မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ခွဲစိတ်ပါရဂူ ဒုတိယ ဗိုလ်မှူးကြီး မိုးမြတ်အောင် အား စကေဘာဖြင့် ထိုးခဲ့သော ဆိုင်ကယ်စီးသမား ၇ ဦးကို အမြန်ဆုံး ဖမ်းမိရေးအတွက် ရဲတပ်ဖွဲ့အနေဖြင့် လိုက်လံစုံစမ်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဉာဏ က “တရားခံအစစ်အမှန် ဖမ်းဆီးရမိရေးကို စုံစမ်းဆေးနေဆဲပါ၊ မှုခင်းဖြစ်ပွားတဲ့နေရာက လူသွားလူလာကျဲတဲ့နေရာဖြစ်တဲ့ အ ပြင် ညပိုင်းအချိန်မှာဖြစ်တာ၊ လမ်းမီးကလည်း မရှိ မှောင်ရိပ်ကျတဲ့နေရာလည်းဖြစ်ဆိုတော့ စုံစမ်းစစ်ဆေးရာမှာ အခက် အခဲတော့ ရှိပါတယ်၊ ဒါပေမယ့်တရားခံတွေကို အမြန်ဆုံးဖမ်းဆီးရမိအောင်တော့ ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ဧပြီ ၂၅ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်သည် အနီးစခန်း ရှိ ပါမောက္ခချုပ် ဆရာတော်ကြီး၏ ဓမ္မသဟာယ သာသနစင်တာမှ ရပ်ကွက်ကြီး ၉ ရှိ ၎င်း၏နေအိမ်သို့ မော်တော်ယာဉ်နှင့် ပြန်လာစဉ် ရပ်ကွက်ကြီး ၅ အစိုးရ ဧည့်ဂေဟာလမ်း၊ ဧည့်ဂေဟာ ဂိတ်အနီးသို့ အရောက် လမ်းပေါ်၌ ဆိုင်ကယ် ၄ စီးဖြင့် အမျိုးသား ၇ ဦးသည် ဆိုင်ကယ် စတန့်ပြုလုပ်၍ မောင်းနှင် နေကြောင်းတွေ့ရှိရသဖြင့် ရှောင်တိမ်း မောင်းနှင်စဉ် ဆိုင်ကယ် စတန့်ပြုလုပ်နေသည့် ဆိုင်ကယ် ၁ စီးဖြင့် မတော်တဆပွတ်တိုက်မှု ဖြစ်ပွားခဲ့သည်။
ထို့သို့ပွတ်တိုက်မှုဖြစ်ပွားပြီးနောက် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်က မော်တော်ယာဉ်အား ရပ်တန့်ပြီး လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးရန် ယာဉ်ပေါ်မှဆင်း၍ မေးမြန်းစဉ် ဆိုင်ကယ်စီးနင်းသူများအနက် ၃ ဦးမှ ဒုတိယ ဗိုလ်မှူးကြီး မိုးမြတ်အောင်အား ချုပ်ကိုင်၍ ၁ ဦးမှ ဝမ်းဗိုက်အား စကေဘာဖြင့်ထိုးခဲ့သဖြင့် ဒုတိယဗိုလ်မှူးကြီး မိုးမြတ် အောင်မှာ ပြင်းထန်စွာထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဟု သိရသည်။
ရဲမှူး ဉာဏ က “မှုခင်းဖြစ်ပွားပြီး တရားခံတွေက ထွက်ပြေးသွားကြတယ်၊ ဒါကြောင့် သံသယရှိသူတွေရဲ့ပုံကို ဒုဗိုလ်မှူးကြီး မိုးမြတ်အောင် ကိုပြပြီး မေးကြည့်တယ်၊ ဖြစ်သွားတဲ့နေရာက မှောင်ပြီး လူပြတ်တဲ့နေရာဖြစ်နေတော့ ကာယကံရှင်ကိုယ်တိုင်က မမှတ်မိဘူး ဖြစ်နေပါတယ်၊ တရားခံတွေကို ဖမ်းဆီးရမိဖို့အတွက် ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင် နေပါတယ်” ဟု ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံကြီးတွင် အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ယခုအခါ စိုးရိမ်ရသည့် အနေအထားမရှိတော့ဘဲ သက်သာ လာပြီဖြစ်ကြောင်း သိရသည်။
“ဒဏ်ရာက ပြင်းတော့ တပ်မတော်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသမှုတွေ လုပ်ခဲ့ရတယ်၊ အခုတော့ သက်သာလာပါပြီ၊ သက်သာလာပါပြီ၊ လူနာကတော့ ဆေးရုံမှာပဲ ရှိပါသေးတယ်၊ စိုးရိမ်စရာ အခြေအနေမျိုး မရှိတော့ပါဘူး” ဟု ရဲမှူးဉာဏက ဆက်လက်ပြောဆိုသည်။
အဆိုပါဖြစ်စဉ်အပေါ် စကေဘာဖြင့်ထိုးခဲ့သည့် ဆိုင်ကယ်စတန့် အမည်မသိ အမျိုးသား ၇ ဦးအား ပြင်ဦးလွင်မြို့မ ရဲစခန်း တွင် (ပ)၁၂၇/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆/၁၁၄ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။