ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ထိန်းချုပ်မှုအောက်ရှိ တပ်မဟာ ၄ ခုနေရာတွင် တပ်မတော်က စစ်အင်အားများ တိုးချနေသဖြင့် နှစ်ဘက်တပ်များ အကြား စစ်ရေးတင်းမာမှုဖြစ်ပွားနေပြီး တပ်မဟာတချို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း KNLA ၏ အကြံပေးအရာရှိ ပဒိုမန်းမန်းက ဧရာဝတီသို့ ပြောသည်။
ကရင်ပြည်နယ် အတွင်းရှိ ဖာပွန်ခရိုင် (မူတြော်ခရိုင်) အခြေစိုက် လှုပ်ရှားနေသော တပ်မဟာ ၅ နယ်မြေ အပါအဝင် လှိုင်းဘွဲ့မြို့ နယ်နှင့် ကျုံဒိုးမြို့နယ်များရှိ တပ်မဟာ ၇ ၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ဝင်းရေးမြို့နယ်ရှိ တပ်မဟာ ၆ ၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ရှိ တပ်မဟာ၂ စသည့် KNLA ၏ တပ်မဟာ ၄ ခုထိန်းချုပ်ဒေသများတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
ပဒိုမန်းမန်း က “စိတ်ချရတဲ့ အခြေအနေ မရှိဘူးပြောရမယ်။ တပ်မဟာ ၅ ဘက်မှာပဲမဟုတ်ဘူး။ တပ်မဟာ ၇ ဘက်မှာရော၊ တပ်မဟာ ၆ ဘက်မှာရော၊ တပ်မဟာ ၂ ဘက်မှာရော အစိုးရစစ်တပ်ဘက်က အင်အားဖြည့်မှုက အလုံးအရင်းနဲ့ပဲ။ ကျနော်တို့ တွေ့နေရတဲ့ အခါကျတော့ ဒီအပေါ်မှာရှေ့ရေးအရ ကျနော်တို့ ပိုမိုစိုးရိမ်စရာ ဖြစ်နေတယ်” ဟု ဆိုသည်။
တပ်မတော်သည် နယ်မြေရှင်းလင်းရေး အစီအစဉ်ဖြင့် တပ်အင်အားများ ဖြည့်တင်းနေရာမှ ဧပြီ ၂၆ ရက်နေ့က ကရင်ပြည်နယ်၊ မာနယ်ပလောဒေသ ဟတ်ကြီးရေကာတာ စီမံကိန်းအနီးတွင် KNLA ၏ တပ်မဟာ ၇ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KNLA ဘက်က ဆိုသည်။
ပဒိုမန်းမန်း က “မာနယ်ပလော ဧရိယာအဝန်း အဝိုင်းမှာပဲ။ တပ်မဟာ ၇ နယ်မြေအတွင်းမှာပါ။ အဲဒီနေရာတွေကိုသူတို့ နယ်မြေ ရှင်းလင်းရေးဆိုတဲ့ စီမံချက် ချထားတယ်လို့ ကြားသိရတယ်။ နယ်မြေရှင်းလင်းရေးဆိုတာ ဆက်စပ်တာကတော့ ဟတ်ကြီး ရေကာတာ ဆောက်လုပ်မယ်ဆိုတဲ့ စီမံချက်နဲ့ ဆက်စပ်မယ်လို့ ယူဆလို့ရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် KNLA ၏ တပ်မဟာ ၄ ခုတွင် တပ်မတော်က အင်အားဖြည့်တင်း နေခြင်းကြောင့် စစ်ရေးတင်းမာနေသော်လည်း တပ်မဟာ ၂ နှင့် ၆ ဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ တပ်မဟာ ၅ နှင့် ၇ ဒေသမှာသာ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု KNLA ဘက်က ဆိုသည်။
ပြီးခဲ့သည့် မတ်လထဲတွင် တပ်မတော်က ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ၌ လမ်းဖောက်လုပ်ရန် ဆောင်ရွက်ခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများကြောင့် ယင်းဒေသရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ၂၀၀၀ ကျော် တိုက်ပွဲရှောင်ခဲ့ကြရပြီး ယနေ့ချိန်ထိ နေရပ်မပြန်နိုင်ဘဲ ဖြစ်နေသည်ဟုဆိုသည်။
တပ်မဟာ ၅ နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားမှုအပေါ် ကျောက်ကြီးမြို့နယ်တွင် တွေ့ဆုံဆွေးနွေးရန် နှစ်ဖက် သဘော တူညီခဲ့ကြသော်လည်း မဖြစ်မြောက်ခဲ့ကြောင်း KNLA ဘက်ကပြောသည်။
“ကျောက်ကြီးမှာ တွေ့ဆုံဆွေးနွေးကြမယ် ဆိုပြီးတော့ လွှတ်လိုက်သေးတယ်။ ဒါပေမယ့်လည်း စစ်တပ်ဘက်က တွေ့ဆုံမှု မလုပ်ခဲ့ဘူး။ အဲ့ဒီကတည်းက ကျနော်တို့ ဒီအပေါ်မှာစပြီးတော့ သံသယ ဖြစ်နေတယ်။ အခြေအနေအရပ်ရပ်အရ စိုးရိမ်စရာတွေ၊ စိတ်ပူစရာတွေ ရှိခဲ့တယ်။ ကျနော်တို့ စိတ်ပူထားတဲ့ အတိုင်းပဲ အခုလိုထိတွေ့မှုတွေ၊ ပစ်ခတ်မှုတွေ၊ တိုက်ပွဲတွေ တဖြေးဖြေး ပေါ်လာတာ ဖြစ်သွားတာပေါ့” ဟု ပဒိုမန်းမန်း က ပြောသည်။
အဆိုပါတိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီ(JMC) မှ ကြားဝင် ဆောင်ရွက်ပေးရမည် ဖြစ်သော်လည်း ထိထိရောက်ရောက် မဆောင်ရွက်နိုင်ပဲဖြစ်နေသည်ကို တွေ့ရသည်ဟုလည်း KNLA ဘက်ကပြောသည်။
KNLA သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ စစ်ဘက်ဆိုင်ရာ ဌာနတရပ်ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည်။
တပ်မတော်ဘက်ကတော့ KNLA နှင့် တိုက်ပွဲဖြစ်ပွားနေခြင်း အပါအဝင် ဒုက္ခသည်များ အရေးနှင့်ပတ်သက်ပြီး တစုံတရာထုတ်ပြန် ကြေညာခြင်းမရှိသေးပေ။