သတင်း

ကုလ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ရောက်ပြီ

မြန်မာ အစိုးရ၏ ဖိတ်ကြားမှုဖြင့် ရခိုင်အရေး လေ့လာရန် ရောက်ရှိလာသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်သို့ ရောက်ရှိလာပြီး ၎င်းတို့ အဖွဲ့သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ပထမဆုံး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် တွေ့ဆုံမည် ဖြစ်ပြီး ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဒေါ်ပြုံးကေသီနိုင်၊ ဦးဂျေယောဂူတို့နှင့် လွှတ်တော် အဆောက်အဦ I – 5 တွင် တွေ့ဆုံရန် ရှိပြီး ည ၇ နာရီတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဧည့်ခံသည့် အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်သည်။

ဦးကျော်တင့်ဆွေနှင့်အတူ အမျိုးသား လုံခြုံရေး အကြံပေး ဦးကျော်တင့်ဆွေ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ UEHED ညှိနှိုင်းရေးမှူး ဒေါက်တာ အောင်ထွန်းသက်တို့ ပါဝင်မည် ဖြစ်သည်။

မေလ ၁ ရက်နေ့တွင် နေပြည်တော်တွင် အစိုးရ မဟုတ်သော အရပ်ဘက် အဖွဲ့များနှင့် တွေ့ဆုံရန် ရှိပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ နေ့ချင်းပြန်ခရီးသွားရောက်မည် ဖြစ်ကြောင်း၊ စစ်တွေလေဆိပ်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် တွေ့ဆုံရန် ရှိနေသည်။

ထို့နောက် မွတ်စလင် ကျေးရွာများသို့ ရဟတ်ယာဉ်များဖြင့် သွားရောက်မည် ဖြစ်ပြီး ပြန်လည်ထူထောင်ရေး အခြေအနေများ၊ ဒုက္ခသည်များ ယာယီနေထိုင်မည့် ကြားစခန်းများကို သွားရောက် လေ့လာမည် ဖြစ်သည်။ အပြန် စစ်တွေလေဆိပ်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းများများနှင့် တွေ့ဆုံဦးမည်ဟု သိရသည်။

မြန်မာပြည်မှ ပြန်မထွက်မီ ညနေပိုင်းတွင် နေပြည်တော် လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပရန်လည်း ရှိနေသည်။

Loading