အလှူရှင်များစွာရှိနေသော်လည်း မီးသတ်နေသူများတွင် စားရေးရိက္ခာ အလုံအလောက် မရရှိဟုဆိုသော သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ဖြစ်ရိုးဖြစ်စဉ် နားလည်မှု လွဲမှားခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဒေါက်တာခင်နှင်းအေး က ပြောသည်။
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို ငြှိမ်းသတ်နေသည့် မီးသတ်ဝန်ထမ်းတဦး ထမင်းထုပ် လုံလောက်စွာ မရရှိကြောင်း ပြောဆိုနေသည့် ရုပ်သံတခု လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာထက်တွင် ပြန့်နှံ့သွားပြီးနောက် ရန်ကုန် စည်ပင်သာယာရေး ကော်မတီအပေါ် ဝေဖန်ပြစ်တင်မှုများ ရှိခဲ့သည်။
ဒေါက်တာခင်နှင်းအေး က “ဒီလိုကိစ္စရပ်တွေကတဖွဲ့နဲ့ တဖွဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ဖြစ်ရိုးဖြစ်စဉ်လို့ပဲ သတ်မှတ် ပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့က မီးသတ်အင်အား ၈၀၀ ရှိရင် ကျမတို့က ၈၀၀ ကို သူတို့ရဲ့ အဖွဲ့အစည်းကို ခေါ်ပြီးတော့ ပေးပြီးပါပြီ။ အဲဒီမှာ ဘာဖြစ်သလဲဆိုတော့ အဲဒီနေ့က မီးသတ်ကအရေ အတွက် ၈၀၀ မှာ ၅၀၀ ကို ကျမတို့ဆီက ယူပါမယ်။ ၃၀၀ ကအလှူရှင်ရှိပါတယ်လို့ ပြောလို့ ကျမတို့က ၅၀၀ ကိုထုတ်ပေးပြီးသွားပြီး ဖြစ်ပါတယ်” ဟု ဆိုသည်။

ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းမှုကို စည်ပင်၊ ရဲ၊ တပ်မတော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဧပြီလ ၂၁ ရက်နေ့ ကတည်းက ပူးပေါင်း ငြိမ်းသတ် နေခြင်းဖြစ်ပြီး စေတနာရှင် ပြည်သူများက ၎င်းတို့ စားရန်အတွက် ထမင်းထုပ်များနှင့် သောက်ရေများ ဆောင်ရွက်ပေးခဲ့ကြရာ လာရောက် လှူဒါန်းခဲ့ကြသည်ဟု သိရသည်။
သို့သော်လည်း မီးသတ်တပ်ဖွဲ့ဝင်အများအပြား မွန်းလွဲ ၁ နာရီထိုးအထိ ထမင်းမစားရသေးသည့် အဖြစ်အပျက်မှာ အမှန်တကယ် ဖြစ်ပြီး ယင်းသို့ ရိက္ခာမရှိသဖြင့် သွားရောက်ပြောပေးရာမှ စကားအခြေအတင် များခဲ့ကြောင်း လှိုင်သာယာမြို့နယ် အရံမီးသတ်တပ်ဖွဲ့ ဒုတပ်ခွဲမှူး ဦးကျော်ခန့်က အတည်ပြု ပြောသည်။
ဦးကျော်ခန့် က “မနေ့က ဖြစ်စဉ်ကတော့ ကျနော်တို့ရဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ရှေ့တန်းမှာ တကယ် ဒုက္ခတွေ ရောက်နေကြတယ်။ ထမင်းလည်း မစားရသေးဘူး ၁ နာရီထိုးနေပြီ အဲဒီတော့ ထမင်းထုပ် သွားတောင်းတဲ့ အချိန်မှာ ထုတ်သွားပြီလို့ သူတို့က ပြောတယ်။ မင်းတို့ အတွက် ထမင်းထုပ် ထုတ်သွားပြီးပြီ အဲဒီမှာသူတို့ကို ဆေးတို့၊ ရေသန့်ဗူးတို့ ပေးတာပေါ့။ ပေးတဲ့အချိန်မှာ ကလေးတွေကို သူတို့က ဓာတ်ပုံလိုက်ရိုက်တယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကျနော်က စိတ်နည်းနည်း ဆိုးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အများပြည်သူ လှူထားတာတွေ ရှေ့တန်းမှာ တကယ် ထူးထူးချွန်ချွန်လုပ်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အတွက်ကို လှူထားတဲ့ ပစ္စည်းဖြစ်လိ့ို စိတ်ဆိုးပြီးတော့ သူတို့နောက်ကို လိုက်သွားတယ်။ ပြီးတော့ ကျနော်ကပြောတယ် ဘာဖြစ်လို့ ကျနော်ကလေးတွေကို ဓာတ်ပုံရိုက်တာလဲ။ ဓာတ်ပုံရိုက်စရာရှိရင် ကျနော့်ကိုရိုက် ကျနော် အခုထမင်းထုပ် လာထုတ်တယ်။ သူကပြောတယ် ထမင်းထုပ်ကထုတ်သွားပြီ မရှိတော့ဘူးဆိုပြီးပြောလိုက်တယ်။ ရတယ်မရှိရင် ကျနော်တို့က အငတ်ခံမယ်။ ရှိသလောက်နဲ့ စားမယ်ဆိုပြီးပြောလိုက်တယ်” ဟုပြောသည်။
အများနှင့် လုပ်ရသည့် ကိစ္စဖြစ်သဖြင့် နားလည်မှု လွဲမှားသည့် အဆိုပါ ကိစ္စရပ်မှာ ဖြေရှင်းပြီးနားလည်မှုရရှိပြီး ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဒေါက်တာခင်နှင်းအေး ကပြောသည်။

ဒေါက်တာ ခင်နှင်းအေး က “စောင့်ပါလို့ ပြောတဲ့အချိန်မှာ နည်းနည်းလေး ဆာနေ၊ ပင်ပန်းနေတဲ့ အပေါ်မှာ လွဲမှားမှုလေးတွေ ဖြစ်တယ်လို့ ယူဆပြီးတော့မှ မယူဘဲနဲ့ ပြန်သွားခဲ့တာ ရှိပါတယ်။ ပြီးတော့ facebook ပေါ်မှာ တက်လာတာတွေ့တဲ့ အခါကျတော့ ကျမတို့က ရည်ရွယ်ချက် တခုထဲမှာ ဦးတည်ပြီးတော့ အဖွဲ့တွေအားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတာမှာ ဒီလိုတွေ ဖြစ်တယ်ဆိုတော့ စိတ်မကောင်းခြင်း ဖြစ်ရပါတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့ မီးသတ်ဦးစီးဌာနကိုလည်း ဖုန်းနဲ့ဆက်သွယ်ပြီးတော့ အကြောင်းကြားပါတယ်။ လာတဲ့သူနဲ့လည်း တိုက်ရိုက် ပြောခိုင်းပါတယ်။ အဲဒီလိုလေးဖြေရှင်းပါတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန် အနီးရှိ အဆိုပါ အမှိုက်ပုံသည် ဧပြီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှ စ၍ မီးလောင်မှု ဖြစ်ပွားလျက်ရှိရာ ယနေ့ ၁၀ ရက်မြောက်နေ့သို့ပင် ရောက်ရှိလာပြီး လောင်ကျွမ်းနေသော မီးတောက်များ မရှိတော့ဘဲ မီးခိုးငွေ့အနည်းသာ ကျန်ရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။