မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် လာမည့်လအတွင်း တွေ့ဆုံနိုင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့က ပြောလိုက်သည်။
ပြီးခဲ့သည့် သောကြာနေ့က ကင်ဂျုံအန်းနှင့် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်တို့ ၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲအတွင်း စစ်ပြေငြိမ်းခဲ့သည့် ပန်မွန်ဂျုံရွာတွင် တွေ့ဆုံပြီးနောက် ဒေသတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် အတူ အရာရာတိုင်းအတွက် အာမခံချက်ပေးသဖြင့် အမေရိကန်နှင့် မြောက်ကိုရီးယားအကြား တွေ့ဆုံဆွေးနွေးရန် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထိုသို့ တောင်- မြောက် နှစ်နိုင်ငံအကြား တွေ့ဆုံပြီးနောက် ကိုရီးယား ကျွန်းဆွယ် နျူလက်နက်ကင်း စင်ရေးကို နှစ်ဘက် သဘောတူညီခဲ့သလို၊ မြောက်ကိုရီးယားမှ နျူကလီးယား စမ်းသပ်သည့် နေရာကို မေလအတွင်း ပိတ်ပစ်ရန် ဆုံးဖြတ်လိုက်သကဲ့သို့ အမေရိကန် လက်နက်ကျွမ်းကျင်သူများကိုလည်း လာရောက်စစ်ဆေးရန် ဖိတ်ခေါ်ခဲ့သည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံမည့်ကိစ္စကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မစ်ချီဂန်ပြည် နယ် စည်းရုံးရေး ခရီးစဉ်တွင် ပြောဆိုခြင်းဖြစ်ပြီး၊ “နောက် ၃ပတ် သို့မဟုတ် ၄ပတ် အတွင်း တွေ့နိုင်မယ်လို့ ထင်ကြောင်း၊ ဒါဟာ အရေးကြီးတဲ့ တွေ့ဆုံမှုဖြစ်ပြီး၊ ဘာတွေဆက်ဖြစ်လာ မယ်ဆိုတာကို မြင်ရမှာဖြစ်တယ်လို့လည်း ဆိုသည်။
“ကျနော်တို့အစွမ်းသတ္တိကနေ နျူကလီးယားစစ်ကနေ ရှောင်လွဲနိုင်ခဲ့ပါပြီ။ စစ်ဖြစ်မယ့်ဘက်ကို ကျနော်တို့ မသွားတော့ ပါဘူး၊ နောက်ဘာတွေပဲ ဖြစ်ဖြစ်ပေါ့လေ။ ကျနော်လုပ်သွားနိုင်မယ်ဆိုတာ ကြည့်လိုက်ပါ။ မလုပ်နိုင်ဘူးဆိုရင်လည်း ကျနော်ထွက်မယ်” သမ္မတ ထရမ့်က ပြောသည်။
သမ္မတဟောင်း အိုဘားမား လက်ထက် အီရန်နှင့် နျူကလီးယား ကင်းစင်ရေး သဘောတူညီချက် အပေါ် လုပ်မှားကိုင်မှား ဖြစ်ခဲ့ခြင်းကို သူ့အနေဖြင့် ရှောင်ရှားသွားမည်ဖြစ်ကြောင်း ဆိုသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် မိုက်ပွန်ပီယိုကလည်း ဝါရှင်တန်အနေနဲ့ ငြိမ်းချမ်းရေးကို ဆက်လက်လုပ်ဆောင်ဖို့ ရှိကြောင်း ဆိုသည်။
ပြီးခဲ့သည့် စနေနေ့ စောစောပိုင်းက သမ္မတ ထရမ့်သည် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးထံ ဖုန်းဆက်ပြီး အရာရာတိုင်းဟာ အကောင်းဘက်ကို ဦးတည် နေတယ်လို့ ပြောခဲ့ပြီး၊ သမ္မတဒေါ်နယ် ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ တွေ့ဆုံပွဲကို မွန်ဂိုလီးယား သို့မဟုတ် စင်ကာပူမှာ လုပ်နိုင်တယ်လို့ CBSသတင်းက ဆိုသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည်လည်း ယခုတပတ်အတွင်း မြောက်ကိုရီးယားကို သွားရောက်မှာဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
မစ္စတာ ဝမ်ယိရဲ့ မြောက်ကိုရီးယား ခရီးစဉ်ဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးခရီးစဉ်ဖြစ်ပြီး၊ ယခုလအတွင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို ဘေဂျင်းကို လာရောက်စဉ်က တွေ့ဆုံခဲ့ပြီးဖြစ်သည်။