အစိုးရအတွက် စိန်ခေါ်မှု အကြီးမားဆုံး ပြဿနာကြီးများထဲတွင် အမှိုက်ပြဿနာသည်လည်း တခုအပါအဝင် ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီလ ၂၈ ရက်နေ့က ထိန်ပင်အမှိုက်ပုံအနီးရှိ စည်ပင်ရုံးခန်းတွင် ပြုလုပ်သော အမှိုက်နှင့် ပတ်သက်သည့် အစည်းအဝေးတွင် ပြောသည်။
ဦးဖြိုးမင်းသိန်း က “အမှိုက်ပြဿနာက အစိုးရသစ်ရဲ့ စိန်ခေါ်မှု အကြီးဆုံးထဲကတစ်ခုပဲ။ အဲဒီတစ်ခုထဲမှာ လမ်းမှာအမှိုက် ပစ်တာက တစ်ခုအိမ်တွေက အမှိုက်ပုံရောက်ဖို့ပေါ့။ စားတယ်လမ်းဘေးမှာဘဲ ပစ်ချထားလိုက်တယ်။ မြောင်းထဲပစ်ထည့် လိုက်တယ်။ ဒါမှ မဟုတ်ကြုံတဲ့ နေရာပစ်တယ်။ အိမ်ကနောက်ဖေးလမ်းကြား ထဲပစ်ချလိုက်တယ်” ဟု ဆိုသည်။
အမှိုက်နှင့်ပတ်သက်၍ မီသိန်းဓာတ်ငွေ့ကိုထုတ်ပြစ်နိုင်သည့် နည်းပညာမရှိခြင်း၊ အမှိုက်ကိုခွဲခြားမီးရှို့ခြင်း၊ အသုံးပြုခြင်းတို့နှင့် ပတ်သက်ပြီး ဖြေရှင်းရမည့် နည်းပညာများ မရှိခြင်းတို့ကြောင့် ထိန်ပင် အမှိုက်ပုံမီးလောင်ခြင်းကဲ့သို့ ကိစ္စများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန် အနီးရှိအဆိုပါ အမှိုက်ပုံသည် ဧပြီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှ စ၍ မီးလောင်မှု ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ ဘက်ဟိုးယာဉ်များဖြင့် မီးငြှိမ်းသတ်သော်လည်း အမှိုက်ပုံ၏ အောက်ခြေ အမှိုက်များမှ လှိုက်လောင်ကျွမ်းနေမှုကြောင့် မီးခိုးများထွက်ရှိနေပြီး ပတ်ဝန်းကျင် မြို့နယ်များနှင့် ကျေးရွာများသို့ မီးခိုးများ ပျံ့နှံ့နေသည်သာမက ရန်ကုန်မြို့ရှိ မြို့နယ် အတော်များများသို့ ညှော်နံ့များပါ လွင့်ပါခဲ့သည်။
လက်ရှိအခြေအနေတွင် အဆိုပါ ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှာ ၈ ရက်မြောက်နေ့ဖြစ်သည့် ဧပြီ ၂၈ ရက် (ယနေ့) တွင် မီးလောင်ကျွမ်းမှု ၉၈ ရာခိုင်နှုန်းအထိ ထိန်းသိမ်းနိုင်ပြီ ဖြစ်ပြီးမီးခိုးထိန်းသိမ်းမှုမှာ ၇၀ ရာခိုင်နှုန်းအထိ ထိန်းသိမ်းနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။
ဦးမျိုးဝင်းက“အခြေအနေအားလုံးက ကောင်းပါပြီ။ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် မီးခိုးရဲ့ ရာခိုင်နှုန်းနဲ့ ပြောရင် ၃၀ ရာခိုင်နှုန်း လောက်ပဲ ကျန်တော့မယ်။ မီးရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင်တော့ ၉၈ ရာခိုင်နှုန်းလောက် ပြီးသွားပါပြီ” ဟု ပြောသည်။
နောင်တွင် အဆိုပါ ပြဿနာမျိုးမဖြစ်ရန်အတွက် မြန်မာနိုင်ငံမှ အမှိုက်စို၊ အမှိုက်ခြောက်နှင့် ပြန်လည်အသုံးပြု ၍ ရသည့် အမှိုက်သုံးမျိုးလုံးကို ပြည်ပသို့ ပို့ပြီးသုတေသနပြုလုပ်ထားကာ သုတေသန ရလဒ်များရရှိသည်နှင့် အမှိုက်ဖျက်ဆီးခြင်း လုပ်ငန်းနှင့် အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့် လုပ်ငန်းများကို တင်ဒါခေါ်ယူသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဆက်လက်ပြီး ဦးဖြိုးမင်းသိန်း က “ကျနော်တို့ဆီက အမှိုက်ကို နိုင်ငံခြားပို့ပြီး သုတေသန လုပ်ထားတယ်။ အဲဒါမှသာ ဘယ်အမှိုက်ကို မီးရှို့သင့်တယ်။ ဘယ်အမှိုက်ကို မြေသြဇာအဖြစ် သုံးသင့်တယ်ဆိုတာ ကျနော်တို့ သိရမယ်။ အဲဒါ အခု ပြန်ရောက်ပြီလို့ ပြောတယ်။ ပြန်ရောက်ပြီဆိုမှ ဒီပစ္စည်းနဲ့ ကိုက်ပြီဆိုတဲ့ နည်းပညာသော်လည်းကောင်း အမှိုက်မီးရှို့စက် သော်လည်းကောင်း အဲဒီကျမှ ကျနော်တို့က တင်ဒါခေါ်လို့ရမယ်” ဟု ဆိုသည်။
၎င်းကဆက်၍ “တည်ဆောက်လိုက်တဲ့ အမှိုက်မီးရှို့ စက်သော်လည်းကောင်း၊ မြေသြဇာလုပ်တာ သော်လည်းကောင်းရေရှည် စဉ်ဆက်ဖွံ့ဖြိုး တိုးတက်နိုင်တဲ့ နည်းလမ်းနဲ့မှ ကျနော်တို့ တင်ဒါစနစ် အောင်မြင်မယ်။ အဲဒါကြောင့် အဲဒီပြဿနာဟာ ဒီနှစ်နှစ် အတွင်း ခေါင်းအခဲရဆုံး ပြဿနာတစ်ရပ်ပဲ” ဟု ဆိုသည်။
ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို ရိုးရိုးရေဖြင့် ငြှိမ်းသတ်မရသဖြင့် ရောစပ်ရန် သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ Bio Foam ဂါလံ ၅၀၀၀ ခန့်ကို ကမ္ဘောဇ လုပ်ငန်းအုပ်စုနှင့် စီးပွားရေး လုပ်ငန်းရှင်များက ထိုင်းနိုင်ငံမှ အရေးပေါ် ဝယ်ယူပေးခဲ့သည်။ ထို့နောက် မီးသတ် တပ်ဖွဲ့အနေဖြင့် Bio Foam ဂါလံ၂၀၀၀ ဖြန်းပြီးဖြစ်ကြောင်းနှင့် ယနေ့ညပိုင်းတွင် ကျန်ရှိနေသောဂါလံ ၃၀၀၀ ရောက်ရှိလာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။