တိုက်ပွဲများကြောင့် နေအိမ်များမှ ထွက်ပြေးပြီး စစ်ဘေးရှောင်နေရသည့် ကချင်ပြည်သူလူထုများ စိတ်ဓါတ်မကျပဲ ကြုံတွေ့ နေရသည့် ဒုက္ခများကို သည်းခံပြီး ကျော်ဖြတ်ကြရန် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက စာတစောင် ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။
လတ်တလောတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးပြီး တောတွင်း ပိတ်မိနေသူများ၊ နီးစပ်ရာ မြို့ကို ထွက်ပြေး ကြရသူများ၊ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသူများနှင့် KIO တပ်ဖွဲ့ဝင်များကို KIO ဥက္ကဌမှ အားပေးစကားပါးသည့် စာကို KIO ဗဟိုကော်မတီရုံးစာ၊ ဗိုလ်ချုပ်ကြီး အင်ဘန်လ လက်မှတ်ဖြင့် ဧပြီလ ၂၈ ရက်က ဖြန့်ဝေလိုက်ခြင်း ဖြစ်သည်။
ထိုစာထဲတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက “ လူထုဒုက္ခရောက်နေတာကို KIO ဗဟိုကော်မတီအနေနဲ့ စိတ်ပူပန်ပါတယ်။ စိတ်မကောင်းပါဘူး။ အားလုံး စစ်ဘေးဒုက္ခကြုံရလည်း စိတ်ရှည်သည်းခံပြီး အချိန်အတိုင်းအတာတခုကို ကျော်ဖြတ်ရမယ်။ စိတ်ဓါတ်ကျတာမျိုး မဖြစ်အောင် အားပေးလိုက်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ အခု ဒုက္ခရောက်နေတဲ့ အချိန်ကို ငါတို့ ကျော်ဖြတ်ရမယ်။ သည်းခံပြီးမှ ဖြတ်သန်းရမယ့် အချိန်ဖြစ်တယ်”ဟု ရေးသားထားသည်။
KIO အနေဖြင့် နိုင်ငံရေးအရ ဖြေရှင်းရန် နည်းလမ်းအမျိုးမျိုး ကြိုးပမ်းနေစဉ် ကချင်ပြည်နယ်အနှံ့ တပ်မတော်က အဓမ္မ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း၊ တပ်မတော်၏ တိုက်ခိုက်မှုများကြောင့် ကချင်ပြည်သူလူထုများ ရှိသည့် ရပ်ရွာများတွင် လက်နက်ကြီးများ ပစ်ခတ်ခံရသလို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့်လည်း ဒေသခံများ နေအိမ်နှင့် လယ်ယာများကို စွန့်ခွာပြီး ထွက်ပြေးနေရကြောင်း၊ ဒုက္ခခံစားနေရသည်ကို သိရှိကြောင်း ရေးသားထားသည်။
ဒုက္ခရောက်နေသည့် စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီပေးနေသူများကိုလည်း ကျေးဇူးတင်ကြောင်း၊ စာထဲတွင် ရေးသားထားပြီး ဆင်းရဲဒုက္ခရောက် နေသည့် အချိန်တွင် ကချင်များအားလုံး စည်းလုံးကြရန် ၊ ဒေသ အသီးသီးတွင် တာဝန်ကျနေသည့် KIO ရဲဘော်များကိုလည်း အားပေးကြောင်း၊ တပ်မတော် ထိုးစစ်ကြောင့် ဖယ်ပေးလိုက်ရသည့် တပ်နေရာများမှာ အရှုံးပေးလိုက်ရခြင်း မဟုတ်ပဲ စစ်ဗျူဟာသာ ဖြစ်သည်ဟုလည်း စာထဲတွင် ရေးသားထားသည်။
ဗိုလ်ချုပ်ကြီး အင်ဘန်လက “ပြောက်ကျားစစ်ဆင်ရေးနဲ့ ပြန်တိုက်ခိုက်ရမယ့် အချိန်ဖြစ်ပါတယ်။ စစ်မြေပြင်မှာ အားစိုက်ရသလို ထွက်ပြေးနေရတဲ့ ပြည်သူလူထုတွေ လွတ်အောင် လမ်းပြပေးဖို့လည်း KIA ရဲဘော်တွေက တာဝန် ယူရမှာ ဖြစ်ပါတယ်။ စိတ်ဓါတ်မကျပဲ ဦးဆောင်သူတွေ ပြောတာကို နားထောင်ပြီး ဆက်လက်တိုက်ပွဲဝင်သွားရအောင်” လို့လည်း ရေးသားပြောဆိုထားသည်။
၂၀၁၁ ခုနှစ်၊ ဇွန်လမှ ယနေ့ထိ ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် နေအိမ်များကို စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရသည့် စစ်ဘေးရှောင်ဒုက္ခသည် တသိန်းကျော် ရှိသည်။
ယခု ဧပြီလအတွင်း တနိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ် နှင့် အင်ဂျန်းယန်မြို့နယ် တို့အတွင်း တပ်မတော်နှင့် KIA တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀၀ ကျော် တိုးလာသည်။
ထပ်မံ့တိုးလာသည့် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၄၀၀၀ ကျော်အနက် ၂၀၀၀ ခန့်မှာ နီးစပ်ရာ မြို့များရှိ ဘာသာရေးကျောင်းများတွင် ခိုလှုံနေကြပြီ ဖြစ်သော်လည်း ၂၀၀၀ ခန့်မှာ တနိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်ရှိ တောများအတွင်း ပိတ်မိ နေဆဲဖြစ်သည်။
ဧပြီလအတွင်း တိုက်ပွဲများကြောင့် ပြေးလာကြသူများမှာ ၎င်းတို့ နေထိုင်ရာ ကျေးရွာများအနီး လက်နက်ကြီး ကျည် ကျပြီး တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် ဗုံးကျဲခြင်းကြောင့် ကြောက်ရွံ့ပြီး ထွက်ပြေးလာကြခြင်း ဖြစ်သည်။
ဧပြီလ ၁၁ရက်က ရဟတ်ယာဉ်မှ ကျဲချသည့် ဗုံးပေါက်ကွဲမှုကြောင့် တနိုင်းမြို့နယ်၊ အောင်လောဒ့်ကျေးရွာ မှ ဒေသခံ လူငယ်တဦး သေဆုံးခဲ့ပြီး ထိုလူငယ်၏ ဖခင်ဖြစ်သူမှာလည်း ဒဏ်ရာများ ရရှိထားသည်။
ဧပြီလ ၂၆ ရက်က ရဟတ်ယာဉ်မှ ဗုံးကျဲပြီး တိုက်ပွဲများကြောင့် လမ်းပိတ်ပြီး ရွာမှ ထွက်မရမည်ကို စိုးရိမ်ပြီး ပြေးလာကြသည့် အင်ဂျန်းယန်မြို့နယ်မှ စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀ ကျော်အတွင်းမှလည်း ၅ ဦး ပျောက်ဆုံးနေသည်ဟု ပြေးလာကြသူများထံမှ သိရသည်။
ဧရာဝတီမှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တိုက်ပွဲအခြေအနေများနှင့် ပတ်သတ်၍ မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်ရာ ဆက်သွယ်၍ မရပါ။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီလ ၂၈ ရက်တွင် “တိုက်ပွဲရှောင်ဒေသခံပြည်သူများသို့ အသိပေးကြေငြာချက်” ဟု ခေါင်းစဉ်တပ်ထားသည့် လက်ကမ်းစာစောင်များကို စစ်ဘေးရှောင်ဒုက္ခသည်အချို့အား ဝေခဲ့သည်။
ထိုစာထဲတွင် ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင် ကချင်ပြည်နယ်မှ KIA အကြမ်းဖက် သောင်းကျန်း သူများ အခြေပြု နေရာများဖြစ်သည့် မံဝယ်ဒေသ (ဖားကန့်မြို့နယ်အတွင်းရှိ ဒေသ) အား တပ်မတော်မှ နယ်မြေ ရှင်းလင်း သိမ်းပိုက်ခဲ့ပြီး တနိုင်းမြို့နယ်၊ အောင်လော့ဒ်ဒေသ၊ မိုးကောင်းမြို့နယ်၊ ကဆုန့်ဒေသ နှင့် အင်ဂျန်းယန် ဒေသများကို ဆက်လက် နယ်မြေရှင်းလင်းလျက်ရှိပါသည်ဟု ရေးသားထားသည်။
တပ်မတော်မှ နယ်မြေရှင်းလင်းရာတွင် KIA အကြမ်းဖက် သောင်းကျန်းသူများ တည်ရှိရာ နေရာနှင့် စခန်းများကိုသာ ရွေးချယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ရာ ဒေသရှိ ကျေးရွာနှင့် ဒေသခံများကို လုံးဝ ထိခိုက်မှု မရှိစေရန် ထိန်းသိမ်းကြောင်းနှင့် KIA များ ဖျက်ဆီးခဲ့သည်များမှ အပ ကျန်အရာများ ဆုံးရှုံးမှု မရှိစေရန် ထိန်းသိမ်းထားသည်ဟုလည်း ထိုလက်ကမ်းစာစောင်ထဲတွင် ရေးသားထားသည်။
ထို့ပြင် တပ်မတော်မှ နယ်မြေရှင်းလင်းပြီး ထိန်းသိမ်းထားသည့် ဒေသများကို မြို့နယ်အုပ်ချုပ်ရေး၊ မြို့မိမြို့ဖ များနှင့် ဘာသာရေးအသင်းအဖွဲ့များကို သွားရောက် ကြည့်ရှုစေမည်ဖြစ်ကြောင်း၊ ထွက်ပြေးခဲ့ရသည့် ဖားကန့် မြို့နယ်၊ မံဝေဒေသမှ ပြည်သူများ နေရပ်ပြန်လာရာတွင်လည်း ရိက္ခာနှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း၊ ကျန်ဒေသမှ ပြေးနေသူများလည်း နေရပ်သို့ ပြန်လည်နေထိုင်မည်ဆိုပါက ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ရေးသားထားသည်။
တိုက်ပွဲဖြစ်ပွားရာ ဒေသများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ပြီး စစ်ဘေးရှောင်စခန်းများတွင် နေထိုင်မှု များလာပါက ကချင်ပြည်နယ်၏ ပုံရိပ်ကို မှေးမှိန်ကျဆင်းလာစေမည်ဖြစ်ပြီး သောင်းကျန်းသူများနှင့် ပတ်သတ်မှု မရှိသည့် ဒေသခံများ သက်ဆိုင်ရာ မိမိရပ်ရွာသို့ ပြန်လာပြီး နေထိုင်ရန်နှင့် ပြန်လာပါက တပ်မတော်က အပြည့်အဝ ကူညီဆောင်ရွက်ပေးမည်ကို အသိပေးကြေငြာသည်ဟုလည်း ရေးသားထားသည်။
ပြည်တွင်းပြည်ပ ကချင်အရပ်ဘက်အဖွဲ့အစည်း ၃၂ ဖွဲ့ကမူ ကချင်ပြည်နယ်တွင်း တိုက်ပွဲများတွင် တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အရပ်သားများကို သတ်ဖြတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများပြုလုပ် နေသဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) သို့ လွဲပြောင်းပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်း တောင်းဆိုကြောင်း ရေးသားထားသည့် စာတစောင်ကို ဧပြီလ ၂၃ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် များထံ ပေးပို့ထားသည်။