ကျိုက်ထီးရိုး ရသေ့တောင်ရှိ ပုညတောင်ဘုန်းကြီးကျောင်းမှ သံဃာတော် ဉူးနာယကသည် ကိုရင်ခုနှစ်ပါးကို ဒဏ်ရာရရှိသည့်အထိ ရိုက်နှက်ဆုံးမခဲ့သဖြင့် ကင်မွန်းချောင်း နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂ ခုနှစ်ဖြင့် အမှုဖွင့်ခံထားရပြီးနောက် ကလေးများကို သင်္ကန်းဝတ် အလှူခံခိုင်းသည့်ကိစ္စဖြင့် ဧပြီ ၃၀ ရက်တွင် ကျိုက်ထိုမြို့နယ်တရားရုံး၌ ဘာသာ သာသနာဆိုင်ရာဥပဒေဖြင့် ထပ်မံတရားစွဲဆိုခံထားရကြောင်း သက်ဆိုင်ရာဌာနများမှ စုံစမ်းသိရှိရသည်။
ကိုရင်ခုနှစ်ပါးကို သံဃာတော် ဉူးနာယကမှ အရှည်နှစ်ပေခွဲ၊ အနံ နှစ်လက်မခွဲရှိ ပျဉ်ပြားဖြင့် ရိုက်နှက်ခဲ့သဖြင့် ကိုရင်လေးများ၏ တင်ပါးတွင် ပွန်းရှ၊ ဖူးရောင်ဒဏ်ရာများရရှိခဲ့ကြပြီး ကိုရင်ကုသလမှာ ယင်းဒဏ်ရာများအပြင် ဦးခေါင်းဝဲဘက် သုံးချက်ချုပ်၊ ဦးခေါင်းထိပ် လေးချက်ချုပ်ဒဏ်ရာများ ရရှိခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍လည်း ကိုရင်များကို နာကျင်ဒဏ်ရာများ ရရှိအောင် ရိုက်နှက်ဆုံးမသော ပုညတောင် ဘုန်းကြီးကျောင်းမှ သံဃာတော် ဉူးနာယကကို ကင်းမွန်းချောင်းနယ်မြေရဲစခန်းတွင် (ပ) ၆၆/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၃/၃၂၅ အရ အမှုဖွင့် အရေးယူထားကြောင်း ရဲစခန်းမှူး ဇော်မင်းဦးက ဆိုသည်။
ကိုရင် ၇ ပါးကို ရိုက်နှက်ဆုံးမမှုနှင့် ပတ်သက်၍ ကျိုက်ထိုမြို့နယ် သံဃနာယကဆရာများအဖွဲ့နှင့် စည်းကမ်း ထိန်းသိမ်းရေး ဆရာတော်များ ရှေ့မှောက်က စစ်ဆေးမှုများပြုလုပ်ခဲ့ရာ သံဃာတော် ဉူးနာယက (ခ) နိုင်လင်းဆွေ (လူအမည်) က ကလေးများအား သင်္ကန်းဝတ်စေ၍ အလှူခံခိုင်းကာ ရရှိလာသော ငွေများကို ကလေးမိဘနှင့်အတူ ယင်းသံဃာတော်က အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကျိုက်ထိုမြို့နယ် သံဃနာယက ဆရာတော်များအဖွဲ့၏ ညွှန်ကြားချက်အရ ဘာသာ သာသနာဆိုင်ရာဥပဒေဖြင့် မြို့နယ်သာသနာရေးဦးစီးမှူးက မြို့နယ်တရားရုံးထံ တရားစွဲဆိုရန် ဦးတိုက် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် ရဲစခန်းမှူး ဇော်မင်းဦးက ဆိုသည်။
“ကျိုက်ထီးရိုးတောင်ပေါ်မှာ ကိုရင်လေးတွေမွေးပြီး အလှူခံခိုင်း၊ ရလာတဲ့ပိုက်ဆံစုပြီး မိဘလည်းပေး သူလည်းသုံးဆိုတဲ့ ပုံစံမျိုးဖြစ်တဲ့အတွက် ဘာသာသာသနာကို ခုတုံးလုပ်ပြီး အလှူခံတယ်”ဟု ကျိုက်ထိုမြို့နယ် သာသနာရေး ဦးစီးမှူး ဦးဝေနိုင်က ပြောသည်။
ဧပြီ ၂၆ ရက်နေ့က အရိုက်ခံရခဲ့ရသော ကိုရင်ခုနှစ်ပါးမှာ ကိုရင်ပညာသီရိ (ခ) မောင်ခန့်မင်းသူ (၁၃ နှစ်)၊ ကိုရင်တေဇ (ခ) မောင်ထွန်းထွန်း (၁၀ နှစ်)၊ ကိုရင်ဝေပုလ္လ (ခ) မောင်ကိုဝေ (၁၁ နှစ်)၊ ကိုရင်သုန္ဒရ (ခ) မောင်ပြည့်စုံ (၁၃ နှစ်)၊ ကိုရင်သောဘိတ (ခ) မောင်ချစ်ဦး (၁၂ နှစ်)၊ ကိုရင်သာသနာ (ခ) မောင်ချစ်ပိုင်ဦး (၁၁ နှစ်)၊ ကိုရင်ကုသလ (ခ) မောင်ချစ်ငယ် (၇ နှစ်) တို့ဖြစ်သည်။
မောင်ချစ်ဦး၊ မောင်ချစ်ပိုင်ဦးနှင့် မောင်ချစ်ငယ်တို့ ညီအကို ၃ ဦးကို ၎င်းတို့မိခင်ဖြစ်သူ ဒေါ်သန်းအေးက စီးပွားရေး အကျပ်အတည်းကြောင့် ကျိုက်ထီးရိုးပတ်ဝန်းကျင်တွင် အလှူခံရန်နှင့် ဘုန်းကြီးကျောင်းတွင် ပညာသင်ကြားရန် ပုညတောင်ဘုန်းကြီးကျောင်းမှ သံဃာတော် ဉူးနာယကထံ လွန်ခဲ့သော ၈ လခန့်က သဘောတူစွာဖြင့် အပ်နှံစေခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။
ထိုကိုရင်သုံးပါးအပ်နှံထားမှုအတွက် ၁၀ ရက်လျှင်တစ်ကြိမ် ငွေ ၃၅၀၀၀ ကျပ်ကို ဒေါ်သန်းအေးမှ ရရှိကြောင်း ယင်းမှတ်တမ်းတွင် ပါရှိသည်။
“မြို့နယ် သံဃနာယက အရှေ့မှာ စစ်လိုက်တဲ့အခါ စစ်ဆေးပေါ်ပေါက်အချက်အရ ဒီကိုယ်တော်လေးဟာ စာသင်ပေးမယ်၊ ထောက်ပံ့ပေးမယ် ဆိုပြီးတော့မှ ခေါ်သွားတယ်၊ မိဘတွေကလည်း ကျေနပ်ပြီးတော့ ထည့်ပေးလိုက်တယ်၊ စာတော့သင်ပေးပါတယ်၊ အလှူခံခိုင်းတယ်၊ ရတဲ့ဥစ္စာတွေကို စုထားပြီးတော့ မိဘတွေဆီလွှဲပေးတယ်၊ သူလည်းသုံးတဲ့ သဘောရှိတယ်”ဟု ဦးဝေနိုင်က ရှင်းပြသည်။
သံဃာတော် ဉူးနာယကထံ ကိုရင်မိဘဖြစ်သူက အိမ်ပြင်ရန်အတွက် ငွေငါးသိန်းကျပ် တောင်းခံခဲ့မှုများလည်း ရှိခဲ့ပြီး ဉူးနာယကမှ ငွေငါးသိန်း မရှိကြောင်း ပြောဆိုကာ ငွေသုံးသိန်းကျပ်ကို ကိုရင်လေးများ၏ မိဘဖြစ်သူထံ လွှဲပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ကိုရင်လေးခုနှစ်ပါးကို လူဝတ်လဲစေ၍ သက်ဆိုင်ရာ မိအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံရန် သံဃနာယကဆရာတော်အဖွဲ့က ညွှန်ကြားခဲ့ကြောင်း သိရသည်။