သတင်း

ထိန်ပင်အမှိုက်ပုံမီးလောင်မှု မီးတောက်များမရှိတော့ဟု မီးသတ်ဦးစီး ပြောဆို

Want create site? Find Free WordPress Themes and plugins.

လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမီးလောင်မှု ဖြစ်ပွားခြင်း ယနေ့ ၁၀ ရက်မြောက်နေ့တွင် လောင်ကျွမ်းနေသော မီးတောက်များ မရှိတော့ဘဲ မီးခိုးငွေ့အနည်းသာ ကျန်ရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။

ဦးမျိုးဝင်းက “အောက်ကအပူကြောင့် အငွေ့တွေ တက်တာပဲ ရှိတော့တယ်။ မီးခိုးက ၃၀၊ ၃၅ ရာခိုင်နှုန်း လောက်ပဲ ရှိတော့တယ်။ မီးလောင်ကျွမ်းမှု၊ မီးတောက်ကတော့ မရှိတော့ဘူး ကျန်တာ မီးခိုးလေးတွေပဲ ရှိတော့တာပေါ့” ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန် အနီးရှိ အဆိုပါ အမှိုက်ပုံသည် ဧပြီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှ စ၍ မီးလောင်မှု ဖြစ်ပွားလျက်ရှိရာ ယနေ့ အထိ လောင်ကျွမ်းမှု ရှိနေဆဲ ဖြစ်သော်လည်း မီးခိုးငွေ့သာ ကျန်ရှိတော့ကြောင်း သိရသည်။

အဆိုပါ အမှိုက်ပုံ မီးလောင်ပြင်ကို အပိုင်း ၄ ပိုင်းပိုင်းကာ တနေ့လျှင် တပိုင်း မီးငြှိမ်းသတ်မှုများ ပြုလုပ်လျက်ရှိပြီး လက်ရှိအချိန်တွင် မီးခိုးထွက်မှုများလည်း လျော့နည်းသွားပြီ ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ဧရာဝတီသို့ ပြောသည်။

“မနေ့က ထိုင်းပညာရှင်အဖွဲ့ရယ်၊ အာဆီယံပညာရှင်အဖွဲ့ရယ် နောက်မီးသတ်က ဦးစီးပြီးတော့မှ မီးလောင်ပြင်ကြီးကို ဘယ်လိုငြှိမ်းသတ်ကြမလဲ ဆိုပြီးတော့ ကျနော်တို့ ဆွေးနွေးကြပါတယ်။ ဆွေးနွေးတဲ့အခါမှာ အမှိုက်ပုံကြီးကို အပိုင်း ၄ ပိုင်း ပိုင်းပြီးတော့ A,B,C,D  ကို တရက်ချင်းစီ မီးငြှိမ်းသတ်မယ် ဆိုပြီးတော့ ဆုံးဖြတ်လိုက်ကြပါတယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး ဒေါက်တာအောင်မြင့်မော်က “ဆုံးဖြတ်ချက်နဲ့အညီပဲ မနေ့တုန်းက A အပိုင်း ကို စုပေါင်းပြီးတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ တပ်မတော်မီးသတ်အဖွဲ့၊ ရဲအဖွဲ့ရယ် အကုန်ပူးပေါင်းပြီးတော့ ငြှိမ်းသတ်လိုက်တာ ပြီးသွားတယ်။ ဒီနေ့ B အကွက်ကို လုပ်တယ်။ B အကွက်ကို လုပ်နေရင်းနဲ့ပဲ A အကွက်မှာ ထလောင်ရင် ငြှိမ်းသတ်လို့ရအောင် အရံတွေလည်း ထားခဲ့တယ်။ ဒီနေ့ B ပြီးအောင်လုပ်မယ်”ဟု ရှင်းပြသည်။

ထိုအမှိုက်ပုံမီးအား မီးငြှိမ်းသတ်မှုများ ပြုလုပ်ခဲ့သော်လည်း အမှိုက်ပုံ၏ အောက်ခြေ အမှိုက်များမှ လှိုက်ပြီး လောင်ကျွမ်းနေမှုကြောင့် မီးခိုးများ ထွက်ရှိခဲ့ပြီး ပတ်ဝန်းကျင် မြို့နယ်များနှင့် ကျေးရွာများသို့ မီးခိုးများ ပျံ့နှံ့ခဲ့ရုံ သာမက ရန်ကုန်မြို့ရှိ မြို့နယ် အတော်များများသို့ ညှော်နံ့များပါ လွင့်ပါခဲ့သည်။

အမှိုက်ပုံမီး စတင်လောင်ကျွမ်းသည့်နေ့မှ ဧပြီ ၂၉ ရက်နေ့အထိ မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများဖြင့် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူသူ ၃၃ ဦးနှင့် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူသူ ၂၉ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဆေးကုသမှုခံယူသောလူနာများ၏ သွေးအတွင်းရှိ Carboxyhaemoglobin ပမာဏကို စစ်ဆေးခဲ့ရာ ပုံမှန်ပမာဏအတွင်းသာရှိကြောင်း  အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေးရုံတက်ရောက်သောလူနာများမှ ရောဂါသက်သာသွားသည့် သူများကိုု ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ယနေ့အချိန်ထိ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးတွင် လူနာ ၁၁ ဦးသာ ကျန်ရှိတော့ကြောင်း လှိုင်သာယာ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက အတည်ပြုပြောကြားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading