ နေရာတွင် သိမ်းဆည်းမြေ ဧက စုစုပေါင်း ၄၈၁.၄၃ အတွက် လျော်ကြေးပေးသွားမည်ဟု သိရသည်။
လယ်ယာမြေလျော်ကြေး အဖြစ် ပြန်လည်ပေးအပ်ရာတွင် ၂၀၁၈ ခုနှစ်အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ဘတ်ဂျက်နှစ် အတွင်း ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ဦးစိုးနိုင်က ဆိုသည်။
ဒက္ခိဏသီရိမြို့နယ် အတွင်းမှ နေပြည်တော် တည်ဆောက်စဉ် မြေယာ ၅ ဧက သိမ်းဆည်းခံခဲ့ရသည့် တောင်သူ ဦးဝင်းနိုင်က “အရင်လျော်တုန်းက ဦးတို့ မရလိုက်တေ့ာ မျှော်နေရတာတေ့ာ ကြာပြီပေါ့။ အခုလို မြေယာလျော်ကြေး တွေ ပေးမယ်ဆိုတေ့ာ အရင်းအနှီးတခုလုပ်လို့ရပြီ” ဟု ဧရာဝတီသို့ ပြောသည်။
လျော်ကြေးငွေပေးအပ်သွားမည့် နေရာများမှာ သစ်တောပိုင်မြေ အဖြစ်မှ နေပြည်တော်စည်ပင် သာယာရေးကော်မတီပိုင် မြေအဖြစ်အသုံးပြုခွင့်ရရှိထားသည့် ဒက္ခိဏသီရီမြို့နယ်၊ ဟိုတယ်ဇုန် (၃)နှင့် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးအကြား နေပြည်တော်မြို့ပတ်လမ်းနှင့် ရတနာမဉ္ဇူလမ်း အကြား သဲဖြူကျေးရွာအနီးမှ မြေဧက ၃၈၀၊ နေပြည်တော် မြို့ပတ်လမ်း V4 လမ်းမှ မြေ ၁၂.၇၀ ဧကနှင့် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်မှ မြေ ၈၈.၇၃ ဧက စုစုပေါင်း ၄၈၁.၄၃ ဧက တို့ကို လျော်ကြေးပေးအပ်သွားမည်ဖြစ်သည်။
ဒက္ခိဏသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက “နေပြည်တော် စပြီးတည်ဆောက်စဉ်ကတည်းက လျော်ကြေးပေးဖို့ ကျန်နေတဲ့ တောင်သူ ကျနော့်မြို့နယ်ထဲမှာဆိုရင် အိမ်ထောင်စု ၄၆၀ ရှိသေးတယ်။ ဒါတွေကို ပေးရမှာပေါ့” ဟု အစည်းအဝေးအပြီးတွင် မီဒီယာများကိုပြောသည်။
နေပြည်တော် စီမံကိန်း တည်ဆောက်စဉ်က ကျေးရွာများ ရွေ့ပြောင်းခံရစဉ် အစားထိုး မြေနေရာများ ပေးသော်လည်း မရရှိသည့် သူများ ကျန်နေသေးကြောင်း၊ မြေယာများကို သိမ်းဆည်းပြီး စီမံကိန်းအဖြစ် အကောင်အထည် ဖော်ဆောင်ခြင်း မရှိသဖြင့် ယင်းနေရာတွင် အိမ်ယာစီမံကိန်း အဖြစ် ထည့်သွင်းပေးရန် ယင်းအစည်းအဝေးတွင် တောင်းဆိုခဲ့ကြောင်း ဦးသန့်ဇင်ထွန်းကပြောသည်။
ထိုကဲ့သို့ လျော်ကြေး အနေဖြင့် ပြန်ပေးရာတွင် တဧက ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ပြန်လည် ပေးအပ်သွားမည် ဖြစ်ပြီး၊ ယခု အကြိမ်လျော်ကြေးပေးပြီးပါက နေပြည်တော်ကောင်စီနယ်မြေ အတွင်း လျော်ကြေးပေးရန် မကျန်တေ့ာကြောင်း ဦးစိုးနိုင်က ဆိုသည်။