မြန်မာနိုင်ငံတွင် အလုပ်သမားများ အခွင့်အရေးပိုမိုရရှိရေး၊ လူမှုဘဝ မြင့်တက်စေရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း ILO နှင့် ပူးပေါင်း ရေးဆွဲထားသည့် သုံးနှစ်စီမံကိန်း ( ၂၀၁၈ – ၂၀၂၁ ခုနှစ်) ကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့ ဖတ်ကြားခဲ့သည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ သဝဏ်လွှာအရ သိရသည်။
“သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ ရေရှည်တည်တံ့တဲ့ စွန့်ဦးတီထွင် စီးပွားရေး အခွင့်အလမ်းများကို အလုပ်လုပ်နိုင်သူများ ပိုမိုရရှိလက်လှမ်းမီရေး၊ အလုပ်သမားဈေးကွက် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာခြင်းအားဖြင့် အလုပ်ခွင်များမှာ အခြေခံစည်းမျဉ်းနှင့် အခွင့်အရေးများ ကျင့်သုံးမှု အားကောင်းလာစေရေး၊ ထိခိုက်လွယ်တဲ့ အလုပ်သမားနဲ့ ပြည်သူများ အတွက် လူမှုအကာအကွယ်ပေးမှု အကျုံးဝင်စေဖို့ တိုးချဲ့ရေးစတဲ့ ဦးတည်ဆောင်ရွက်ရမယ့် ဦးစားပေးနယ်ပယ် (၃) ရပ် ချမှတ်ပြီး သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်ဆိုင်ရာ နိုင်ငံအဆင့် အစီအစဉ်ကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်”ဟု သဝဏ်လွှာတွင် ပါရှိသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားနှင့် လူမှုကာကွယ် စောင့်ရှောက်ခြင်း ဖိုရမ်ကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် မေလ ၁ ရက်နေ့က ပြုလုပ်ခဲ့ရာတွင် အထက်ပါအတိုင်း သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။
အလုပ်သမားထုများ၏ အခွင့်အရေး အကာအကွယ်ပေးနိုင်မှုနှင့် နေထိုင်မှု အဆင့်အတန်းသည် နိုင်ငံ၏ ဖွံ့ဖြိုးမှု ကို ပြသနေသော အဓိကညွှန်းကိန်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
“အလုပ်သမားထုရဲ့ ဘဝကို ဘယ်လောက် ကာကွယ်စောင့်ရှောက်ပေးနိုင်ပြီလဲ၊ အလုပ်သမားထုရဲ့ ဘဝနေထိုင် နိုင်မှု ဘယ်လောက်ခေတ်မီနေပြီလဲဆိုတာ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြသတဲ့ အဓိက ညွှန်းကိန်းပဲ ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ ဘဝကို တိုးတက်မြင့်မားတဲ့ ဘဝတခု မထူထောင်နိုင်မချင်း ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီလို့ ပြောလို့မရပါဘူး”ဟု ၎င်းက ဆိုသည်။
အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေးများ ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ အဖွဲ့အစည်း သုံးခု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်ရမည် ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆက်လက် ပြောသည်။
သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင်ဆိုင်ရာ နိုင်ငံအဆင့် အစီအစဉ် ၂၀၁၈-၂၀၂၁ (Decent Work Country Programme in Myanmar 2018-2021) ကို ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ်မှစပြီး အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေး နွေးပွဲများ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သဝဏ်လွှာအရ သိရသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် ဆွေးနွေးပွဲတွင် အဆိုပါ သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင်ဆိုင်ရာ နိုင်ငံအဆင့် အစီအစဉ်ကို သုံးပွင့်ဆိုင်ဆွေးနွေးပြီး အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။