သတင်း

တိုက်ခန်းပေါင်း ၂၀၀ ကျော်ကို အထူးသက်သာခွင့်နှုန်းဖြင့် ရန်ကုန်တွင် ရောင်းချနေ

ရန်ကုန်မြို့ နေရာစုံရှိ အိမ်ရာ စီမံကိန်း ၁၀ ခုမှ ကွန်ဒိုတိုက်ခန်းပေါင်း ၂၀၀ ကျော်ကို အထူးသက်သာခွင့် နှုန်းထားဖြင့် AYA Home Loan အစီစဉ်ဖြင့် ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်တွင် ဧပြီလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့ အထိရောင်းချနေလျှက်ရှိသည်။

AYA Home Loan မှ Retail Banking Director ဦးသူရမောင် က “အိမ်ဝယ်သူတွေအနေနဲ့ ချေးငွေလျှောက်ထားတဲ့နေရာမှာ အလုပ်အကိုင်ပေါ့နော့် တလကိုဝင်ငွေ ဘယ်လောက်ရှိတယ် ဆိုတဲ့ အထောက် အထားတွေနဲ့ ကျနော်တို့ဘဏ်မှာ လာရောက်ပြီး လျှောက်ထားနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

AYA Home Loan အစီစဉ်ကို ဧပြီလဆန်းပိုင်းမှာ စပြီး ဧရာဝတီဘဏ်မှ လုပ်ဆောင်ခဲ့ပြီး ချေးငွေကာလမှာ အနည်းဆုံး ၁ နှစ်မှ အများဆုံး ၁၅ နှစ်ဖြစ်ကာ အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်းဖြစ်သည်။

ဦးသူရမောင်က “အရစ်ကျပေးသွင်းရမယ့် ပုံစံကတော့ သူတို့အိမ်ဝယ်ယူတဲ့ ငွေပမာဏ ပေါ်မှာ မူတည်ပါတယ်။ ဥပမာ ကျပ်သိန်း ၃၀၀ တန် အိမ်ကိုဝယ်ပြီး ၁၅ နှစ် အရစ်ကျစနစ်ကို ယူမယ်ဆိုရင် ၁ လကို ငွေကျပ် ၃ သိန်း ၈ သောင်းကျပ်လောက် သွင်းရမှာ ဖြစ်ပါတယ်” ဟု ငွေပေးချေမှုပုံစံနှင့် ပတ်သတ်၍ ရှင်းပြသည်။

အဆိုပါ အိမ်ရာ ရောင်းချပွဲကို AYA Bank၊ iGREEN နှင့် iMyanmar Hose တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြပွဲအတွင်း iGreen Development မှ တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး ကျပ်သိန်း ၈ဝဝ ကျော် မှ သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ ကွန်ဒိုအခန်း ပေါင်း ၂၀၀ ကျော်ကို ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ အထူးသက်သာခွင့်များ ၊ AYA Home Loan ဖြင့် (၁) နှစ် မှ (၁၅) နှစ် အထိ အရစ်ကျ ပေးချေနိင်သော စနစ်များဖြင့် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း iMyanmar Hose မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူ က ပြောသည်။

ထိုသို့အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် ကနဦး ၃၀ ရာခိုင်နှုန်းသာ ပေးသွင်း ရမည်ဖြစ်ပြီး AYA ဘဏ်၏ အိမ်ရာ ချေးငွေ လျှောက်ထားကာ ကျန်ငွေကို အခန်းတွင်နေထိုင်ရင်း လစဉ်ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းသို့ ချေးငွေနှင့် အိမ်ရာများ ရောင်းချပေးခြင်းဖြင့် ဝင်ကျပ် ၇ သိန်း၊ ကျပ် ၈ သိန်း၊ ကျပ် ၁၀ သိန်း ဝန်းကျင်ဝင်ငွေရရှိနေသော မိသားစုများ အိမ်ပိုင်ရရှိလာမည် ဖြစ်သည်။

ယခုအိမ်ရာရောင်းချပေးခြင်းမှာ လူလတ်တန်းစားများဖြစ်သော ကုမ္ပဏီဝန်ထမ်းများကို ရည်ရွယ် ရောင်းချခြင်း ဖြစ်ပြီး အနည်းဆုံး မိသားစုတခုလျှင် လစဉ်ပုံမှန် ဝင်ငွေ ကျပ် ၁၀ သိန်းခန့် ရှိသော သူများ (သို့မဟုတ်) အသေးစားနှင့် အလတ်စား လုပ်ငန်းရှင် ငယ်များအတွက် ရောင်းချဖြစ်ကြောင်း iMyanmar Hose မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

Loading