သတင်း

မောင်တော မြောက်ပိုင်း၌ ခိုးဝင် ဘင်္ဂါလီ ၃ ဦ ဖမ်းမိ၊ ရဲတပ်ဖွဲ့ စစ်ဆေးနေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဧပြီလ ၂၈ ရက်နေ့ က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂါလီ ၃ ဦးအား ဖမ်းဆီးရမိရာ အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်မှု ရှိမရှိ ဆိုသည်ကို နယ်ခြား စောင့်တပ်ဖွဲ့ စစ်ဆေးနေကြောင်း သတင်းရသည်။

အဆိုပါ ဖမ်းမိသော ဘင်္ဂါလီ ၃ ဦးမှာ ကနဦး စစ်ဆေးချက်အရ တဘက်နိုင်ငံသို့ ထွက်ပြေးသွားသူများ ဖြစ်ပြီး မည်သည့် ရည်ရွယ်ချက်ဖြင့် ပြန်လည်ခိုးဝင်လာသည်ကို မသိရှိကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်က ပြောသည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်က “မနေ့ နေ့လည် ၂ နာရီလောက်မှာ ဖမ်းဆီးရမိတာ၊ သူတို့ က တဘက်နိုင်ငံကို ထွက်ပြေးသွားတဲ့ သူတွေပါ ။ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဝင်လာတာဆို တာ မသိရသေးဘူး ။ အခုသူတို့ကို သက်ဆိုင်ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကနေ စစ်ဆေးနေတုန်းပဲ ရှိပါတယ်သေး ။” ဟု ဧရာဝတီသို့ ပြောသည်။

ဖမ်းမိသော ဘင်္ဂါလီ ၃ ဦးမှာ ၎င်းမြို့နယ် တပ်ချောင်းကျေးရွာတွင် နေထိုင်ခဲ့သူများ ဖြစ်ပြီး မနေ့က မောင်တော မြို့နယ် လဘော်ဇား ကျေးရွာအနီး တဲတစ်လုံးတွင် ခိုအောင်းနေထိုင်ကြောင်း ရွာသား များက သက်ဆိုင်ရာ နယ်ခြားစောင့်ရဲဌာနကို သတင်းပေးတိုင်ကြားခဲ့သည့်အတွက် ဝိုင်းဝန်းဖမ်းဆီးခဲ့ ကြောင်း သိရသည်။

၎င်းတို့ ၃ ဦးထံမှ ဘင်္ဂလားဒေ့ရှ် ဆင်းမ်းကဒ် ထည့်သွင်းထားသည့် လက်ကိုင်ဖုန်း ၂ လုံး ၊ ဘင်္ဂလားဒေ့ရ်ှ ငွေစက္ကူ တချို့နှင့် ဓါးကောက် ၁ လက် ၊ ဓါးရှည် ၁ လက်တို့ကို ဖမ်းဆီးရမိခဲ့ သည့်အတွက် သက်ဆိုင်ရာ အမှတ် ၄ နယ်ခြားစောင့်ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က မောင်တောဒေသအတွင်း နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကျော်ကို ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ ARSA မှ လူအင်အားသုံးပြီး တပြိုင်နက် စီးနင်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးမှု ရှိခဲ့ရပြီး ဒေသခံ တိုင်းရင်းသားများ သောင်းချီ ထွက်ပြေးတိမ်းခဲ့ရသလို တပ်မတော်၏ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂါလီအမြောက်အများ တဘက်နိုင်ငံသို့ တိမ်းရှောင်သွားသည်။

Loading