ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ပိတ်မိနေသူများ လွတ်မြောက်ရေး မြစ်ကြီးနားမြို့လည်၌ သပိတ် စခန်းဖွင့် ဆန္ဒထုတ်ဖော်သည့် ကချင်လူငယ်များ၏ ဆန္ဒပြခြင်း အစီအစဉ်ကို ဥပဒေနှင့် မညီ၍ ဖျက် သိမ်းရန် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးက ဧရာဝတီကို ပြောသည်။
အဆိုပါ ကချင်လူငယ်များ အနေဖြင့် တနိုင်းမြို့နယ်အတွင်း ပိတ်မိနေသည့် စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀၀ခန့်ကို အစိုးရ ကယ်ထုတ် မပေးမချင်း အိမ်မပြန်ပဲ သပိတ်စခန်း၌သာ နေ၍ ဆန္ဒထုတ်ဖော်သည့် အစီအစဉ်ကို ဧပြီလ ၃၀ရက် နေ့လည်ပိုင်းက စတင်ခဲ့ကြခြင်း ဖြစ်သည်။
ကချင်လူငယ်ထု သပိတ်စခန်း ဦးဆောင် ကော်မတီက လူငယ်အင်အား ၁၀၀ကျော်ဖြင့် မြစ်ကြီးနား မြို့လည် အ.ထ.က (၁) ကျောင်းအနီးတွင် သပိတ်စခန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ခရစ်ယာန် ဘာသာ ထုံးစံအရ ဆုတောင်းခြင်းများ ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့ ဝင်များက ရောက်ရှိလာပြီး တားမြစ်ခဲ့ခြင်း ဖြစ်သည်။
ရဲမှူး သန်းဦးက “ပင်မရည်ရွယ်ချက်နဲ့ နည်းနည်းလေး သွေဖယ်သွားတဲ့ သဘောဖြစ်တဲ့ အတွက် မလို အပ်တဲ့ ပြဿနာ တွေ ဖြစ်ပေါ်တယ်လို့ မြင်လို့ နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်တွေ နိုင်ငံတကာ အမြင် ၅ရပ်နဲ့ လုပ်တာပါ။ လူငယ်တွေကို သူတို့ရဲ့ ထွက်ပေါက်၊ သူတို့ရဲ့ လွတ်လပ်မှုကို ပိတ်ပင်တာ မဟုတ်ပါဘူး” ဟု ပြော သည်။
အဆိုပါ သပိတ်စခန်းမဖွင့်မီ ဧပြီလ ၃၀ ရက် မနက်ပိုင်းကလည်း ကချင်လူငယ်ထု သပိတ်စခန်း ဦးဆောင်ကော်မတီမှ နေ၍ ဘာသာရေးခေါင်းဆောင်များ၊ ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်များ ၊ တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများ စုစုပေါင်း ၅၀၀၀ ခန့် စုဝေးကာ မြို့ပတ်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ကချင်လူငယ်ထု သပိတ်စခန်း ဦးဆောင်ကော်မတီအနေဖြင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဥပဒေအရ ဆန္ဒ ထုတ် ဖော်မည့် အစီအစဉ်ကို အာဏာပိုင်များထံ တင်ပြတောင်းဆိုခဲ့ရာ ရဲတပ်ဖွဲ့မှ လည်း ခွင့်ပြုထားပြီး ဖြစ်သည်။
မူလခွင့်ပြုခဲ့သော်လည်း ဆန္ဒထုတ်ဖော်သည့် ဧပြီလ ၃၀ ရက်တွင် ပင်မ တောင်းဆိုထားသည့် “ပိတ်မိ နေသူများ ဘေးကင်းလုံခြုံရာ လွတ်မြောက်ရေး”ဆိုသည့် အချက်နှင့် ကွဲလွဲသည်“တိုက်ပွဲများ ရပ်တန့် ရေး”၊ “လူသားခြင်း စာနာ ထောက်ထားရန်”၊ “အမျိုးသမီးများကို တိုက်ပွဲအတွင်း ဓားစာခံ အဖြစ် မသုံးရန်”ဟူသည့် တောင်းဆိုချက်များကို ဆိုင်းဘုတ်များ ထောင်၍ တောင်းဆိုခဲ့ခြင်းသည် ဥပဒေ နှင့် အညီမဟုတ်၍ တားမြစ်ရခြင်း ဖြစ်ကြောင်း ရဲမှူးသန်းဦးက ပြောသည်။
“လတ်တလော သူတို့ရဲ့ တုန့်ပြန်မှုပေါ် မူတည်ပြီးတော့ ဥပဒေနဲ့ မညီညွတ်ဘူး ဆိုရင် အရေးယူဆောင် ရွက်ရမယ့် အပိုင်း ကို မဆောင်ရွက်ချင်တဲ့ အတွက် အစိုးရအဖွဲ့တွေနဲ့ ကျနော်တို့က စေတနာရှေးရှုပြီး အခုလို လုပ်တာ စည်းစနစ်ကျနမှု မရှိတာကြောင့် ဖျက်သိမ်းတာပါ”ဟုလည်း ၎င်းကဆိုသည်။
ကချင်လူငယ်ထု သပိတ်စခန်း ဦးဆောင် ကော်မတီဝင်များကမူ ရဲတပ်ဖွဲ့ဘက်မှ ပြောဆိုချက်များသည် တပ်မတော် သို့မဟုတ် အစိုးရဘက်မှ တားမြစ်ရန် ညွှန်ကြားချက်အရ ဖြစ်သည်ဟု ယူဆကြောင်း၊ တိုက်ပွဲအတွင်းပိတ်မိနေသူများကို ကယ်ထုတ်ရန် တောင်းဆိုပြီး လူသားခြင်းစာနာထောက်ထားရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ မပြုလုပ်ရန် ပြောဆို တောင်းဆို သည်မှာ ဥပဒေကို ချိုးဖောက်ခြင်း မဟုတ်ကြောင်း ပြောသည်။
ရဲမှူး ဦးသန်းဦးက “ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒီမိုကရေစီ ရဲတပ်ဖွဲ့ဖြစ်လို့ ပွင့်လင်းမြင်သာမှု တာဝန်ယူမှု တာဝန် ခံမှု သာတူ ညီမျှမှု ရှိပါတယ်။ ကိုယ့်စကားကို ကိုယ်တာဝန်ယူရတာဖြစ်လို့ စစ်တပ်တို့ အစိုးရတို့ရဲ့ ညွှန်ကြားချက် မရှိပါဘူး။ ဥပဒေရဲ့ ညွှန်ကြားချက်ပဲ ရှိပါတယ်”ဟုပြောသည်။
ကချင်ပြည်နယ် တနိုင်းမြိုနယ် အောင်လော့ဒ်ကျေးရွာမှ ဒေသခံ ၂၀၀၀ ခန့်မှာ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မ တော် (KIA) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဧပြီလ ၁၁ရက်က ဘေးလွတ်ရာ တောတွင်းသို့ ထွက်ပြေးနေကြရာ ယနေ့တိုင် ပိတ်မိပြီး လွတ်မြောက်ခြင်း မရှိသေးပါ။
ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဘာသာရေးဆရာများ နှင့် ကချင်အရပ်ဘက်အဖွဲ့အစည်းများက ပြည်နယ် ဝန်ကြီးချုပ်ထံ စာပို့ တောင်းဆိုထားသော်လည်း ကယ်ထုတ်နိုင်ခြင်း မရှိသေးပေ။
တနိုင်းမြို့အခြေစိုက် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည် ကူညီရေး ကော်မတီကလည်း ပိတ်မိနေ လူ ၂၀၀၀ ခန့်ကို ကယ်ထုတ်ခွင့်ပြုရန် တနိုင်းအခြေစိုက် တပ်မတော်တာဝန်ရှိများနှင့် ညှိနှိုင်းတောင်းဆိုမှု များ ပြုလုပ်ခဲ့သော်လည်း ပြေလည်ခြင်း မရှိကြောင်း သိရသည်။
ပိတ်မိနေသူများထဲတွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းများနှင့် အသက် ၅နှစ်အောက် ကလေးငယ်များ ပါဝင်ပြီး တောတွင်း ပိတ်မိနေသည်မှာ ရက်ကြာရှည်နေပြီ ဖြစ်သဖြင့် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ အခက်အခဲ ရှိသည်ဟု သိရသည်။
ကချင်လူထု သပိတ်စခန်း ဦးဆောင် ကော်မတီဝင် ဦးလွမ်းဇောင်းက “ကျနော်တို့ကချင်လူငယ်တွေ တောင်းဆိုနေတာ တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ ဖြစ်ပါတယ်။ ဒီအပေါ်မှာ အစိုးရက လျစ်လျူရှုပြီး တာဝန်ယူ တာဝန်ခံမှု လုံးဝမရှိတာကြောင့် ဖြစ်လာမယ့် နောက် ဆက်တွဲ ပြဿနာက နိုင်ငံတော် အစိုးရကပဲ တာဝန်ခံရလိမ့်မယ်”ဟု ပြောသည်။
ပိတ်မိနေသူများကို အစိုးရမှ အမြန်ဆုံးကယ်ထုတ်ပေးရန်၊ ကချင်လူငယ်များအနေဖြင့် ငြိမ်းချမ်းပြီး အကြမ်းမဖက်သည့် နည်းလမ်းများဖြင့် ဆက်လက် တောင်းဆိုနေမည်ဖြစ်ကြောင်း ဦးလွမ်းဇောင်းက ဆိုသည်။
ကချင်လူထု သပိတ်စခန်းဦးဆောင် ကော်မတီဝင် ဒေါ်ဆွတ်ဆိုင်းထွယ်ကလည်း ပိတ်မိနေသူများထဲ တွင် သပိတ်စခန်းဖွင့် ကာ ဆန္ဒပြနေသည့် လူငယ်များ၏ မိသားစု၊ ဆွေမျိုးများလည်း ပါဝင်ကြောင်း ပြောသည်။
“အစိုးရက သတ်မှတ်ထားတဲ့ ဥပဒေဘောင်အတိုင်း ကျမတို့ တင်တယ်။ လုပ်ခွင့်ရပြီဆိုတဲ့ အချိန်မှာ ပိတ်ပင်တယ်။ အစိုးရက အကြောင်းမဲ့ ပိတ်ပင်တယ်။ အကြောင်းမဲ့ ပိတ်ပင်တာ ပိတ်မိနေတဲ့ ကျမတို့ လူမျိုးတွေကိုရည်ရွယ်ချက် ရှိရှိ ပိတ်ပင်တာလို့ ကျမတို့ တွေးတယ်။ ကျမတို့ အောင်မြင်မှု ရဖို့ နေရာကို ရွှေ့ခဲ့ရပါတယ်”ဟု ပြောသည်။
တားမြစ်ခံရသည့် ဆန္ဒပြလူငယ် ၁၆၀ ဦး ခန့်မှာ မနေ့ ညပိုင်းက မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်ရှိ ကချင်ရိုးရာ မနောကွင်းတွင် စုစည်းကာ အိမ်မပြန်ပဲ ကနဦးသဘောထားအတိုင်း တိုက်ပွဲအတွင်း ပိတ်မိ ပြည်သူများ လွတ်မြောက်မှသာ သပိတ် စခန်းပိတ်သိမ်းမည်ဟုဆိုသည်။
ယနေ့ မနက်ပိုင်းတွင်လည်း စစ်ဘေးရှောင်ဒုက္ခသည်များ လွတ်မြောက်စေရန် ရည်ရွယ်ပြီး ခရစ်ယာန် ဘာသာအရ ဆုတောင်းဝတ်ပြုခြင်းများ ပြုလုပ်ခဲ့သည်။
ကချင်လူထု သပိတ်စခန်းဦးဆောင် ကော်မတီဝင် ဒေါ်နန်ပူက “အစိုးရတွေအနေနဲ့ ပိတ်မိတဲ့ ပြည်သူ တွေ လွတ်မြောက်အောင် တပ်မတော်ကို ပြောတာ ဘာအသံမှ မထွက်လာဘူး။ အစိုးရဖြစ်အောင် မဲပေးထားတဲ့ ပြည်သူတွေ ဒုက္ခရောက်နေတာကို အသံပိတ်ထားခြင်း မလုပ်ပါနဲ့” ဟု ပြောသည်။
ဧပြီလ ၁၁ရက်နေ့မှ ယနေ့တိုင် စားနပ်ရိက္ခာ ပြတ်တောက်ကာ နေရာထိုင်ခင်းမရှိဘဲ တောတွင်း ပိတ်မိ နေသူများ လွတ်မြောက်ရေးကို လွှတ်တော်တွင် ဆွေးနွေးမှုများ မရှိသလို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံမှလည်း ပြောဆိုသံ မကြားရကြောင်း၊ အဖွဲ့အစည်းများမှ တောင်းဆိုစာ ပို့ သော်လည်း လျစ်လျူရှု ထားကြောင်း ဒေါ်နန်ပူက ပြော သည်။
“၂၀၀၈ (ဖွဲ့စည်းပုံ)ကို အကြောင်းပြုပြီး ငြိမ်ငြိမ်လေး နေပြီး အစိုးရလုပ်ပြီး လခထိုင်စားဖို့ မဟုတ် ဘူးဆိုတာကျမတို့ ပြောချင်တယ်။ ၂၀၀၈ ကို အကြောင်းပြုပြီး လုပ်လို့ရတဲ့ အပိုင်းတွေ အများကြီး ရှိတယ်။ ဒီနေ့ထိ မလုပ်ပေးဘူးဆိုတာ NLD က ကျမတို့ အစိုးရဖြစ်တယ်။ ကျမတို့ အရေးကို မလုပ်ပေးဘူး” ဟုလည်း သူက ပြောသည်။
လက်ရှိတွင် ကချင်လူငယ်များ၏ သပိတ်စခန်းကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ကချင်ရိုးရာ မနောကွင်း အတွင်း ဖွင့်လှစ်ကာ ဆန္ဒထုတ်ဖော်နေပြီး မြို့တွင်း ဆန္ဒထုတ်ဖော်ခွင့်စခန်း (သပိတ်စခန်း) ကို မေလ ၃ရက်တွင် ဖွင့်လှစ်ခွင့် ရရန် အတွက် ရဲတပ်ဖွဲ့ထံ ခွင့်ပြုမိန့် ပြန်တင်ထားသည်ဟု သိရ သည်။