သတင်း

မန္တလေးမြို့က Wave money ကိုယ်စားလှယ်အချို့ထံမှ ငွေခိုးထုတ်ယူခံရ

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့အတွင်းရှိ Wave money ဝန်ဆောင်မှုပေးနေသည့် ကိုယ်စားလှယ်အချို့ထံမှ ငွေခိုးထုတ်ယူမှုများ ဖြစ်ပွားနေကြောင်း ငွေခိုးထုတ်ယူခြင်းခံနေရသည့် ကာယကံရှင်ကိုယ်စားလှယ်များကိုယ်တိုင်က ဧရာဝတီသို့ ပြောဆိုကြသည်။

ယင်းသို့ဖြစ်ပွားနေခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ Wave money ကုမ္ပဏီကလည်း တာဝန်ယူဖြေရှင်းပေးမှုမရှိကြောင်း ၆၂ လမ်း၊ မင်္ဂလာလမ်းနှင့် ရတနာလမ်းကြားရှိ Angle Mobile အရောင်းဆိုင်ပိုင်ရှင် ဒေါ်အေးမြတ်သီတာထွန်း က ပြောသည်။

ဒေါ်အေးမြတ်သီတာထွန်း က “Wave money အသုံးပြုနေတဲ့ ဖုန်းထဲကနေ ဘယ်ကိုမှမလွှဲဘဲ လျော့လျော့သွားတယ်၊ အဲဒီလိုဖြစ်နေတာကို Wave money ကို ဖုန်းဆက်တဲ့ အခါ အချိန်နဲ့ တပြေးညီဆောင်ရွက်ပေးမှုမရှိခဲ့ပါဘူး၊ အခုဟာက wave money ရဲ့ လုံခြုံရေးစည်းကျိုး ပေါက်ပြီးဖြစ်ပွားရတာပါ၊ အခုလိုဖြစ်တဲ့ အပေါ်မှာ လုံခြုံမှုမရှိဘူးလို့ ခံစားရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းကဆက်၍ “ဒီနေ့ ကုမ္ပဏီကိုသွားတွေ့တော့ ရေရေရာရာတိတိကျကျ ဖြေကြားပေးခြင်းမရှိပါဘူး၊ ကုမ္ပဏီအနေနဲ့ ကိုယ့်ရဲ့အေးဂျင့်တွေ အပေါ်မှာ ဘယ်လိုတာဝန်ယူ ဖြေရှင်းပေးမလဲဆိုတာကို စောင့်ကြည့်သွားမယ်၊ ဖြေရှင်းပေးတဲ့အပေါ်မှာ မူတည်ပြီး ဆက်လက် လုပ်ဆောင်စရာ ရှိတာတွေကို လုပ်ဆောင်သွားမယ်၊ လိုအပ်လာရင်ဥပဒေကြောင်းအရပါ ရင်ဆိုင်ဖြေရှင်းသွားဖို့ရှိပါတယ်” ဟု ဆိုသည်။

ငွေခိုးထုတ်ခံရသည့် Wave money ကိုယ်စားလှယ်များ၏ ဆိုင်များ (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ)

ဖြစ်စဉ်များမှာ ဧပြီလ ၂၄ ရက်က wave money ကိုယ်စားလှယ်ဆိုင်ဖြစ်သည့် ကြုံဟော် ဖုန်းဆိုင်မှ ငွေ ၄၅၅၀၀၀ ကျပ်၊ ဧပြီ ၂၆ ရက်က Angle Mobile အရောင်းဆိုင်မှ ငွေကျပ် ၁၀ သိန်း ၊ ၂၇ ရက်က Royal Rosy ကုန်မာဆိုင်မှ ငွေ ၃၈၄၀၀၀ ကျပ်နှင့် Light 39 ဆိုင်မှ ငွေကျပ် ၇ သိန်း ခိုးယူခံရမှုများ ဖြစ်သည်။

အဆိုပါဖြစ်စဉ်မှာ အရောင်းကိုယ်စားလှယ်များထံမှ verification code အား ခိုးယူပြီး မိနစ်ပိုင်းအတွင်း အခြား wave money ကိုယ်စားလှယ်ထံမှ ငွေထုတ်ယူခံရခြင်းများ ဖြစ်ပွားခြင်းဟု သိရသည်။

Light 39 စတိုးဆိုင်ပိုင်ရှင် ကိုမိုးဟိန်း က “ဖြစ်စဉ်က ၂၇ ရက်နေ့ ည ၈နာရီလောက်မှာ ကောင်လေးတယောက်က ငွေလာသွင်းတယ်၊ သွင်းရင်းနဲ့ verification codeလို့ခေါ်တဲ့ အကောင့်ပွားတဲ့ဟာကို ရသွားတယ်ပေါ့၊ နောက်ထပ်ငွေထပ်သွင်းပြီး ကျနော်တို့ရဲ့ pin နံပတ်ကို ကြည့်သွားတယ်လို့ ထင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

“အဲဒီညပိုင်းမှာပဲ ကျနော့်တို့အကောင့်ထဲကနေ ပထမအကြိမ် ၅ သိန်းထွက်သွားတယ်၊ ဒုတိယ အနေနဲ့ နှစ်သိန်း ထွက်သွားပါတယ်၊ ၅ သိန်း ထွက်သွားသွားချင်း အမြန်ဆုံးအကောင့်ကို ပိတ်ပေးဖို့ Call Center ကို ဖုန်းဆက်တယ်၊ ဆက်နေရင်းနဲ့ပဲ နောက်ထပ် ၂ သိန်း ထပ်ထွက်သွားတယ်၊ အဲဒီလိုဖုန်းဆက်တာကို အကောင့်ပိတ်မပေးဘဲ ဝေ့လည်ကြောင်ပတ်အဖြေတွေ ပေးနေပါတယ်၊ အခုဖြစ်သွားတာက ၁ မိနစ် အတွင်းမှာပဲ ငွေ ၇ သိန်းလုံးကို ထုတ်ယူသွားတာပါ” ဟု ရှင်းပြသည်။

Verification code ခိုးယူခံရမှုနှင့် ပက်သက်၍ ၆၂ လမ်း တွတ်ပီကွေ့ရှိ Royal Rosy ကုန်မာဆိုင်မှ ကိုဝေဖြိုးအောင် က “အဲဒီနေ့က ကောင်းလေးတယောက်က cash in နှစ်သောင်းစသွင်းတယ်၊ ပိုက်ဆံသွင်းလိုက်တဲ့အခါ verification code က တန်းကျတယ်၊ အဲဒီလို verification code ကျလာရင် Password ချိန်းရမယ်ဆိုတာကို ဘယ်သူမှ အသိပေးထားတာ မျိုးမရှိဘူး”ဟု ပြောသည်။

Cash in ဆိုသည်မှာ ဆိုင်ပိုင်ရှင်အကောင့်အတွင်းမှ အခြားအကောင့်သို့ ငွေလွှဲပေးပို့ခြင်းလုပ်ဆောင်ပေးသည့် လုပ်ငန်း တခုဖြစ်သည်။

ဒေါ်အေးမြတ်သီတာထွန်း က “ဖုန်းထဲမှာ သိန်း ၃၀ ကျော်လောက်ရှိတယ်၊ ဧပြီလ ၂၆ ရက်နေ့က ကောင်လေးတယောက် cash in ၃ သောင်း သွင်းချင်တယ်ဆိုပြီး လုပ်ပေးတော့ verification code ကျလာတယ်၊ အဲဒီ Code က နောက်ထပ် အကောင့်တခုကို ပွားသုံးရမယ့် code ဖြစ်တယ်၊ cash in ထည့်ရင်းနဲ့ verification code ကိုခိုးတာ” ဟု ပြောသည်။

၎င်းက ဆက်၍ “ကျမတို့ အကောင့်တွေ ပေါက်ဖို့က အချက်သုံးချက် လိုပါတယ်၊ ဖုန်းနံပါတ်လိုတယ်၊ verification code သိရမယ်၊ Password သိရမယ်၊ အဲဒါတွေအားလုံးသိမှ အကောင့်ပွားသုံးလို့ရမှာပါ၊ အခုဖြစ်စဉ်မှာ ခိုးသူသိတာက verification code ပဲ သိတယ်၊ ဖုန်းနံပတ်နဲ့ Password တွေက ဘယ်ကနေသိတာလဲဆိုတာ မေးမြန်းစရာ စဉ်းစားစရာ အချက်ဖြစ်နေတယ်၊ အဲဒီနေ့က Call Center ကိုလည်း ဖုန်း ဆက်တယ်၊ မန်နေဂျာဖြစ်တဲ့ ဒေါ်ခိုင်မေကျော်ဆီကိုလည်း ဖုန်းဆက်တယ်၊ သူတို့က အခုဖြစ်သွားတဲ့အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိပါဘူး” ဟု ဆိုသည်။

ကိုယ်စားလှယ်များထံမှ ငွေများခိုးယူခံရမှုနှင့် ပတ်သက်ပြီး အထက်မြန်မာပြည် wave money ကုမ္ပဏီမှ တာဝန်ရှိသူများထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading