တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ပီရူးနိုင်ငံမှ Mr. Gustavo Meza Cuadra Velasquez ဦးဆောင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ယမန်နေ့ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးသည်။
ယင်းတွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ ကုလသမဂ္ဂဆိုင်ရာအဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်များတက်ရောက် ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
Mr. Gustavo Meza Cuadra Velasquez ဦးဆောင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှ အမြဲ တမ်း ကိုယ်စားလှယ် အဖွဲ့ဝင်များက ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တဖက် နိုင်ငံသို့ ထွက်ခွာသွားသူများအား ပြန်လည်လက်ခံနိုင်မည့် အခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆာင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ သဟ ဇာတဖြစ်သော ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော် မှဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိသည့် ကိစ္စရပ်များအားအသီးသီးမေးမြန်းကြကြောင်း သိရသည်။
ထိုမေးမြန်းမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် နိုင်ငံ တော်ကို ကိုယ်စားပြုနေသည့် ကာကွယ်ရေးအဖွဲ့အစည်း၊ တခုတည်းသော တပ်မတော်ဖြစ်၍ စည်းကမ်းနှင့်ပတ်သက်ပြီး တိကျစွာလုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော် အက်ဥပဒေများကို လိုက်နာလျက် ရှိပြီး နိုင်ငံတကာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီသာ ဆောင်ရွက်၍ စည်းကမ်းဖောက်ဖျက်သူများအား ဥပဒေနှင့်အညီတိကျစွာ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ဆောင်မှု များကြောင့်သာ ယခုကဲ့သို့အခြေအနေများ ဖြစ်ပေါ် ခဲ့ရခြင်းဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံသို့ထွက်ခွာသွားသည့် ဘင်္ဂါလီများ အား နှစ်နိုင်ငံ သဘောတူညီချက်များနှင့် အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့်အသင့်ရှိကြောင်း၊ တပ်မတော်အနေဖြင့် လည်း နိုင်ငံတော်အစိုးရ၏ညွှန်ကြားချက်များနှင့်အညီ ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း ဆိုသည်။
ထို့အပြင် စွပ်စွဲခံနေရသော လိင်အကြမ်းဖက်မှုများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာအရ စက်ဆုတ်ဖွယ် အပြုအမှုအဖြစ် သတ်မှတ်ထားပြီး ပြင်ထန်စွာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ၎င်းပြစ်မှုများကို ပိုမိုပြင်းထန်စွာ အပြစ်ပေး လျက်ရှိကြောင်း၊ မြန်မာ့တပ်မတော်၏ သမိုင်းကြောင်း၌လည်း ၎င်းကဲ့သို့လိင် အကြမ်းဖက်မှုများ မရှိကြောင်း၊ နိုင်ငံတကာအဖွဲ့ကအစည်းများမှ လူသားချင်းစာနာမှု အကူ အညီများပေးအပ်ရာတွင် ဒေသခံတိုင်းရင်းသားများအားလည်း အလေးထား သာတူညီမျှသည့် ကူညီမှုများ ဆောင်ရွက်ပေး ရန်လိုအပ်ကြောင်း၊ ယခုမိမိတို့ပေးအပ်ထားသော ခိုင်မာသည့်အထောက်အထား စာရွက် စာတမ်း များနှင့် ဓာတ်ပုံမှတ်တမ်းများအား သေချာစွာလ့လာပြီး ဖြစ်စဉ်ဖြစ်ရပ်မှန်များအား သိရှိအောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် မေ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့သွားရောက်လေ့လာစဉ် ပွင့်လင်းစွာ မေးမြန်းပြီးနှစ်ဖက်မျှတစွာစဉ်းစားသုံးသပ်စေလိုကြောင်းပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် Mr. Gustavo Meza Cuadra Velasquez ဦးဆောင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များအား ရခိုင်ပြည်နယ် အရေးကိစ္စများနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ ဓာတ်ပုံမှတ်တမ်းစာအုပ်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များသည် နိုင်ငံတော် အတိုင်ပင် ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သေးသည်။