သတင်း

တရုတ် CNPC နှင့် MOGE ကို ကျိန်စာတိုက်သော ခေါင်းဆောင် ၄ ဦး အမှုဖွင့်ခံရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ရေနံနှင့် သဘဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း လယ်ယာမြေ လျော်ကြေးပြဿနာနှင့် ပတ်သက်၍ ပြီးခဲ့သော ရက်ပိုင်းအတွင်းက တရုတ် CNPC ကုမ္ပဏီနှင့် MOGE ကို သင်္ချိုင်း ၄ ခုတွင် ကျိန်စာ တိုက်ခဲ့ သော ခေါင်းဆောင် ၄ ဦး ငြိမ်းစု/စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရကြောင်း သတင်းရရှိသည်။

အဆိုပါ ခေါင်းဆောင် ၄ ဦးကို အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ကာ ကျိန်စာတိုက်သည့် နယ်မြေပိုင်နက် အလိုက် တပ်တောင်နယ်မြေ ရဲစခန်းတွင် ၂ ဦး၊ အမ်းမြို့မ ရဲစခန်းတွင် ၂ ဦးတို့ကို အမှုဖွင့်လှစ်ခဲ့ကြောင်း၊ ဧပြီလ ၂၉ ရက် နေ့က ၎င်းတို့ကို အမှုဖွင့်ထားသည့် ရဲစခန်း ၂ ခုက ခေါ်ယူ စစ်ဆေးခဲ့ကြောင်းလည်း တပ်တောင် ရဲစခန်းတွင် အမှု ဖွင့် ခံထားရသူ အမ်းမြို့နယ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမျိုးလွင်က ပြောပြ သည်။

ဦးမျိုးလွင်က “တိုင်တာကတော့ အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ပြီး တိုင်တာပါ။ ငြိမ်းစု/စီ ဥပဒေ ပုဒ်မ ၁၉ နဲ့ တပ်တောင် စခန်းမှာ ကျနော်အပါအဝင် ၂ ဦးရယ်၊ အမ်းမြို့မ ရဲစခန်းမှာ ကိုဝဏ္ဏစိုးပါ ၂ ဦးကို အမှုဖွင့် တိုင်ကြားလို့ ကျနော် တို့ကို ခေါ်ယူစစ်ဆေးတယ်။ ထွက်ချက်တွေကိုယူပြီး တရားရုံးက ဆင့်ခေါ်တဲ့ အချိန် လာရောက်ပါမယ် ဆိုတာ ကိုတော့ ဝန်ခံချက် လက်မှတ်တွေ ထိုးထားခဲ့ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကျိန်စာတိုက်ပွဲ ဆင်နွှဲမည့် အကြောင်းကို မြို့နယ် ရဲတပ်ဖွဲ့မှူးထံ အကြောင်းကြားစာ မပေးခဲ့သော်လည်း ကျိန်စာ မတိုက်ခင် ၂ ရက်အလို ဧပြီလ ၂၃ ရက်နေ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို လိပ်မူပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ထံသို့လည်း အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း အမှုဖွင့်ခံထားရသူ ဦးမျိုးလွင်က ဆက်လက်ပြောကြား သည်။

ဦးမျိုးလွင်က “ကျနော်တို့ ဧပြီလ ၇ ရက်နေ့က ချီတက် ဆန္ဒပြဖို့ မြို့နယ် ရဲတပ်ဖွဲ့မှူးကို အကြောင်း ကြားစာ ပေးခဲ့တဲ့ အခါ ထိုင်သပိတ် ဆင်နွှဲဖို့ ဆိုတဲ့စာသားကို ဖျက်ခဲ့ရတယ်။ ငြိမ်းစု/စီ ဥပဒေမှာ အဲဒီလို သပိတ်ဆိုတဲ့ အသုံးအနှုန်းတွေ မပါတဲ့ အတွက်ကြောင့် အဲဒါတွေ ထည့်လို့မရဘူး ဆိုပြီး ပြောတယ်။ အခုလုပ်တဲ့ ကျိန်စာတိုက်တဲ့ အသုံးအနူန်းကလည်း ငြိမ်းစု/စီ ဥပဒေမှာ မပါတော့ မြို့နယ် ရဲတပ်ဖွဲ့မှူးက ငြိမ်းစု/စီ ဥပဒေနဲ့သာ သက်ဆိုင်တယ် ဆိုတဲ့ အတွက်ကြောင့် မို့ ကျနော်တို့က ရဲတပ်ဖွဲ့မှူးကို အကြောင်းကြားစာ မပေးခဲ့ဘူး။ မြို့နယ်အတွင်းမှာ ဖြစ်ပျက်တာ အားလုံးနဲ့ သက်ဆိုင်တဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးကို အကြောင်းကြာစာ ပေးပို့ခဲ့ပြီးမှသာ လုပ်ခဲ့တာပါ”ဟုလည်း ပြောဆိုသည်။

အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းအေးကတော့ ငြိမ်းစု/စီ ဥပဒေပါ အတိုင်း အသိပေးတင်ပြမှု မရှိသည့် အတွက် ကြောင့် အရေးယူထားခြင်း ဖြစ်ကြောင်း ပြောသည်။

ရဲမှူး ထွန်းအေးက“အမှုဖွင့် အရေးယူထားတာ မှန်ပါတယ်။ မြို့နယ် ရဲတပ်ဖွဲ့မှူးကို အသိပေး တင်ပြရမယ် ဆိုပြီးတော့ ငြိမ်းစု/စီ ဥပဒေမှာပါတယ်။ အဲဒီလိုတင်ပြတာ မရှိခဲ့တဲ့အတွက် အရေး ယူရတာဖြစ်ပါတယ်”ဟု ပြောဆိုသည်။

အမ်းဒေသခံ တောင်သူများသည် ဧပြီလ ၂၅ ရက်နေ့က မြေယာလျော်ကြေး ပြဿနာ ဖြေရှင်း မပေးသောကြောင့် တရုတ် CNPC (China National Petroleum Corporation) ကုမ္ပဏီနှင့် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိုက်လိုင်း ဖြတ်သန်းမှုကြောင့် ပျက်စီးသွားသည့် ၎င်းမြို့နယ်အတွင်းက မျောက်ကိုက်ကျေးရွာ သင်္ချိုင်း၊ သံပုရာကျေးရွာ သင်္ချိုင်း ၊ ခမောင်းချောင်း ကျေးရွာ သင်္ချိုင်းနှင့် ဆင်ခုံတိုင် ကျေးရွာ သင်္ချိုင်း စသည့် သင်္ချိုင်း ၄ ခုတို့ တွင် ဒေသခံ ၅၀၀ ခန့်က စုပေါင်း ကျိန်စာတိုက်ပွဲကို တပြိုင်းတည်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ ကျိန်စာတိုက်ရာတွင် အမ်းမြို့နယ်အတွင်း ဒေသခံများအပေါ် စာနာမှုကင်းမဲ့စွာ ပြုလုပ်ဆောင်ရွက်ခဲ့ မှုနှင့် အတူ အနိုင်ကျင့်မှုများ၊ တရားမှုများ၊ မကောင်းမှုများ၊ လူ့အခွင့်ရေး ချိုးဖောက်မှုများ ကိုပြုလုပ်ခဲ့ကြသော CNPC နှင့် MOGE တို့၏ အပေါင်းအပါများသည် ၂၅ ၊ ၄ ၊ ၂၀၁၈ ရက်နေတွင် အသေဆိုးနှင့် သေဆုံးပြီးကြပြီ ဖြစ်ကြောင်း စသည် ဖြင့် ဒေသခံများက ရွတ်ဖတ်ကာ ကျိန်စာတိုက်မှုများကို ပြုလုပ်ခဲ့ကြောင်း တောင်သူများက ပြောပြသည်။

ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် အမ်းမြို့နယ်အတွင်းက နစ်နာသည့် တောင်သူများက ဧပြီလ ၇ ရက်နေ့က အမ်းမြို့နှင် ၁၀ မိုင်ခန့်ကွာဝေးသည့် CNPC ရုံးရှိရာသို့ ဆိုင်ကယ်များဖြင့် ချီတက်ပြီး ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်ဟုလည်း ဆိုသည်။

ယင်းဆန္ဒပြပွဲ အပြီးတွင် ဒေသခံတောင်းသူများက ဧပြီလ ၇ ရက်နေ့မှ ၁၀ ရက်အတွင်း တာဝန်ရှိသူများက ဖြေရှင်း ပေးရန် တောင်းဆိုထားပြီး တောင်းဆိုချက်အတိုင်း တုံ့ပြန် ဖြေရှင်းပေးခြင်း မရှိပါက ကျိန်စာတိုက်ပွဲကို အရှိန်မြှင့် လုပ်ဆောင်သွား ရန် ဆုံးဖြတ်ထားချက်ကို အကောင်အထည်ဖော် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အမ်းမြို့နယ် တောင်သူ များက ပြောဆိုသည်။

အမ်းတောင်သူများသည် ယခုနှစ် မတ်လ ၂၂ ရက်နေ့ကလည်း ယင်းမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၉ အုပ်စုမှ နစ်နာ သည့် ပြည်သူများ စုပေါင်ပြီး မြို့ပေါ်လမ်းတလျှောက် လှည့်လည်ကာ မြေယာလျော်ကြေး ပြဿနာ ဖြေရှင်းပေး ရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ပိုက်လိုင်းစီမံကိန်း ဖြတ်သန်းမှုကြောင့် အမ်းမြို့နယ်အတွင်းက ရခိုင် တိုင်းရင်းသားများနှင့် ချင်းတိုင်းရင်းသားများ လုပ်ကိုင် စားသောက်သော လယ်မြေများ၊ ဥယျာဉ်ခြံမြေများ၊ ရွာပိုင် မြေများ ပါရှိသွားပြီး တရုတ်ကုမ္ပဏီနှင့် တာဝန်ရှိသူ များက အစပိုင်းအချိန်က မြေယာလျော်ကြေးများ ပေးအပ်မှု တချို့ရှိခဲ့သော်လည်း အမှန်တကယ် လုပ်ကိုင် စားသောက် သည့် ဒေသခံများ လျော်ကြေး ရခြင်း မရှိသလို မြေယာပိုင်ဆိုင်မှု အထောက်အထား မရှိဟုဆိုကာ မြေယာ အများစုကို လျော်ကြေး ပေးခြင်း မရှိကြောင်းလည်း အမ်းဒေသခံများက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading